ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး
အဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၀ ပြည့်နှစ်၊ ပြာသိုလပြည့်ကျော် ၁၅ ရက်
( ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက် )
[တနင်္လာနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -
(က)ဦးစောစိန်ထွန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ဒေါတမငယ် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ကို အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က အထက်တန်းပညာရပ်များကိုလည်း သင်ယူခွင့်ရရှိနေသည့် အခြေအနေတွင်ရှိနေ ခြင်း၊ သတ်မှတ်မူနှင့် ကိုက်ညီမှုမရှိခြင်းတို့ကြောင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တွင် ဦးစားပေးကျောင်းအနေဖြင့် အဆင့်တိုးမြှင့်ပေးနိုင်ခြင်း မရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။
( ခ )ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဆင်အိုးချိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာအထက်တန်းကျောင်းအဖြစ် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က အထက်တန်းပညာရပ်များကိုလည်း သင်ယူခွင့်ရရှိနေသည့် အခြေအနေတွင် ရှိနေခြင်း၊ သတ်မှတ်မူနှင့် ကိုက်ညီမှုမရှိခြင်းတို့ကြောင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ဦးစားပေးကျောင်းအနေဖြင့် အဆင့်တိုးမြှင့်ပေးနိုင်ခြင်း မရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။
( ဂ )ဦးလှဆန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ အမှတ်(၅)စက်မှုသင်တန်းကျောင်း (မကွေး)တွင် အသက် မွေးဝမ်းကျောင်းအတတ်ပညာ လက်တွေ့သင်ကြားပြသမှုအတွက် အထောက်အကူပြု မော်တော်ယာဉ်များအသုံးပြုပြီး စီမံဆောင်ရွက်သကဲ့သို့ မြန်မာနိုင်ငံအတွင်းရှိ အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်းများ၊ အစိုးရနည်းပညာ အထက်တန်းကျောင်းများတွင် အထောက်အကူပြု မော်တော်ယာဉ်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ကျောင်း(၆)ကျောင်းအတွက် သင်ထောက်ကူ မော်တော်ယာဉ် အစီး(၃၀)အား ဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံတော်သမ္မတရုံးသို့ ဆက်လက်တင်ပြ တောင်းခံခဲ့ရာ ခွင့်ပြုမိန့် ရရှိထားပြီးဖြစ်သဖြင့် ထုတ်ယူရရှိပါက သက်ဆိုင်ရာ ကျောင်းများသို့ ဆက်လက်ခွဲဝေပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
ဥပဒေကြမ်း ဆွေးနွေးခြင်း
၃။ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် (၅)ဦး က ဆွေးနွေးပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၁)ဦးက ဆွေးနွေးသည်။
၄။ အစည်းအဝေးကို ၁၁၀၉ နာရီ အချိန်တွင် ရပ်နားပြီး နဝမနေ့ အစည်းအဝေးကို ၇-၂-၂၀၁၉ ရက်နေ့ (ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်