တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ နဝမနေ့
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်)
မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးခင်မောင်ဝင်း
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၁၀) ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း(၈၇)အုပ်စုနှင့် ကျေးရွာပေါင်း(၂၃၃)ရွာရှိပါသည်။ ကျေးရွာ(၆၀)ခန့်မှာ လူဦးရေများပြားပြီး အိမ်ထောင်ခွဲများ တိုးပွားလာပါသည်။ အချို့ကျေးရွာများတွင် ရွာတိုးချဲ့မြေမရရှိ၍ ဆည်မြောင်းဘေး၊ ကားလမ်းဘေးများတွင် ကျူးကျော်ဝင်ရောက် နေထိုင်နေရပါသည်။ စည်းကမ်းမဲ့စွာ နေထိုင်နေရသော ဘဝရောက်ရှိနေကြပါသည်။ ပါတီစည်းရုံးရေးကာလများ၌ ပြည်သူတို့၏ တောင်းဆိုချက်များတွင် ကျေးရွာမြေတိုးချဲ့ခွင့်ပြုနိင်ရေး တင်ပြပေးရန် တောင်းဆိုချက်တစ်ရပ်ရှိခဲ့ပါသည်။ ကျေးရွာအချို့တွင် မြေပိုင်ရှင်များမှ သင့်တင့်သောဈေးနှုန်းဖြင့် ကျေးရွာမြေပေးနိုင်သော မြေပိုင်ရှင်များရှိပါသည်။ အချို့ကျေးရွာများတွင် ရွာတိုးချဲ့မြေခွင့်ပြုချက်မရရှိဘဲ အိမ်ဆောက်နေထိုင်နေကြပါသည်။ ခွင့်ပြုချက်ရရှိအောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုလာကြပါသည်။
သို့ဖြစ်ပါ၍ တိုးချဲ့မြေအသင့်ရှိပြီးသော ကျေးရွာများကို ယာမြေဖြစ်စေ၊ လယ်မြေဖြစ်စေ လိုအပ်သလောက် ဧရိယာဧကကို ကျေးရွာမြေအဖြစ် တိုးချဲ့ခွင့်ပြုပေးနိင်ပါရန် အစီအစဉ်ရှိ/မရှိ မေးမြန်းတင်ပြအပ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ နဝမနေ့
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်)
မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးခင်မောင်ဝင်း
မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၏ ကြယ်ပွင့်ပြမေးခွန်းအပေါ် ရှင်းလင်းတင်ပြခွင့်ပြုနိုင်ပါရန် တင်ပြအပ်ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်း ရပ်ကွက်(၁၀)ရပ်ကွက်၊ ကျေးရွာအုပ်စု ၈၇ အုပ်စု၊ ကျေးရွာပေါင်း ၂၃၃ ရွာရှိပြီး၌ လူဦးရေအနေဖြင့် ကျား ၁၂၆,၂၂၂ ဦး၊ မ ၁၃၅,၀၅၀ ဦး၊ စုစုပေါင်း ၂၆၁,၂၇၂ ဦးရှိပါတယ်။ ရပ်ကွက်/ကျေးရွာအုပ်စုများအနေဖြင့် လူဦးရေများပြားသောကြောင့် ကျေးရွာမြေတိုးချဲ့ရန်လိုအပ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၅၄ အရ ဆောင်ရွက်ရမည်ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ- ၅၄ တွင် “သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း၌ရှိသော ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် သို့မဟုတ် ခရိုင်နယ်နိမိတ်များပြင်ဆင်ရန်၊ ဖွဲ့စည်းရန် သို့မဟုတ် အမည်ပြောင်းလဲရန် ပေါ်ပေါက်လျှင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး နိုင်ငံတော်သမ္မတက လိုအပ်သလို ဆောင်ရွက်ပေးရမည်” ဟု ပြဋ္ဌာန်းထားရှိပါသည်။
ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူဦးရေများပြားလာပြီး နေထိုင်မှုအခက်အခဲရှိ၍ ကျေးရွာမြေတိုးချဲ့ရန် ဒေသခံပြည်သူများမှ တင်ပြလာပါက စိစစ်၍ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၅၄ နှင့်အညီ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံသို့ မူအားဖြင့်ခွင့်ပြုနိုင်ရေးတင်ပြပြီး ခွင့်ပြုလာပါက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ ကျေးရွာပြင်ဆင်ဖွဲ့စည်းခြင်း ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲပြည့်စုံစွာပြုစု၍ လုပ်ငန်းစဉ်များအလိုက် ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
တိုးချဲ့လိုသော ကျေးရွာမြေဟာ လယ်ယာမြေဖြစ်ပါက ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများအရလည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများဖြစ်ပါက ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများဥပဒေ၊ နည်းဥပဒေများအရလည်းကောင်း၊ ဝန်ကြီးဌာနများမှ စီမံခန့်ခွဲလျက်ရှိသော မြေများဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုမိန်များအရ လည်းကောင်း၊ ကျေးရွာမြေအဖြစ် အသုံးပြုခွင့်ရရှိရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျေးရွာမြေအဖြစ် အသုံးပြုခွင့်ရရှိပါက ၁၉၀၇ ခုနှစ်၊ မြို့နှင့် ကျေးရွာမြေများ နည်းဥပဒေအပိုဒ် ၄၁၊ ၄၂၊ ၄၃ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ နေထိုင်ရန်အခက်အခဲရှိသော ကျေးရွာနေပြည်သူများအား ချထားဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူဦးရေများပြားလာတဲ့အတွက် နေထိုင်မှုအဆင်ပြေစေရေး ကျေးရွာမြေတိုးချဲ့ခွင့်ပြုပေးနိုင်ပါရန် သက်ဆိုင်ရာကျေးရွာများမှ ပြည်သူများက လျှောက်ထားလာပါက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်အရ ရှင်းလင်းဖြေကြားအပ်ပါတယ်။