အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၂-၆-၂၀၁၇) ရက်နေ့ (၁၀၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီရေးရာဆောင်အမှတ် (I-20) အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်း၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းဆွေက အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအဖွဲ့ဝင်များမှ ဒုတိယအကြိမ်အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် အာမခံချက်၊ ကတိနှင့် တာဝန်ခံချက်များဖြစ်ပေါ်ခဲ့သည့် မေးခွန်းနှင့်အဆိုများကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆွေးနွေးကြပါသည်။
ယင်းနောက် ဆွေးနွေးချက်များအပေါ် ကော်မတီအတွင်းရေးမှူးက ဖြည့်စွက်ဆွေးနွေးပြီး ကော်မတီဥက္ကဋ္ဌက ပြန်လည်သုံးသပ်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။