ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး
အဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၀ ပြည့်နှစ်၊ နယုန်လဆန်း ၁၅ ရက်
( ၂၀၁၈ ခုနှစ်၊ မေလ ၂၉ ရက် )
[ အင်္ဂါနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၂၀၁၈ ခုနှစ်၊ မေလ ၂၉ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-
(က) ဦးမင်းနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ စစ်ကိုင်း တိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော လေရှီးမြို့နယ်၊ လဟယ်မြို့နယ်၊ နန်းယွန်းမြို့နယ်များတွင် နွားနောမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က နွားနောက် မွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှ မွေးမြူမှုနည်းပညာများ ဖြန့်ဖြူးပေးခြင်း၊ မျိုးကောင်းမျိုးသန့်များ ထိန်းသိမ်းခြင်းနှင့်မျိုးပွားမှုဆိုင်ရာလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျန်းမာရေး စောင့်ရှောက် မှုပေးခြင်းနှင့် ထုတ်လုပ်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ကူညီဆောင်ရွက်ပေးမည် ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း လိုအပ်မည့် ငွေကြေးအရင်းအမြစ် ရရှိရေးအတွက် နွားနောက်မွေးမြူရေးလုပ်ငန်း ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအတွက် နှစ်ဆင့်ခံချေးငွေ (Two Step Loan) ရရှိရေးကိုလည်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
(ခ) ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ မကွေးတိုင်း ဒေသကြီး၊ စလင်းမြို့နယ်၊ ဇရပ်လှကျေးရွာအုပ်စု ကြိမ်မြောင်းကျေးရွာရှိ မကွေးစက်မှု(၂) တိုင်းရုံးနှင့် နယ်သာလန်နိုင်ငံအလှူရှင်တို့ ပူးပေါင်း ဆောင်ရွက်ပေးခဲ့သော စက်ရေတွင်း နှင့်စင်မြင့်ရေစင်တို့ကို ပြန်လည် ပြုပြင်လျက် သောက်သုံးရေဖြန့်ဝေပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ကြိမ်မြောင်းကျေးရွာ မိုနိုပန့်စက်ရေတွင်း အား ပြန်လည် အသုံးပြုနိုင်ရန်အတွက် စက်ရေတွင်းအတွင်းပိုင်းအား Bore Hole Camera ဖြင့်စစ်ဆေးခြင်း၊ Well Developing လုပ်ငန်းဆောင်ရွက်ခြင်း၊ စက်ရေတွင်း ကောင်းမွန်ပါက ရေမြှုပ်ပန့်လဲလှယ်တပ်ဆင်နိုင်ရေး ဆောင်ရွက်ခြင်းနှင့် စင်မြင့်ရေစင် အခြေအနေကောင်းမွန်မှုရှိ/မရှိ စစ်ဆေး ခြင်းတို့ကို ဆောင်ရွက်သွားရန်ရှိပြီး ယခုကဲ့သို့ ဆောင်ရွက်သွားနိုင်ရေး အတွက် ဝန်ကြီးဌာန၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးပြီး တွင်းပြင်ဆင် ရနိုင်မှု အခြေအနေရှိပါက လိုအပ်မည့်ဘဏ္ဍာရန်ပုံငွေအတွက် အနီးစပ်ဆုံးဘဏ္ဍာရေး နှစ်တွင် တင်ပြတောင်းခံ၍ ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဦးစားပေး အစီအစဉ်ဖြင့် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
(ဂ) ဦးအောင်မျိုး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပြဋ္ဌာန်းခြင်းမတိုင်မီအချိန်က တည်ဆဲဥပဒေအရ လုပ်ငန်း ဆောင်ရွက်ခဲ့ကြသည့် ငါး၊ ပုစွန်၊ မွေးမြူရေးကန်များအား ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေနှင့်အညီ တရားဝင်လုပ်ပိုင်ခွင့်ရရှိရေး အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက် ပေးပြီး ငါး၊ ပုစွန် မွေးမြူရေးကန်များကို အာမခံပစ္စည်းအဖြစ်သတ်မှတ်၍ လိုအပ် သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘဏ်ချေးငွေများရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပြဋ္ဌာန်းခြင်းမတိုင်မီ လုပ်ငန်းဆောင်ရွက် ခဲ့သည့် ငါး၊ ပုစွန် မွေးမြူရေးကန်များအား မွေးမြူလုပ်ကိုင်သူများမှ ငါး၊ ပုစွန်မွေးမြူရန် အခြားနည်းအသုံးပြုခွင့် လျှောက် ထားလာပါက ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေ ၊ နည်းဥပဒေ၊ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်သွားရန်ဖြစ်ပြီး ငါး၊ ပုစွန် မွေးမြူရေးကန်များကို အာမခံပစ္စည်းအဖြစ် သတ်မှတ်၍ လိုအပ်သောရင်းနှီးမြှပ်နှံမှုဆိုင်ရာ ဘဏ်ချေးငွေများရရှိရေးဆောင်ရွက်ရန် ကိစ္စရပ်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှလည်း လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖြေကြားသည်။
အဆိုဆွေးနွေးခြင်း
၃။ ဦးလှဆန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ နိုင်ငံသူနိုင်ငံသားများ ဘေးကင်းလုံခြုံသော စားနပ်ရိက္ခာ များ ဖူလုံစွာရရှိစေရေး အတွက် ကျေးလက်နေ တောင်သူလယ်သမား များအား ပြည်ထောင်စုအစိုးရမှ အသိပညာ၊ နည်းပညာ များ အထောက်အပံ့ အကူအညီပေးပြီး G.A.P စနစ် (Good Agriculture Practice)နည်းစနစ်ဖြင့် တစ်နိုင်ငံလုံး စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်း ကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်(၆)ဦးက ဆွေးနွေးသည်။
၄။ အစည်းအဝေးကို ၁၁၁၃ နာရီအချိန်တွင် ရပ်နားပြီး နဝမနေ့ အစည်းအဝေးကို ၃၀-၅-၂၀၁၈ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်