တတိယအကြိမ် အမျိုးသားလွှတ်တော်
ဒုတိယပုံမှန် အစည်းအဝေး၊ စတုတ္ထနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်)
စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၇) ဦးသိန်းလှိုင် ၏ မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်းသည့်မေးခွန်း
အထက်အကြောင်းပါကိစ္စနှင့်စပ်လျဉ်း၍ ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(၁၃)ရက်မြောက်နေ့ဖြစ်သော (၂၄-၉-၂၀၁၄) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၆) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်မှ အဆိုတင်သွင်းခဲ့သော "မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ ကိုဓဥပဒေ (Myanmar national building code)ကို ပြုစုထုတ်ဝေ၍ ကိုဓဥပဒေပြဋ္ဌာန်းချက်ပါအတိုင်း လိုက်နာကျင့်သုံးစေရေး ဆောင်ရွက်နိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို"နဲ့ ပတ်သက်၍ မေးခွန်းမေးမြန်းသွားမှာဖြစ်ပါတယ်။
ဒီအဆိုကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၄)ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ထိုစဉ်က ဆောက်လုပ်ရေးဒုဝန်ကြီး ဦးစိုးတင့်က သင့်လျှော်တဲ့အဆိုဖြစ်တဲ့အတွက် ထောက်ခံပါကြောင်း ပြန်လည်ဆွေးနွေးသွားခဲ့ပါတယ်။
ဒီအဆိုအပေါ် လွှတ်တော်ရဲ့ဆန္ဒရယူရာမှာ ထောက်ခံမဲ (၁၆၇)မဲ၊ ကြားနေမရှိ၊ ကန့်ကွက်သူမရှိနဲ့ အဆိုကို လွှတ်တော်က အတည်ပြုခဲ့ပါတယ်။
အဆောက်အအုံ ကိုဓဥပဒေကို ဖွင့်ဆိုရပါလျှင် "အဆောက်အအုံများဆိုင်ရာ စီမံအကောင်အထည်ဖော်ခြင်း နည်းစနစ်သုံးသပ်ပြောင်းလဲခြင်းနဲ့ ချို့ယွင်းမှု ပြင်ဆင်မွမ်းမံခြင်းတို့ပါဝင်သကဲ့သို့ နေထိုင်အသုံးပြုသူများနှင့်ဆက်စပ်လူ့အဖွဲ့အစည်းပတ်ဝန်းကျင်တို့၏ လုံခြုံစိတ်ချမှုကျန်းမာရေးနှင့် လူနေမှုအရည်အသွေးမြင့်မားစေရေးတို့အတွက် အချိုးညီညီ စည်းစနစ်ကျနစွာ ဖန်တီးထားမှုတို့ ဖော်ပြပါရှိသော ပြဋ္ဌာန်းချက်ပင်" ဖြစ်ပါတယ်။
အဆိုရဲ့ရည်ရွယ်ချက်ကတော့ အဆောက်အအုံဆောက်လုပ်ရာမှာ မြေငလျင်သဘာဝဘေးအန္တရာယ်ကို အထူးအလေးထားဂရုပြုကြရန်နဲ့ နိုင်ငံတော်နှင့် ပြည်သူအတွက် အဆောက်အအုံဆိုင်ရာ ကိုဓဥပဒေဟာ မည်မျှအရေးကြီးတယ်ဆိုတာ တင်ပြလိုခြင်းဖြစ်ပါတယ်။ အထပ်နိမ့်အထပ်မြင့်အဆောက်အအုံများရဲ့ ခိုင်ခန့်မှုဟာ ဟောင်းသည် သစ်သည်အပေါ်မှာ မူမတည်ဘဲ ဆောက်လုပ်ခဲ့စဉ်က လိုက်နာကျင့်သုံးရမည့် ပြဋ္ဌာန်းချက်များ Code Rule and Regulation စံချိန်စံညွှန်းများ Technical Specification Standards အတိုင်း ဆောင်ရွက်ရန် အရည်အသွေး ထိန်းသိမ်းမှုအောက်၌ ရှိမရှိ သက်တမ်းအတိုင်းအတာတစ်ခုအထိ လုပ်ငန်းအရည်အသွေးအပေါ်မှာ အာမခံမှု (QC and Quality Assurance ) တို့ဟာ အရေးကြီးလိုအပ်ချက်ဖြစ်တယ်ဆိုတာ တင်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ငလျင်ဇုန်အတွင်း ကျရောက်နေပြီး ငလျင်သဘာဝဘေးကို အမြဲဂရုပြုနေရမည့်နိုင်ငံတစ်ခုဖြစ်ပါတယ်။
အဆိုရှင် ဦးမျိုးမြင့်ဟာ အဆိုကို Slide (၁၀)ခုနဲ့ အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော်အတွက် အလွန်လိုအပ်နေတဲ့ အဆိုတစ်ခုဖြစ်တယ်ဆိုတာ မှတ်မှတ်သားသားရှိခဲ့ရပြီး အဆိုကောင်းတစ်ခုကို ပညာရှင်ရှုဒေါင့်မှ သေသေချာချာတင်ပြခဲ့လို့ အမျိုးသားလွှတ်တော်ကိုယ်စား လေးစားဂုဏ်ယူမိခဲ့ရပါတယ်။
၂၈-၃-၂၀၂၅ ရက်နေ့ စစ်ကိုင်းငလျင်ကြီးကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီးနောက်မှာ ဒီအဆိုကို ချက်ချင်းပြန်လည်သတိရမိပြီး ဒီအဆိုအတိုင်းဆောင်ရွက်ခဲ့ရင် အပျက်အစီး အသေအပျောက်နည်းနိုင်တယ်လို့ ထင်မြင်ယူဆမိခဲ့ပါတယ်။
ဒါကြောင့်မို့ ပထမအကြိမ် အမျိုးသားလွှတ်တော်အတည်ပြုခဲ့တဲ့ "မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ ကိုဓဥပဒေကို ပြုစုထုတ်ဝေ၍ ကိုဓဥပဒေပြဋ္ဌာန်းပါအတိုင်း လိုက်နာကျင့်သုံးစေရေး ဆောင်ရွက်နိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း" အဆိုအပေါ် မည်သို့ အရေးယူဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းအပ်ပါတယ်ခင်ဗျာ။
တတိယအကြိမ် အမျိုးသားလွှတ်တော်
ဒုတိယပုံမှန် အစည်းအဝေး၊ စတုတ္ထနေ့(၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်)
စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၇) ဦးသိန်းလှိုင် ၏ မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
ကျွန်တော်ကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၇) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်မှ မေးမြန်းထားတဲ့ “မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ ကိုဓဥပဒေကို ပြုစုထုတ်ဝေ၍ ကိုဓဥပဒေပြဋ္ဌာန်းချက်ပါအတိုင်း လိုက်နာကျင့်သုံးစေရေး ဆောင်ရွက်နိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုအပေါ် မည်သို့အရေးယူဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း” နှင့်စပ်လျဉ်းသည့်မေးခွန်းအား ဖြေကြားသွားမှာဖြစ်ပါတယ်။
လေးစားအပ်ပါသောဥက္ကဋ္ဌကြီးခင်ဗျား
Power Point ဖြင့် ရှင်းလင်းတင်ပြခွင့်ပြုပါခင်ဗျား။
မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ (Myanmar National Building Code)ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ UN-HABITAT၊ မြန်မာနိုင်ငံဗိသုကာအသင်း အပါအဝင်ဆက်နွယ်သည့် ဝန်ကြီးဌာနများ၊ နည်းပညာတက္ကသိုလ်များ ပူးပေါင်းပါဝင်သည့် Technical Working Group များ ဖွဲ့စည်း၍ ဝိုင်းဝန်းပြုစုခဲ့ကြရာ ၂၀၁၆ ခုနှစ်တွင် အပြီးသတ်ပြုစုနိုင်ခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ သဘောတူခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ-၂၀၁၆ (Myanmar National Building Code-2016)ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှစတင်ကာ တစ်နိုင်ငံလုံးလိုက်နာဆောင်ရွက်နိုင်ရန် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။
လေးစားအပ်သောဥက္ကဋ္ဌကြီးခင်ဗျား
တိုးတက်ပြောင်းလဲလျက်ရှိသည့် တည်ဆောက်ရေးဆိုင်ရာ ပညာရပ်များကို လေ့လာသုံးသပ်၍ (၄)နှစ်လျှင်တစ်ကြိမ် အဆင့်မြှင့်တင်ထုတ်ပြန်ခြင်းများကို ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်တွင် လိုအပ်သည်များ ပြင်ဆင်ဖြည့်စွက်၍ မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ-၂၀၂၀ (Myanmar National Building Code -2020)ကို ထုတ်ပြန် ကြေညာခဲ့ပါသည်။ ထပ်မံ၍ ၂၀၂၄ ခုနှစ်တွင် တိုးတက်ပြောင်းလဲလာသော နိုင်ငံတကာစံနှုန်းများအရ ပြင်ဆင်ဖြည့်စွက်ရန် ဆောင်ရွက်နေစဉ်ကာလအတွင်း မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့သဖြင့် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများတည်ဆောက်နိုင်ရေး လိုအပ်သည့် ပြင်ဆင်ဖြည့်စွက်မှုများကို နည်းပညာရှင်များပါဝင်သည့် Technical Working Group များ၊ မြန်မာနိုင်ငံငလျင် ကော်မတီ၊ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းတို့နှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှစတင်၍ ဖြန့်ဝေခဲ့ပြီးဖြစ်ပါတယ်။
လေးစားအပ်ပါသောဥက္ကဋ္ဌကြီးခင်ဗျား
ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများ ပေါ်ထွန်းလာစေရေး မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ-၂၀၂၅ (Myanmar National Building Code-2025) အား မဖြစ်မနေလိုက်နာကျင့်သုံးဆောင်ရွက်ရန်အတွက် ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကိုလည်း ၄-၂-၂၀၂၆ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေအမှတ် ၅/၂၀၂၆ ဖြင့် ထုတ်ပြန်ကြေငြာခဲ့ပြီး နည်းဥပဒေများ ဆက်လက်ရေးဆွဲလျက်ရှိပါကြောင်းနှင့် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုအပေါ် ရှင်းလင်းဖော်ပြခဲ့သည့်အတိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားအပ်ပါတယ်ခင်ဗျား။
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား။