ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး
သတ္တမနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်
( ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက် )
[ဗုဒ္ဓဟူးနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -
(က)ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်၊ မြို့ပေါ်(၅)ရပ်ကွက်နေ ပြည်သူများ နေထိုင်လျက် ရှိသည့်အိမ်ရာမြေများ လယ - (၃၀-က) ရရှိရေးနှင့် မြေစာရင်းပုံစံ (၁၀၅) (၁၀၆) မြေပုံရေးဆွဲရေး၊ မြေငှား ဂရန်ရရှိရေးကိစ္စများကို မြို့နယ်ပြည်သူလူထု အဆင်ပြေစေရေးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် မြို့ကွက်အမှတ် (၁-က) မြို့သစ်အကွက် နှင့် (၁-ခ) ကျောက်တော် အကွက်များအား (၆၄ လက်မ ၁ မိုင်)စကေးဖြင့် မြေတိုင်းတာနိုင်ရေး စီမံဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ရပ်ကွက်တစ်ခုချင်းအလိုက် လယ(၃၀-က)လုပ်ငန်းစာတွဲများ ဖွင့်လှစ်ဆောင်ရွက်၍ လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အဆင့်ဆင့်မှ စိစစ်ဆောင်ရွက် လျက်ရှိကြောင်း၊ မြေစာရင်းပုံစံ(၁၀၅)၊ (၁၀၆)မြေပုံရေးဆွဲရေး၊ မြေငှားဂရန် ရရှိရေးကိစ္စများနှင့် မြို့ကွက်အမှတ်(၁-က)၊ မြို့သစ်အကွက်(၁-ခ)ကျောက်တော် အကွက်များကို (၆၄ လက်မ ၁ မိုင် )စကေးဖြင့် မြို့မြေတိုင်းတာ ဆောင်ရွက်နိုင်ရေးတို့အတွက် ရှိသည့်ဝန်ထမ်းအင်အားဖြင့် ဝန်ထမ်းအင်အား ခွင့်ပြုမှုအခြေအနေနှင့် ရန်ပုံငွေခွဲဝေ ရရှိမှုတို့အပေါ်မူတည်၍ လုပ်ငန်းများအား အပိုင်းလိုက်ခွဲခြား ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
( ခ )ဦးမောင်ကျော်ဇံ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အထက်ကျွဲချိုမော်အုပ်စု၊ ဒုပြင်ရှည်အုပ်စု၊ ကျွဲရိုင်းခတ် အုပ်စုအတွင်း ဆားငန်ရေ ဝင်ရောက်သည့် လယ်မြေများအတွက် ကျွဲရိုင်းခတ် ရေငန်တားတာတမံတစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ဒုပြင်ရှည်ရေငန်တားတာနှင့် ကျွဲရိုင်းခတ်ရေငန်တားတာများ တည်ဆောက်ပေးနိုင်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ရခိုင်ပြည်နယ် အစိုးရရန်ပုံငွေ တွင် ထည့်သွင်းလျာထားတောင်းခံပြီး ပြည်နယ်အတွင်း ဦးစားပေး အစီအစဉ်များအရ ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။
( ဂ )ဦးအောင်မျိုး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်အား ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းတို့ကို ဆောင်ရွက်ရာတွင် ပေးဆောင်ရမည့် မှတ်ပုံတင်ကြေး၊ တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ခ တို့ကို မည်၍မည်မျှ ပေးဆောင်ရမည်ဖြစ်ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာန သဘော တူညီချက်ဖြင့် ဦးစီးဌာနမှ အမြန်ဆုံး ထုတ်ပြန်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)အပေါ်ပြည်ထောင်စုလွှတ်တော်မှအတည်ပြုပြဋ္ဌာန်းပြီးပါက ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဃ) ဦးအောင်သိန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ၊ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ လုပ်ပိုင်ခွင့်အမိန့်စာ အမှုတွဲအမှတ် ၅၀/မလ/၉၅ - ၉၆ (ရှမ်း)အရ နှစ်ရှည်ပင် စိုက်ပျိုးလုပ်ကိုင်ခွင့် နှစ်(၃၀) ချပေးထားသော မြေပေါ်တွင် သက်တမ်းမကုန်သေးကြောင်း ဒေသအာဏာပိုင် များက သိပါလျက်နှင့် လန - ၃၉ (မြေပေးအမိန့်)စာဖြင့် မြေကွက်များ ချပေးထား ခြင်း၊ တိုးချဲ့ရပ်ကွက်သစ်ဖော်ရန်အတွက်ဟုဆိုကာ တောင်ကုန်းများဖြို၍ မြေကြီး များ သယ်ယူရောင်းစားလျက်ရှိနေသဖြင့် စိုက်ပျိုးလုပ်ကိုင်ရန် (၇)နှစ်နီးပါး ရပ်ဆိုင်းထားရပြီး မြေများလက်လွတ် ဆုံးရှုံးနေမှုတို့ကို ပြန်လည်တည့်မတ် အကာအကွယ်ပေးညွှန်ကြားရန် အစီအစဉ် ရှိ/မရှိနှင့် တာဝန်ပျက်ကွက်သူ အာဏာပိုင်ကို အရေးယူရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က မြေနေရာနှင့်ပတ်သက်ပြီး အာဏာပိုင်မေးစာချွန်တော်အမိန့် ထုတ်ဆင့်ပေးပါရန် ဒေါ်နန်းခမ်းတစ်ပ်၏ မှတ်ပုံတင်အထွေထွေကိုယ်စားလှယ်လွှဲစာရရှိသူ ဦးစိုင်းဆမ် မှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လျှောက်ထားဆောင်ရွက်လျက်ရှိသဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်အမိန့်အရသာ လိုက်နာ ဆောင်ရွက်သင့်ကြောင်း ရှင်းလင်းဖြေကြားသည်။
(င)ဒေါက်တာဝင်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ ပဲခူးတိုင်း ဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သူ/မြို့သားများ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့ပြီး ယခု ပျက်စီးယိုယွင်းနေသော ထွန်းရွှေဝါခန်းမကြီးအား ပြုပြင်ရန်နှင့် အေးမြသာယာကျေးရွာအုပ်စုပိုင်အဖြစ် စည်ပင်သာယာမှ ပြန်လည် လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/မရှိနှင့် မရှိပါက ပျက်စီးယိုယွင်းနေသော ယင်းခန်းမကြီးအား အမြန်ဆုံး ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင်၊ ဦးညီထွန်း က အဆိုပါခန်းမအား အုတ်ဖို မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်အဖြစ်သာ ဆက်လက်ထားရှိ၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ခန်းမပြုပြင်ခြင်းလုပ်ငန်းများဖြစ်သော သွပ်အမိုးပြင်ဆင်ခြင်းလုပ်ငန်း၊ မျက်နှာကြက်တပ်ဆင်ခြင်းလုပ်ငန်းနှင့် ကွန်ကရစ်ကြမ်းခင်း ပြင်ဆင်ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အေးမြသာယာကျေးရွာ အုပ်စုပိုင်အဖြစ် ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ် မရှိသေးကြောင်း ဖြေကြားသည်။
(စ)ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တရားရုံးသို့ လမ်းမကြီးမှဝင်ရန် တူးမြောင်းဖြတ်ကျော် တံတားသည် (၅)ပေအကျယ်၊ အလျား(၁၅)ပေ ရှိသည့် သစ်ခွဲသားငယ်တိုင်များ၊ ယက်မ များ၊ ဆင့်များဖြင့် ဝါးကတ်များခင်း၍ ဆောက်လုပ်ထားသည့် တံတားဖြစ်သဖြင့် မော်တော်ယာဉ်ကဲ့သို့ လေးလံသည့် သက်သေခံပစ္စည်းများကို တရားရုံးဝင်းထဲသို့ သွင်းရန်၊ ရုံးဝင်းထဲမှ ပြန်ထုတ်ရန်၊ လုံးဝသုံးမရပါသောကြောင့် လုပ်ငန်း လိုအပ်ချက်အရ မဖြစ်မနေ အလျင်အမြန် လိုအပ်နေသည့် လေးလံသော သက်သေခံပစ္စည်းများ သွင်း/ထုတ်နိုင်မည့် ခိုင်ခန့်သော အဝင်/အထွက် တံတား (၂)စင်း ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင်၊ ဦးညီထွန်း က သက်ဆိုင်ရာဌာနအနေဖြင့် နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲခွင့်တောင်းခံရန် အခက်အခဲရှိသဖြင့် မွန်ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။
ဥပဒေကြမ်းဆွေးနွေးခြင်း
၃။ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၄)ဦးက ဆွေးနွေး သည်။
၄။ အစည်းအဝေးကို ၁၁၂၀ နာရီအချိန်တွင် ရပ်နားပြီး အဋ္ဌမနေ့ အစည်းအဝေးကို ၃၀-၁၁-၂၀၁၈ ရက်နေ့ (သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်