Share this

ဦးခင်မောင်မြင့်၊ ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇)၏ "ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ဥတ္တံတားရပ်ကွက်၊ နယ်မြေ(၁)၊(၂)နှင့် ဇော်ဂျီရပ်ကွက်တွင် မိုးရာသီကာလ၌ မိုးရွာသွန်းမှုများပြားခြင်းကြောင့် ဇော်ဂျီချောင်းရေမြင့်တက်ပြီး အိမ်ခြေ (၅၀၀)နီးပါး ရေကြီးနစ်မြုပ်မှုဒဏ်များ ခံစားနေရပါသဖြင့် ရေကြီးရေလျှံမှုများ လျော့ပါးသက်သာစေရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ လိုအပ်သလိုပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း"နှင့်စပ်လျဉ်းသည့်မေးခွန်း

Monday, July 6, 2026 - 15:27
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

U Khin Maung Myint

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၃ ရက်မြောက်နေ့

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်)

ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) မှ ဦးခင်မောင်မြင့်

မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါခင်ဗျာ။

ကျွန်တော်ကတော့ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်အမှတ်(၇)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့် ဖြစ်ပါတယ်။ ကျွန်တော့်အနေနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့အတွင်းရှိ လူနေရပ်ကွက်များ ဇော်ဂျီမြစ်ချောင်းရေမှ ရေကြီးရေလျှံမှုများ ကာကွယ်ပေးနိုင်ရေးနှင့်စပ်လျဉ်းသည့်မေးခွန်းကို မေးမြန်းတင်ပြသွားမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျာ-

ဇော်ဂျီမြစ်ချောင်းသည် ပင်းတယမြို့နယ်အတွင်းရှိ ဇော်ဂျီရေထွက်မှအခြေပြုစတင်ဖြတ်သန်းစီးဆင်းလာခဲ့ပြီး တောင်ကျချောင်း (၂၃)ချောင်းမှလည်း မိုးများသည့်အချိန်ကာလများတွင် ပူးပေါင်းစီးဝင်လျက်ရှိပါတယ်။ မိုးတွင်းကာလတွင် ရပ်စောက်မြို့ပေါ်ရှိ ဥတ္တံတားရပ်ကွက် နယ်မြေ (၁)၊ (၂) ရှိ အိမ်ခြေ (၂၀၀)နှင့် ဇော်ဂျီရပ်ကွက်တွင် အိမ်ခြေ (၃၀၀)ခန့် စုစုပေါင်း အိမ်ခြေ (၅၀၀)ခန့် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ခဲ့ပြီး၊ ရပ်စောက်-ရွှေညောင် ကတ္တရာလမ်းမကြီးပေါ်တွင်လည်း ရေကျော်ရေလွှမ်းခြင်းများဖြစ်ပေါ်ခဲ့၍ လမ်းပန်းဆက်သွယ်သွားလာမှုများ ပြတ်တောက်ခဲ့ပါတယ်။ ရပ်ကွက်နှင့်လူနေအိမ်များအတွင်း ရေကြီးရေလျှံဖြစ်ရခြင်း၏ အဓိကအချက်များမှာ ဇော်ဂျီချောင်းမှာ အကွေ့အကောက် အလွန်များပြားခြင်း၊ မြစ်ချောင်းကျဉ်းမြောင်းလာပြီး ရေအနက်တိမ်ကောသွားခြင်း၊ အထူးသဖြင့် ရပ်စောက်-ရွှေညောင် ကားလမ်းပေါ်ရှိ ဇော်ဂျီချောင်းတံတားအောက်ပိုင်းနှင့် အထက်ပိုင်းတွင် လုံလောက်သော ချောင်းအကျယ်အနက်မရှိခြင်းတို့ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း တွေ့ရှိရပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျာ-

ရပ်စောက်မြို့၊ ဥတ္တံတားရပ်ကွက် နယ်မြေ(၁)၊ (၂) နှင့် ဇော်ဂျီရပ်ကွက်ရှိ လူနေအိမ်များသို့ ဇော်ဂျီချောင်းရေမြင့်တက်၍ ရေဝင်ရောက်ပြီး ရေကြီးရေလျှံဖြစ်ပေါ်နေမှုများ လျော့ပါးသက်သာစေရန်အတွက် နိုင်ငံတော်အစိုးရ သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာနအနေနဲ့ လိုအပ်သလို ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/ မရှိ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာ တင်ပြမေးမြန်းအပ်ပါတယ်ခင်ဗျာ။

 


 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၃ ရက်မြောက်နေ့

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်)

ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) မှ ဦးခင်မောင်မြင့် မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ၏ဖြေကြားချက်

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး၊ ဒုတိယဥက္ကဋ္ဌကြီး၊ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များခင်ဗျား မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။

ကျွန်တော်ကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ဖြစ်ပါတယ်။

အချက်အလက်များနှင့် တင်ပြနိုင်ရန်အတွက် PowerPoint အသုံးပြုခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်မှ “ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ဥတ္တံတားရပ်ကွက်၊ နယ်မြေ (၁)၊ (၂) နှင့် ဇော်ဂျီရပ်ကွက်တွင် မိုးရာသီကာလ၌ မိုးရွာသွန်းမှုများပြားခြင်းကြောင့် ဇော်ဂျီချောင်းရေမြင့်တက်ပြီး အိမ်ခြေ(၅၀၀)နီးပါး ရေကြီးနစ်မြုပ်ဒဏ်များ ခံစားနေရပါသဖြင့် ရေကြီးရေလျှံမှုများ လျော့ပါးသက်သာစေရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ လိုအပ်သလို ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း”နှင့်ပတ်သက်၍ အောက်ပါအတိုင်း ပြန်လည်ဖြေကြားအပ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်မေးခွန်းပါ ဇော်ဂျီချောင်းသည် ပင်းတယမြို့နယ်အတွင်းရှိ ဇော်ဂျီရေထွက်မှ စတင်စီးဆင်းလာပြီး ရှမ်းပြည်နယ်အတွင်းရှိ ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်မြို့နယ်များအား ဖြတ်သန်းစီးဆင်းပြီးနောက် ဒုဋ္ဌဝတီမြစ်အတွင်းသို့ စီးဝင်ပါတယ်။ မှတ်တမ်းများအရ ၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်၊ ၂၀၂၄ ခုနှစ် (ရာဂီမုန်တိုင်း)နှင့် ၉/၂၀၂၅ ခုနှစ်များတွင် မိုးရွာသွန်းမှုများပြားခြင်း၊ မုန်တိုင်းများဖြစ်ပေါ်ခြင်းတို့ကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့၍ ချောင်းတစ်လျှောက် ရပ်စောက်မြို့တွင်းရှိ ဥတ္တံတားရပ်ကွက်၊ နယ်မြေ (၁) နှင့် (၂) တွင် အိမ်ခြေ (၂၀၀) နှင့် ဇော်ဂျီရပ်ကွက်တွင် အိမ်ခြေ (၃၀၀) စုစုပေါင်းအိမ်ခြေ (၅၀၀) နီးပါးခန့် ရေကြီးနစ်မြုပ်မှုဒဏ် ခံစားခဲ့ရပါတယ်။

ကွင်းဆင်းလေ့လာတွေ့ရှိချက်တွေအရ -

  • ရပ်စောက်မြို့အတွင်း ဖြတ်သန်းစီးဆင်းသည့် ဇော်ဂျီချောင်းသည် အကျဉ်းဆုံးနေရာတွင် အောက်ခြေအကျယ် (၃၀) ပေခန့်၊ အကျယ်ဆုံးနေရာတွင် (၄၅) ပေခန့်၊ အနက်မှာ ပျမ်းမျှ (၁၅) ပေခန့်သာရှိပြီး ချောင်းအကွေ့အကောက်များပြားသဖြင့် သဲနုန်းများ ပျမ်းမျှ (၆) ပေခန့် ပို့ချလျက်ရှိခြင်း၊
  • ရပ်စောက်-ရွှေညောင် ကားလမ်းပေါ်ရှိ ဇော်ဂျီချောင်းတံတားအောက်ပိုင်း နှင့် အထက်ပိုင်းများတွင် လုံလောက်သော ချောင်းအကျယ်၊ အနက် မရှိခြင်း နှင့် ရေလမ်းကြောင်း ပိတ်ဆို့မှုများရှိခြင်း၊
  • ဇော်ဂျီချောင်းမှ ခွဲထွက်သည့် တံတားမိုးချောင်းမှာ မိုးတွင်းကာလ ဇော်ဂျီချောင်းရေမြင့်တက်ချိန်တွင် ဇော်ဂျီချောင်းနှင့် တံတားမိုးချောင်းကြားရှိ လူနေရပ်ကွက်အတွင်း ရေဝင်ရောက်ခြင်း၊
  • တံတားမိုးချောင်းမှာ လူနေအိမ်များနှင့် နီးကပ်စွာတည်ရှိခြင်း၊ ချောင်းဘေး ဝဲ/ယာရှိ လူနေအိမ်များမှ အမှိုက်များချောင်းအတွင်းသို့ စည်းကမ်းမဲ့စွာ စွန့်ပစ်သဖြင့် ရေလမ်းကြောင်း ပိတ်ဆို့နေခြင်းနှင့် သဲနုန်းပို့ချမှုများရှိနေခြင်းကြောင့် ချောင်း၏လက်ရှိပျမ်းမျှအကျယ်မှာ (၈) ပေခန့်နှင့် ပျမ်းမျှအနက်မှာ (၈) ပေခန့်သာရှိခြင်း၊
  • ဇော်ဂျီချောင်းနှင့် တံတားမိုးချောင်းများ၏ ဘေးဝဲယာရှိ အချို့နေရာများတွင် ချောင်းဧရိယာအတွင်း ကျူးကျော်နေထိုင်မှုများရှိ၍ ရေလမ်းကြောင်း မလုံလောက်မှုများဖြစ်ပေါ်နေခြင်း၊

ထို့ကြောင့် ရပ်စောက်မြို့တွင်းရှိ ဥတ္တံတားရပ်ကွက် နယ်မြေ (၁)၊ (၂) နှင့် ဇော်ဂျီရပ်ကွက်များမှ အိမ်ခြေပေါင်း (၅၀၀) ခန့် ရေကြီးနစ်မြုပ်မှုဒဏ် ခံစားနေရကြောင်း စိစစ်တွေ့ရှိရပါတယ်။

ဒါ့ကြောင့် ရပ်စောက်မြို့ပေါ်ရှိ ရပ်ကွက်များနှင့် လူနေအိမ်များအတွင်း ရေကြီးရေလျှံမှု လျော့နည်းသက်သာစေရန်အတွက်-

(၁) ရပ်စောက်-ရွှေညောင်ကားလမ်းပေါ်ရှိ ဇော်ဂျီချောင်းတံတား အောက်ပိုင်း နှင့် အထက်ပိုင်းများမှာ ဇော်ဂျီချောင်းကို အောက်ခြေအကျယ် (၆၀) ပေ၊ ချောင်းအနက် (၂၂) ပေ ရရှိဖို့ သဲနုန်းတူးဖော်ခြင်း၊ ချောင်းဖြောင့်ခြင်း၊ ရေလမ်းကြောင်း ရှင်းလင်းခြင်းနှင့် လိုအပ်သည့်နေရာများတွင် မြေထိန်းနံရံများ တည်ဆောက်ခြင်း၊

(၂) ရပ်စောက်မြို့အတွင်းရှိ ဇော်ဂျီချောင်းတစ်လျှောက် လိုအပ်သည့် နေရာများ၌ ချောင်းအတွင်း သဲနုန်းတူးဖော်ခြင်း၊ ချောင်းချဲ့ခြင်းနှင့် ချောင်းဖြောင့်ခြင်း။

(၃) တံတားမိုးချောင်းအား အောက်ခြေအကျယ် (၁၅) ပေနှင့် ချောင်းအနက် (၁၁) ပေရရှိရန် သဲနုန်းတူးဖော်ခြင်း၊ ရေလမ်းကြောင်း ရှင်းလင်းခြင်းနှင့် လိုအပ်သည့် နေရာများတွင် မြေထိန်းနံရံများ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် ဇော်ဂျီချောင်းမှ လုံလောက်သော ရေပမာဏ စီးထွက်နိုင်ရန်အတွက် အနည်းဆုံး လိုအပ်သည့် ချောင်းအကျယ်ရရှိနိုင်ရေး လုပ်ဆောင်ရန် အသေးစိတ်တိုင်းတာတွက်ချက်ခြင်း၊ လူနေအိမ်များနှင့် သီးနှံစိုက်ခင်းများကို ဖြတ်သန်းစီးဆင်းသည့်အတွက် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဆက်စပ်ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ကြိုတင်ညှိနှိုင်း သဘောတူညီမှုရယူခြင်းများ ဆောင်ရွက်ရန် လိုအပ်မှာ ဖြစ်ပါတယ်။

ရပ်စောက်မြို့ ရေကြီးရေလျှံမှုမှကာကွယ်ရန် ဆောင်ရွက်သင့်သည့် လုပ်ငန်းများနှင့် ချောင်းရေဝင်ရောက်ခဲ့သည့် တည်နေရာပြမြေပုံအား တင်ပြအပ်ပါတယ်။

ဇော်ဂျီချောင်းနှင့် တံတားမိုးချောင်းတစ်လျှောက်အခြေအနေကို လွှတ်တော် ကိုယ်စားလှယ်နှင့်အတူ ကွင်းဆင်းစစ်ဆေးမှု ဓာတ်ပုံမှတ်တမ်းများအား တင်ပြအပ်ပါတယ်။

သို့ဖြစ်ပါ၍ ရပ်စောက်မြို့ရှိ ဇော်ဂျီချောင်းနှင့် တံတားမိုးချောင်းများတွင် လိုအပ်သည့်နေရာများ၌ သဲနုန်းတူးဖော်ခြင်း၊ ချောင်းဖြောင့်ခြင်း၊ ချောင်းချဲ့ခြင်း၊ ရေလမ်းကြောင်းရှင်းလင်းခြင်း၊ မြေထိန်းနံရံများတည်ဆောက်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ ဆက်စပ်ဌာနဆိုင်ရာအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် လိုအပ်သည့် ညှိနှိုင်းသဘောတူညီချက်များ ရရှိပြီးပါက ရပ်စောက်မြို့နယ်၊ ဥတ္တံတားရပ်ကွက်၊ နယ်မြေ (၁)၊ (၂) နှင့် ဇော်ဂျီရပ်ကွက်များ ရေကြီးရေလျှံမှု လျော့နည်းသက်သာရေးအတွက် ဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်း(၃)ခုအား အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ၂၀၂၇-၂၀၂၈ ခု၊ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေတွင် တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဦးစားပေးလုပ်ငန်းအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် နည်းပညာလိုအပ်ချက်ရှိပါက ပို့ဆောင်ရေးဝန်ကြီးဌာန၏ သဘောထားမှတ်ချက်နှင့် ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ထို့အပြင် ဇော်ဂျီချောင်းတစ်လျှောက် ရေကြီးရေလျှံမှု လျော့ပါးသက်သာစေရန်အတွက် ဇော်ဂျီချောင်းနှင့် တံတားမိုးချောင်းဘေး ဝဲ/ယာရှိ လူနေအိမ်များမှ အမှိုက်များ ချောင်းအတွင်းသို့ စည်းကမ်းမဲ့စွာစွန့်ပစ်ခြင်း၊ ဇော်ဂျီချောင်းနှင့် တံတားမိုးချောင်းဘေး ဝဲ/ယာအချို့နေရာများတွင် ချောင်းဧရိယာအတွင်း ကျူးကျော်နေထိုင်ခြင်းများကိုလည်း သက်ဆိုင်ရာဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဆက်စပ်ဌာနဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းပြီးကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။