ြပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး
အဋ္ဌမနေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်
၁၃၇၉ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက်
( ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက် )
[တနင်္လာနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဥ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည် -
(က)နော်လှလှစိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် ကတိကဝတ်များအား အကောင်အထည်ဖော်ရန်နှင့် မြန်မာနိုင်ငံ၏ ကလေးသူငယ် အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန် မြို့နယ်အဆင့် ကလေးသူငယ်ဆိုင်ရာ ကော်မတီများကို ပြန်လည်ဖဲွ့စည်း၍ လက်တွေ့ အကောင်အထည်ဖော်ရန် အစီအစဉ် ရှိမရှိ မေးခွန်းနှင့် စပ်လျဥ်း၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အသစ်ရေးဆွဲထားသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (မူကြမ်း) အား အတည်ပြုပြီးပါက ကော်မတီဖွဲ့စည်းပုံအဆင့်ဆင့်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်း သွားမည်ြဖစ်ပြီး လူမှုရေးအဖွဲ့အစည်းများနှင့် အခြားစိတ်ပါဝင်စားသူများကိုလည်း ထည့်သွင်းဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
( ခ )ဒေါ်အိအိပြုံး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေအရ မသန်စွမ်းသူများအတွက် ဥပဒေ၏ အကာအကွယ်ကို ပြည့်ဝစွာရရှိရန်နှင့် သီးသန့်ရန်ပုံငွေတစ်ရပ် ထူေထာင်ပြီး ထောက်ပံ့ကူညီ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဥ်း၍ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေပါ ပြဋ္ဌာန်း ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်မည့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းပြီးဖြစ်ပါသဖြင့် မသန်စွမ်း သူများအတွက် သီးသန့်ရန်ပုံငွေ ထူထောင်ပြီးပါက ၎င်းတို့အတွက် အခွင့်အရေး အပြည့်အဝ ရရှိရေး ပိုမိုပံ့ပိုးဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်ပါကြောင်း ဖြေကြား ပါသည်။
( ဂ )ဦးကျော်နီနိုင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ကိုးကန့်တိုင်းရင်းသားများနှင့် သက်ဆိုင်သည့် “ကိုးကန့်အမျိုးသားနေ့” ကို တရားဝင် အသိအမှတ်ပြု သတ်မှတ်ပေးနိုင်မည့် အစီအစဉ်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဥ်း၍ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် က ကိုးကန့်အမျိုးသားနေ့ကို မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကိုးကန့်တိုင်းရင်းသားများအားလုံးက အသိအမှတ်ပြုပြီး ကျင်းပ ဆောင်ရွက်ခြင်းကသာ သင့်တော်ပါကြောင်းနှင့် နိုင်ငံတော်က သတ်မှတ်၍ ဆောင်ရွက်ပေးရန် မလိုအပ်ပါကြောင်း ဖြေကြားပါသည်။
(ဃ) ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်၊ မင်းသားတောင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၇၇၇-အေ)၊ သာစည်တောင် ကွင်းတွင်ရှိသည့် မြေဧက (၇၃.၉၆)ဧကအား စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်)မှ ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဥ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဥ်း၍ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် က လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းပါ တပ်ဧရိယာပြင်ပ စိုက်ပျိုးမြေ (၇၃.၅၆) ဧကသည် စားကျက်မြေပယ်ဖျက်ခွင့်ပြုမိန့် ရရှိထားပြီးဖြစ်ခြင်း၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (အနောက်ပိုင်းတိုင်းစစ်ဌာချုပ်)၏ အမည်ဖြင့် မှတ်ပုံတင်ရရှိထားပြီး ဖြစ်ခြင်းနှင့် တပ်မှ နှစ်စဥ် စပါးစိုက်ပျိုးလုပ်ကိုင်လျက်ရှိခြင်းတို့ကြောင့် ပြန်လည် စွန့်လွှတ်ပေးနိုင်ခြင်းမရှိပါကြောင်းနှင့် ပိုမိုလုပ်ကိုင်လျက်ရှိသည့်(၂၄.၉၄)ဧကအား ဆက်လက်လုပ်ကိုင်ခြင်းမပြုတော့ဘဲ အစိုးရ၏စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် စားကျက်မြေ အဖြစ်သာ ထားရှိသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းြေဖကြားပါသည်။
( င ) ဦးရဲထွဋ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ ပြန်ကြားရေးဝန်ကြီး ဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနတွင် ထုတ်ဝေခြင်း အသိအမှတ်ပြု လက်မှတ် လျှောက်ထားရယူ၍ ပြည်တွင်းတွင် ထုတ်လုပ်ရောင်းချသော စာအုပ်၊ စာပေ၊ စာစောင်များ၊ နိုင်ငံတော်က သတ်မှတ်ထားသော ကုန်သွယ်မှု နည်းလမ်းများဖြင့် ပြည်ပမှ တင်သွင်းရောင်းချသော စာအုပ်၊ စာပေ၊ စာစောင်များနှင့် ဆက်နွှယ်သော ဝန်ဆောင်မှု Supply Chain တစ်ခုလုံးကို ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံခြင်းမှ ကင်းလွတ် ခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဥ်း၍ ပြန်ကြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၁၄၊ ပုဒ်မခွဲ (က)တွင် ဖော်ပြပါရှိသော ကုန်သွယ် လုပ်ငန်းခွန် မကျသင့်သော ကုန်စည်များတွင် အကျုံးဝင်ခြင်းမရှိပါသော်လည်း ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုအခွန်အကောက် ဥပဒေရေးဆွဲချိန်တွင် ပြဋ္ဌာန်းမည့် ဥပဒေကို ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုဆုံးဖြတ်ရပါသဖြင့် ကိုယ်စား လှယ်ကြီးအနေဖြင့် လွှတ်တော်တွင် စာအုပ်စာပေ၊ စာစောင်များအပေါ်မှ ကုန်သွယ် လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြဋ္ဌာန်းရရှိနိုင်ရေး ဝင်ရောက်ဆွေးနွေးဆုံးဖြတ်မှုကို ခံယူသင့်ပါကြောင်းနှင့် ကင်းလွတ်ခွင့်များပေးပါက ဘဏ္ဍာနှစ် တစ်နှစ်အတွင်း ကောက်ခံရရှိနိုင်သည့် ကျပ်သန်းပေါင်းများစွာ အခွန်ဘဏ္ဍာငွေများ ဆုံးရှုံးနိုင်ြေခ ရှိသည်ကိုလည်း ချင့်ချိန်ထည့်သွင်းဆွေးနွေးသင့်ပါကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြန်လည်ညှိနှိုင်းအကြောင်းကြားလာပါသည်။ ပြန်ကြားဝန်ကြီးဌာန အနေဖြင့် အများပြည်သူအတွက် အသိပညာဗဟုသုတ တိုးတက်စေမည့် စာအုပ် စာပေ ထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားပါကြောင်းနှင့် ယင်းအတွက် အခွန်အကောက်များ လျှော့ချပေးမည်ဆိုပါက ထောက်ခံပါကြောင်း၊ သို့သော်လည်း အခွန်ဘဏ္ဍာကိစ္စရပ်များမှာ ပြန်ကြားရေးဝန်ကြီးဌာန၏ ဆောင်ရွက်မှု နယ်ပယ်တွင် မရှိပါကြောင်းေဖြကြားပါသည်။
( စ )ဦးစောစိန်ထွန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ နိုင်ငံတော်ရှိ ရေးဆွဲ ပြဋ္ဌာန်း ထုတ်ပြန်ခဲ့သည့် ဥပဒေ၊ နည်းဥပဒေများကို ပြည်သူလူထု လွယ်လင့်တကူ လေ့လာ ဖတ်ရှုနိုင်ရေးအတွက် အခမဲ့ဖြန့်ဝေပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့် စပ်လျဥ်း၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က နိုင်ငံတော်မှ ထုတ်ပြန်သော ဥပဒေ၊ နည်းဥပဒေများအားလုံးကို ပြန်ကြားရေး ဝန်ကြီးဌာန Webportal(www.moi.gov.mm)၊ စာပေဗိမာန်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Website များတွင်လည်း ပြည်သူများ အချိန်မရွေး အခမဲ့ဖတ်ရှု နိုင်ရန် လွှင့်တင်ထားမှာဖြစ်ပြီး အခမဲ့ Download ပြုလုပ်နိုင်ရန် စီစဥ်ထားရှိ ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်ရှိ မြန်မာနိုင်ငံအဝန်း မှာရှိသော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများရှိ စာကြည့်တိုက် စုစုပေါင်း (၄၁၇)ခုမှာ ထုတ်ပြန်ပြီးြဖစ်သော ဥပဒေ၊ နည်းဥပဒေများကို တစ်စု တစ်စည်းတည်း လွယ်လင့်တကူ ဖတ်ရှုနိုင်အောင် စီစဥ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကစာကြည့်တိုက်များတွင် ဥပဒေ၊ နည်းဥပဒေစာအုပ် ထားရှိ နိုင်ရန် မျှတနိုင်သော ဘဏ္ဍာငွေပေါ်မူတည်ပြီး ပေးပို့၍ စီစဥ်ခြင်းများကိုလည်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းနှင့် ၎င်းကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် ဘဏ္ဍာငွေလျာထားတင်ပြသွားမှာဖြစ်ပါကြောင်း ပြန်လည်ြေဖကြားပါသည်။
ဥပဒေကြမ်း(၂)ခုဆွေးနွေးခြင်းနှင့် ဆုံးြဖတ်ခြင်း
၃။ တီထွင်မှု မူပိုင်ခွင့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၂)ဦးက ဆွေးနွေး ပါသည်။
၄။ စာပေနှင့်အနုပညာ မူပိုင်ခွင့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၂)ဦးက ဆွေးနွေးပါသည်။
၅။အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က လွှတ်တော်ကိုယ်စားလှယ်များ၏ ဥပဒေကြမ်း(၂)ခု ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ က ပြန်လည်ကြားနာဆောင်ရွက်ရန် ဆုံးဖြတ်ပါသည်။
၆။ အစည်းအဝေးကို ၁၁း၂၆ နာရီ အချိန်တွင် ရပ်နားပါသည်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က နဝမနေ့အစည်းအဝေးကို ၃၀-၁-၂၀၁၈ ရက်နေ့(အင်္ဂါနေ့)တွင် ကျင်းပမည် ဖြစ်ကြောင်း ကြေညာ ပါသည်။
အမျိုးသားလွှတ်တော်