အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့် အဖွဲ့ဝင်များအား နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက (၃၀.၅.၂၀၁၇) ရက်နေ့ မွန်းလွဲ(၁)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-18) အပေါ်ထပ်အစည်းအဝေးခန်းမ၌ နိုင်ငံတကာရေးရာများနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို လာရောက်ဆွေးနွေးပါသည်။
ယင်းသို့ဆွေးနွေးရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ နိုင်ငံတကာတွင် မြန်မာသံရုံးများ၊ အမြဲတမ်း ကိုယ်စားလှယ်ရုံးများ၊ ကောင်စစ်ဝန်ရုံးများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတကာဆက်ဆံရေး၊ သံတမန်ရေးရာများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဒေါ်ထုမေ၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးဂျေယောဝူ၊ ဦးမောင်မောင်လတ်၊ ဦးနိုင်ကိုကို၊ ဦးစိုင်းအုန်းကျော်၊ ဦးဇော်ဟိန်း၊ ဦးဖေတင်၊ ဒေါ်နန်းမိုးမိုးထွေး၊ ဦးရှန်အောရ်၊ ဒေါက်တာဦးကြွယ်ကြွယ်၊ ဒေါက်တာဝင်းမြင့်၊ ဗိုလ်မှူးဇဝနနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။