Share this

ဦးကျော်ကျော်လင်း (ခ) ဦးထိန်လင်း၊ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)၏ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဖားအောက်ကျေးရွာအုပ်စု၊ ဖားအောက်တိုက်နယ်ဆေးရုံတွင် ဓာတ်မှန်ရိုက်စက် (X-ray Machine) (၁)လုံး တပ်ဆင်ပေးရန်နှင့် ဓာတ်မှန်ရိုက်ခန်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တပ်ဆင်ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

Thursday, September 24, 2026 - 10:05
တတိယအကြိမ်အမျိုးသားလွှတ်တော်›ပုံမှန်အစည်းအဝေး›တတိယ ပုံမှန်အစည်းအဝေး›ကြယ်ပွင့်ပြမေးခွန်းများ

တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ ဒုတိယနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်)

မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) မှ ဦးကျော်ကျော်လင်း (ခ) ဦးထိန်လင်း

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

မော်လမြိုင်မြို့နယ်၊ ဖားအောက်ကျေးရွာအုပ်စု ဖားအောက်တိုက်နယ်ဆေးရုံတွင် ရပ်ကွက် (၁) ခု၊ ကျေးရွာ (၁၂) ရွာ၊ အုပ်စုအနေနဲ့ (၅) အုပ်စုရှိပြီး လူဦးရေ (၃) သောင်းဝန်း ကျင်ခန့် နေထိုင်ကြပြီး ဒေသခံပြည်သူများအနေဖြင့် ကျန်းမာရေးအတွက် အားကိုးအားထားနေရသော တိုက်နယ်ဆေးရုံတစ်ခု ဖြစ်ပါသည်။

ထိုသို့ အားကိုးအားထားပြုနေရသော လူနာများအတွက် အခြေခံရောဂါရှာဖွေရေးလုပ်ငန်းများဆောင်ရွက်ရာ၌ မရှိမဖြစ်လိုအပ်သည့် ဓာတ်မှန်ရိုက်စက် (X.ray machine) နှင့် ဓာတ်မှန်ရိုက်ခန်း မတပ်ဆင် မတည်ဆောက်ထားသဖြင့် ဒေသခံပြည်သူများသည် ရောဂါရှာဖွေမှုအတွက် အခက်အခဲများစွာနှင့် ကြုံတွေ့နေရပါသည်။ ထို့ကြောင့် -

(၁) မော်လမြိုင်မြို့နယ် ဖားအောက်တိုက်နယ်ဆေးရုံတွင် ဓာတ်မှန်ရိုက်စက် (၁) လုံးနှင့် ဓာတ်မှန်ရိုက်ခန်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိကိုလည်းကောင်း၊

(၂) အကယ်၍ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တပ်ဆင်ဆောင်ရွက်ပေးမည်ကိုလည်းကောင်း၊

(၃) လက်ရှိတွင် အဆိုပါတိုက်နယ်ဆေးရုံအား အခြေခံရောဂါရှာဖွေရေးပစ္စည်းများ ဖြည့်ဆည်ပေးရန် မည်သို့သော စီမံကိန်းများ ချမှတ်ထားသည်ကိုလည်းကောင်း သက်ဆိုင်ရာပြည်ထောင်စုအစိုးရ ကျန်းမားရေးဝန်ကြီးဌာနအနေဖြင့် ရှင်းလင်းဖြေကြားပေးရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာမေးမြန်း တင်ပြအပ်ပါသည်။


တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ ဒုတိယနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်)

မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) မှ ဦးကျော်ကျော်လင်း (ခ) ဦးထိန်လင်း

မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍

ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ၏ ဖြေကြားချက်

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာပထမ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ဖြစ်ပါတယ်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဖားအောက်ကျေးရွာအုပ်စု၊ ဖားအောက်တိုက်နယ်ဆေးရုံတွင် ဓာတ်မှန်ရိုက်စက် (X-ray Machine) (၁)လုံးတပ်ဆင်ပေးရန်နှင့် ဓာတ်မှန်ရိုက်ခန်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တပ်ဆင်ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးကျော်ကျော်လင်း (ခ)ဦးထိန်လင်း၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားသွားမှာ ဖြစ်ပါတယ်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ဖားအောက်တိုက်နယ်ဆေးရုံတွင် တိုက်နယ်ဆရာဝန် ဒေါက်တာနှင်းဝေလှိုင်နှင့်အတူ သူနာပြု(၄)ဦး၊ ဆေးဘက်ကျွမ်းကျင်(၄)(ဆေးစပ်)(၁)ဦး၊ ဆေးဘက်ကျွမ်းကျင်(၄) (ဓာတ်ခွဲ) (၁)ဦး၊ ဆေးထည့်(၁)ဦးနှင့် အထွေထွေလုပ်သား(၃)ဦး၊ စုစုပေါင်း(၁၁)ဦးတို့ တာဝန်ထမ်းဆောင်နေပြီး တစ်နေ့လျှင် ပြင်ပလူနာ (၃၀)ခန့်၊ အတွင်းလူနာ(၈)ဦးခန့်အား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါတယ်။ လာရောက်ပြသသောလူနာများအနက် ဓာတ်မှန်ရိုက်ရန် လိုအပ်ပါက (၉)မိုင်ခန့်ကွာဝေးသော မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ညွှန်းပို့စစ်ဆေးနေရသည့်အတွက် ဖားအောက်တိုက်နယ်ဆေးရုံတွင် ဆေးရုံရှိ သင့်လျော်သည့် အခန်းတစ်ခန်း အလျား (၁၉) ပေ၊ အနံ(၁၃)ပေ၊ အမြင့်(၁၁)ပေ အား ဓာတ်မှန်ခန်းအဖြစ် အသုံးပြုနိုင်ရန် (၂၀၂၆-၂၀၂၇) ဘဏ္ဍာနှစ်အတွင်း သာမန်အသုံးစရိတ်ရန်ပုံငွေဖြင့် ပြင်ဆင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး (၂၇-၈-၂ဝ၂၆) ရက်စွဲပါ စာအမှတ်၊ ကုသ/ဖြန့်ဖြူးရေး/ ၂၀၂၆(၉၂၂) ဖြင့် 100MA Digital X-Ray Machine (၁)လုံးအား ထောက်ပံ့ပေးပြီးဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။