Share this

အဋ္ဌမ‌နေ့ အစည်းအဝေး အကျဉ်းချုပ် (၃၀ - ၁၁ - ၂၀၁၈)

Friday, November 30, 2018 - 14:22
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒသမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး

အဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်

( ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက် )

[သောကြာနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် - 

(က)ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့၊ သစ်တောဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများ နေထိုင်ရန် ဝန်ထမ်းအိမ်ရာ အဆောင်သစ် (၆၀ x ၃၀) ပေ နှစ်ထပ်ဆောင် တစ်ဆောင်နှင့် မြို့နယ်ဦးစီးအရာရှိနေအိမ် (၄၀ x ၃၀) ပေ တစ်လုံးတို့ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်  စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေမှ တင်ပြသွားစေမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက ဆောက်လုပ် သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။ 

( ခ )ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ ဖာခါးသစ်တောကြိုးဝိုင်းနှင့် စပ်လျဉ်း၍ သိရှိလိုသည့် မေးခွန်းကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၂၇-၆-၂၀၁၈ ရက်စွဲပါစာဖြင့် ရှမ်းပြည်နယ်၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် ဖာခါး သစ်တောကြိုးဝိုင်းအတွင်းရှိ အိမ်ခြေ(၅၀)အောက် ပြည်ထဲရေးအမည်ပေါက်နှင့် ပြည်ထဲရေးအမည်မပေါက်သော်လည်း အခိုင်အမာတည်ရှိပြီးဖြစ်တဲ့ ကျေးရွာများအား သစ်တောမြေမှ ပယ်ဖျက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြခဲ့မှုအပေါ် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အစည်းအဝေးအမှတ်စဉ် (၁၃/၂၀၁၈)မှ “သစ်တောမြေ ပယ်ဖျက်နိုင်မည့် မြေပြင် အခြေအနေများကို အဖွဲ့စုံဖြင့် ကွင်းဆင်း၍ ဝန်ကြီးဌာနမှ ပြန်လည်စိစစ်တင်ပြသွားရန်” ဆုံးဖြတ်ထားကြောင်း ရှင်းလင်းဖြေကြားသည်။

    ( ဂ ) ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မြို့နယ်၊ သံဇစ်မြစ်အတွင်း ဖြစ်ပေါ်နေသော ရေထုညစ်ညမ်း အရောင်ပြောင်းလဲမှု ကိစ္စကြောင့် ဒေသခံပြည်သူလူထု၏ စိုးရိမ်မှုများမှာ တစ်စတစ်စမြင့်မားလာကာ ဒေသတွင်းပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်မှုများရှိလာနေသည့် သတင်းများ ထွက်ပေါ်နေသောကြောင့် သက်ဆိုင်ရာ အစိုးရ၊ ဝန်ကြီးဌာနနှင့် အစိုးရ အဖွဲ့အစည်းများအနေဖြင့် မည်သို့တုံ့ပြန်ဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်း နှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က ရေထုညစ်ညမ်းမှု ပမာဏအဆင့်တိုင်းတာရန် အတွက် ရေနမူနာများကို ASEAN Marine Water Quality Management Guidelines and Monitoring Manual ပါ နမူနာကောက်ယူမှု နည်းစနစ်များ အတိုင်း စနစ်တကျရယူ၍ အနည်းဆုံး အသိအမှတ်ပြု ဓာတ်ခွဲခန်း(၂)ခုတွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ရေရှည်ကာလလုပ်ငန်းစဉ်အဖြစ် ပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာ ထိခိုက်နိုင်မှုများအပေါ် လေ့လာဆန်းစစ်မှုများနှင့် သုတေသန ပြုမှုများ ဆောင်ရွက်ခြင်း၊ ရေအရည်အသွေးအား စဉ်ဆက်မပြတ် တိုင်းတာ စစ်ဆေးသည့်စနစ်ကို တည်ထောင်ထားရှိခြင်း၊ ပုံမှန်စောင့်ကြပ် ကြည့်ရှုစစ်ဆေး ခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

  (ဃ) ဦးကျော်ကျော်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ လင်းမြွေတောင်တန်းကြီးကို လုံးဝပျက်စီးဆုံးရှုံးသွားစေနိုင်သည့် ကျောက်မိုင်းခွဲကာ ကျောက်ထုတ်လုပ်နေမှုကို သက်ဆိုင်ရာမှ ရပ်တန့်စေပြီး နောင်တွင်လည်း ဤနေရာကို ကျောက်ထုတ်လုပ်ခြင်းမှ တားမြစ်ထားသော နယ်မြေအဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က လင်းမြွေတောင်တန်းတွင် တရားမဝင် ဓာတ်သတ္တု တူးဖော် ထုတ်လုပ်မှုများ မရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ကျောက်ထုတ် လုပ်ခွင့်မပြုရန် တားမြစ်ထားသော နယ်မြေအဖြစ် သတ်မှတ်သွားရန် သင့်/မသင့် ကိစ္စနှင့်ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ကွင်းဆင်းစိစစ်သွားမည်ဖြစ်ပြီး ၎င်းတို့၏ တင်ပြချက်များအပေါ် ရခိုင်ပြည်နယ်အစိုးရမှ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

(င)ဒေါ်စန်းစန်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲခူးရိုးမတောင်ခြေရှိ ကျေးရွာများဖြစ်သော ကင်မွန်းအင်းကျေးရွာ၊ တိုက်ကြီးစုကျေးရွာ၊ ပုဂံကွဲကျေးရွာ၊ သစ်တောကြိုးဝိုင်း အမှတ်(၅၂) အကွက်ရှိ မြေဧရိယာ ဧက(၈၀)ခန့်ပေါ်တွင် လွန်ခဲ့သော    ၂၀၀၈-၂၀၀၉ ခုနှစ် ကတည်းက တောင်သူ(၂၂)ဦးမှ ပုဂ္ဂလိက သစ်တောစိုက်ခင်းတည်ထောင်ရန် လျှောက်ထားခဲ့ရာ ခွင့်ပြုခဲ့သဖြင့် တောင်သူများသည် တောင်ယာလုပ်ငန်း လုပ်ကိုင်ခြင်း၊ ကျွန်းပင်များနှင့် လျှော်ဖြူပင်များ စိုက်ပျိုးခြင်းများ လုပ်ကိုင်လာရာ နိုင်ငံတော်ကို တစ်ဧက (၈၀၀၀)ကျပ် ပေးသွင်းခဲ့ရခြင်းများရှိခဲ့ပြီး ယခုအခါ ကျေးရွာသုံး ထင်းစိုက်ခင်းဧက(၁၅၀) ထဲတွင် ပါဝင်နေသည်ဟုဆိုကာ ဖယ်ရှား ခိုင်းနေပါသဖြင့် တောင်သူအများစုမှာ များစွာမှ နစ်နာဆုံးရှုံးမှုများအား မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် နစ်နာကြေးများပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က ကျေးရွာထင်းစိုက်ခင်း (၁၅၀)ဧက အတွင်း ကျူးကျော်ဝင်ရောက်စိုက်ပျိုးခြင်းအတွက် သစ်တောဥပဒေပုဒ်မ ၄၀(က) ဖြင့် အရေးယူဆောင်ရွက်ရန် ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ ကျောက်တံခါးမြို့နယ် ဥပဒေအရာရှိရုံးသို့ ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ သစ်တောကြိုးဝိုင်းနှင့် ကျေးရွာထင်းစိုက်ခင်းအတွင်း တရားမဝင် ကျူးကျော် ဝင်ရောက် စိုက်ပျိုးခြင်းသာဖြစ်၍ နစ်နာကြေးပေးရန် အစီအစဉ်မရှိကြောင်းနှင့် ကြိုးဝိုင်းအတွင်း ကျူးကျော်ဝင်ရောက်မှုများကို ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(စ)စောယှားဖောင်အွာ၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ “ခနောက်စိမ်း” ထုတ်လုပ်နေသည့်ကုမ္ပဏီများမှ ခွင့်ပြုချက်နှင့် စည်းကမ်းများ လိုက်နာခြင်း ရှိ/မရှိ၊ အခွန်အခများ၊ လူမှုရေးအရ တာဝန်ယူမှု ရှိ/မရှိနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနေမှုများ တားဆီး ကာကွယ်ခြင်း ရှိ/မရှိတို့ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က မှန်ကန်သည့် သတ္တုတူးဖော်မှု နည်းစနစ်များနှင့်အညီ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေးအတွက် (EMP) အစီရင်ခံစာပါအတိုင်း လိုက်နာဆောင်ရွက်ရန် ကရင်ပြည်နယ် ကိုယ်စားပြု အဖွဲ့များနှင့် ဝန်ကြီးဌာနက ဖွဲ့စည်းထားတဲ့ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များမှ ကွင်းဆင်းစစ်ဆေးမှုများ၊ အကြံပေးမှုများပြုလုပ်ပြီး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။

အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း

၃။ ဦးစိုးမိုး၊ ဧရာတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁) (ဥပဒေကြမ်းကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ၂၀၁၈ ခုနှစ်၊ လောင်းကစား ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုသည်။

၄။ ဒေါ်နွယ်နွယ်အောင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂) (ဥပဒေကြမ်းကော်မတီဝင်)က ရာဇသတ်ကြီးကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုသည်။

အဆိုတင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း

၅။ ဦးအောင်သိန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)က   ရာဇသတ်ကြီးကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုရန် အဆိုတင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ် (၁)ဦးက ထောက်ခံပြီး ဥက္ကဋ္ဌ က လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုသည်။

၆။ အစည်းအဝေးကို ၁၁၄၀ နာရီအချိန်တွင် ရပ်နားပြီး နဝမနေ့ အစည်းအဝေးကို ၄-၁၂-၂၀၁၈ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်