Share this

သတ္တမနေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ် (၂၆.၁.၂၀၁၈)

Wednesday, February 28, 2018 - 11:30
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးသတ္တမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

ပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး

သတ္တမနေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ် 

 

၁၃၇၉ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက်

( ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် )

[သောကြာနေ့]

 

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ၂၀၁၈ ခုနှစ်၊  ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဥ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည် - 

(က)ဦးဥက္ကာမင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ တနင်္သာရီ      တိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ ကတန်ကျွန်းပတ်လမ်း (၄၄ မိုင် ၅ ဖာလုံ)အနက်မှ ကတ္တရာလမ်းခင်းပြီး ကျန်ရှိသော ကျောက်ခင်းလမ်းပိုင်း (၂၁မိုင် ၁ ဖာလုံ)ကို ၁၈ ပေ အကျယ်ကွန်ကရစ်လမ်း ပြုလုပ်ဆောင်ရွက်ပေးရန်နှင့် ကျွန်းစုမြို့၏ တစ်လမ်းတည်းသာရှိသော အဓိကလမ်းမကြီး  တစ်မိုင်အား မြို့နယ်စည်ပင် သာယာရေးထံမှ လွှဲပြောင်းရယူကာ  (ပေ ၁၀၀)လမ်းအဖြစ် တိုးချဲ့ ပြင်ဆင်ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဥ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေကျပ်(၄၇၃.၇၅၀)သန်း ဖြင့်(၁/၄)မိုင်အရှည်   ကျောက်လမ်းအား(၁၈)ပေအကျယ် ကတ္တရာလမ်းသစ်ခင်းခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါသဖြင့် ယခု ဘဏ္ဍာနှစ်အကုန်တွင် ကတ္တရာလမ်း (၂၃)မိုင် (၆)ဖာလုံခင်းပြီးြဖစ်ကာ ကျောက်လမ်းမှာ (၂၀)မိုင် (၇)ဖာလုံ ကျန်ရှိမှာ ဖြစ်ပါကြောင်း၊ ကျန်ရှိတဲ့ကျောက်ခင်းလမ်းပိုင်း(၂၀)မိုင်(၇)ဖာလုံအတွက်၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်၍ ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးရန်ပုံငွေ တင်ပြတောင်းခံသွားမှာဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

( ခ )ဦးမျိုးဝင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ မွန်ပြည်နယ်၊ ရေးမြို့နှင့်ကျောင်းရွာ ကျေးရွာအကြား ဆက်သွယ်ထားသည့် ကတ္တရာလမ်းကို ပြင်ဆင် ထိန်းသိမ်းပေးရန်  အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဥ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ရေး - ကျောင်းရွာလမ်း အရှည်(၈)မိုင်အနက် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် အရှည်(၇)မိုင် (၆)ဖာလုံ လမ်းပိုင်းသည် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ရမည့် ဧရိယာအတွင်းရှိ ကျုံးလောင်း ရွာသစ်အပိုင်း (၂)ဖာလုံ၏ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအား ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်အတွင်း အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း  ရှင်းလင်းဖြေကြားပါသည်။ 

( ဂ )ဦးကျော်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ - ဒလ - တွံတေး - ကော့မှူး - ကွမ်းခြံကုန်း - ဒေးဒရဲ လမ်းပိုင်းကို BOT စနစ်ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဇေကမ္ဘာ ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်ပါ အချက်အလက်များအတိုင်း ဆောင်ရွက်ထားမှု  မရှိသည့်ကိစ္စ  မေးခွန်း နှင့်စပ်လျဥ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဦးကျော်လင်း က ကုမ္ပဏီ၏ ဆောင်ရွက်ချက်နှင့်ပတ်သက်၍ ပြည်သူများက မလိုလားဘူးဆိုလျှင် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများမှ အားကိုးသော ပြည်သူ့ ကိုယ်စားလှယ်များနှင့်အတူ ပူးပေါင်းပြီးတော့ အရေးယူဆောင်ရွက်သွားမှာ       ဖြစ်ကြောင်း၊ မည်သို့သော အခြေအနေမျိုးမှာမဆို ပြည်သူတွေကိုသာ မျက်မှောက်ပြု အဓိက အလေးထားဆောင်ရွက်သွားရမှာ ဖြစ်သည့်အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ကော့မှူး၊ ကွမ်းခြံကုန်းနှင့် ဒေးဒရဲမြို့တွင်ရှိသော ကိုယ်စား လှယ်ကြီးများနှင့်အတူ ပူးပေါင်း၍ ပြည်သူများကျေနပ်သည့် လမ်းများဖြစ်သည် အထိ ဇေကမ္ဘာကုမ္ပဏီကို အတူတကွ        ပူးပေါင်းကြပ်မတ် ဆောင်ရွက်သွားမှာ ဖြစ်ပါ ကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဥပဒေကြမ်း(၂)ခု ဆွေးနွေးခြင်းနှင့် ဆုံးြဖတ်ခြင်း

၃။ စက်မှုဒီဇိုင်း မူပိုင်ခွင့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၂)ဦးက ဆွေးနွေးပါသည်။ 

၄။ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၄)ဦး က ဆွေးနွေးပါသည်။

၅။အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က လွှတ်တော်ကိုယ်စားလှယ်များ၏ ဥပဒေကြမ်း(၂)ခု ဆွေးနွေးချက်များနှင့်စပ်လျဉ်၍ ဥပဒေကြမ်းကော်မတီ က  ပြန်လည်ကြားနာဆောင်ရွက်ရန် ဆုံးဖြတ်ပါသည်။

၆။ အစည်းအဝေးကို  ၁၁း၀၅  နာရီ အချိန်တွင် ရပ်နားပါသည်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အဋ္ဌမနေ့အစည်းအဝေးကို  ၂၉-၁-၂၀၁၈ ရက်နေ့(တနင်္လာနေ့)တွင် ကျင်းပမည် ဖြစ်ကြောင်း ကြေညာပါသည်။

 

 

အမျိုးသားလွှတ်တော်