တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၄ ရက်မြောက်နေ့
(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်)
စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) မှ ဦးခဲချိန်
မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် လေ့လာသူဧည့်သည်တော်များ မင်္ဂလာပါလို့ ရှေးဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခဲချိန်ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်ရှိ နမ္မတီး-တနိုင်း-ပန်ဆောင်(လီဒို)လမ်း၊ နန်းယွန်း-ပန်ဆောင်ကြားမှ နယ်စပ်ရေးရာဝန်ကြီးဌာနပိုင် လမ်းပိုင်း(၁၇/၀)မိုင်ကိစ္စ မေးမြန်းသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား...
နမ္မတီး-တနိုင်း-ပန်ဆောင်(လီဒို)လမ်းဟာ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်ကြား ဆက်သွယ်ထားတဲ့လမ်းပိုင်းဖြစ်ပြီး စုစုပေါင်း(၁၉၅/၁)မိုင်ရှိပါတယ်။ အဆိုပါလမ်းသည် ပြည်ထောင်စုလမ်းမ (National High Way)-(၄၉)ဖြစ်ပြီး လီဒိုလမ်း/Stilwell Road ဟုလည်း လူသိများပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ နန်းယွန်းမြို့နယ်အတွက် တစ်ခုတည်းသောကုန်စည်သယ်ယူပို့ဆောင်နေရတဲ့လမ်းဖြစ်ပြီး၊ တစ်ဖက်အိန္ဒိယနိုင်ငံနှင့် ချိတ်ဆက်ထားတဲ့လမ်းပိုင်းလည်းဖြစ်ပါတယ်။ အဆိုပါလမ်းသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံစီးပွားရေးအတွက် အချက်အချာကျသည့် ဆက်သွယ်ရေးလမ်းကြောင်းဖြစ်ပြီး မြန်မာနိုင်ငံအတွက် အနောက်မြောက်စီးပွားရေးစင်္ကြံလမ်း (North-western Economic Corridor) ကြီးလည်းဖြစ်ပါတယ်။
ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းပိုင်းလမ်းမှာ ကျောက်ချောလမ်းအဆင့် ဆောင်ရွက်ထားပြီးဖြစ်သော်လည်း၊ နန်းယွန်း-ရှင်ဗွေယန်ကြား ကချင်ပြည်နယ်ဖက်ခြမ်း မိုင်အချို့မှာ အထူးပြုပြင်ရန် ကျန်ရှိသေးကြောင်းတွေ့ရှိရပါတယ်။ အဆိုပါလမ်းအား ဒေသဖွံ့ဖြိုးရေးနှင့် နှစ်နိုင်ငံကုန်သွယ်ကူးသန်းနိုင်ရေးအတွက် အဆင့်မြှင့်တင်တည်ဆောက်ရန် အထူးလိုအပ်မည်ဟု သုံးသပ်တင်ပြအပ်ပါတယ်။
အဆိုပါလမ်းပိုင်းမှ နန်းယွန်း-ပန်ဆောင်ကြား နန်းယွန်းဖက်ခြမ်း(၁၁/၀)မိုင်နှင့် ပန်ဆောင်ဖက်ခြမ်း(၆/၀)မိုင်-စုစုပေါင်း(၁၇/၀)မိုင်အား လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပြီး ကြားတွင် (၁၇/၀)မိုင်ကို နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သည်ကို လေ့လာတွေ့ရှိရပါတယ်။ နယ်စပ်ရေးရာလမ်းပိုင်းမှာ ကျောက်လမ်းအဆင့်နှင့် လိုအပ်သော တံတားနှင့် Box Culvert များကို တည်ဆောက်ပြီးစီးနေပြီဖြစ်ပါတယ်။ ဆောင်ရွက်ပေးတဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနကို ဒေသကိုယ်စား "အထူးကျေးဇူးတင်ရှိအပ်ပါကြောင်း" ဒီနေရာကနေ ဖော်ပြလိုပါတယ်။
လမ်းတစ်ကြောင်းထဲမှာ ဝန်ကြီးဌာန(၂)ခုက အပိုင်းလိုက်တာဝန်ယူဆောင်ရွက်ခြင်းက လုပ်ငန်းပြီးမြောက်မှု မြန်ဆန်စေသော်လည်း တည်ဆောက်ထားတဲ့တံတား၊ Box Culvert ၊ လမ်းအကျယ်တို့မှာ မညီမျှမှုဖြစ်နေသည်ကို တွေ့ရှိရပါတယ်။ ဥပမာအားဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ တံတားအကျယ်မှာ(၁၄)ပေဖြစ်ပြီး လမ်းဦးစီးဌာနတံတားမှာ (၂၅ပေ/ပေ၃၀) အထက်ရှိသည်ကို တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ အဆိုပါလမ်းပိုင်းသည် နောင်တွင်နှစ်နိုင်ငံကုန်သွယ်ကူးသန်းမည့် လမ်းပိုင်းဖြစ်သကဲ့သို့ လမ်းတည်ဆောက်မှုအင်္ဂါရပ်တူညီပြီး စဉ်ဆက်မပြတ်ပြုပြင်ထိန်းသိမ်းရေး ညီညာထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက်-
နမ္မတီး-တနိုင်း-ပန်ဆောင်(လီဒို)လမ်း "နန်းယွန်း-ပန်ဆောင်ကြားမှ နယ်စပ်ရေးရာဝန်ကြီးဌာနပိုင် လမ်းပိုင်း(၁၇/၀)မိုင်အား နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရန်" အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာမေးမြန်းအပ်ပါသည်။
အားလုံးကိုကျေးဇူးတင်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၄ ရက်မြောက်နေ့
(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်)
စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) မှ ဦးခဲချိန် မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များခင်ဗျာ။
ဆက်လက်ပြီး ကျွန်တော်အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးခဲချိန်ရဲ့ "စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်ရှိ နမ္မတီး-တနိုင်း-ပန်ဆောင်(လီဒို)လမ်း၊ နန်းယွန်း-ပန်ဆောင်ကြားမှ နယ်စပ်ရေးရာဝန်ကြီးဌာနပိုင် လမ်းပိုင်း ၁၇/၀ မိုင်အား နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရန် အစီအစဉ်ရှိ/မရှိ" မေးခွန်းကို ဖြေကြားမှာဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်မေးမြန်းတဲ့ နန်းယွန်း-ပန်ဆောင် ၃၅/၀ မိုင် လမ်းပိုင်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ နမ္မတီး-တနိုင်း-ပန်ဆောင်(လီဒို)လမ်း ၁၉၅/၁ မိုင်ရှိသော [National Highway-အမှတ်(၄၉)]လမ်းတွင် ပါဝင်ပါတယ်။ နန်းယွန်း-ပန်ဆောင် ၃၅/၀ မိုင်ကို နယ်စပ်ရေးရာဝန်ကြီးဌာနရန်ပုံငွေဖြင့် ၂၀၁၃ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ပြီး ၎င်းလမ်းပိုင်းသည် မြို့နယ်ချင်းဆက်လမ်းဖြစ်၍ ၂၀၁၆ ခုနှစ်တွင် မိုင်တိုင်အမှတ် (၀/၀)မှ (၁၂/၀)ထိနှင့် မိုင်တိုင်အမှတ် (၂၉/၀)မှ (၃၅/၀)ထိ၊ စုစုပေါင်း ၁၈/၀ မိုင်အား ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန်ရှိတဲ့ မိုင်တိုင်အမှတ်(၁၂/၀)မှ (၂၉/၀)ထိ ၁၇/၀ မိုင်ကို နယ်စပ်ရေးရာဝန်ကြီးဌာနက ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု/တိုင်းဒေသကြီးရန်ပုံငွေနှင့် အိန္ဒိယအထောက်အပံ့ရန်ပုံငွေတို့ဖြင့် နန်းယွန်း-ပန်ဆောင် ၃၅/၀ မိုင်လမ်းပိုင်းတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ထိ မြေသားလမ်း ၃၅/၀မိုင်၊ ကျောက်လမ်း ၂၉/၀ မိုင်၊ ကတ္တရာလမ်း ၂/၃ မိုင်၊ ကျောက်လမ်း ပြင်/ထိန်း ၈/၀ မိုင်၊ လမ်းအူကြောင်းသစ်ဖောက်လုပ်ခြင်း ၁၅၀၀ ပေ၊ ကွန်ကရစ်တံတား ၂ စင်း၊ ဘေလီတံတား ၇ စင်း၊ Box Culvert ၅၇ စင်း၊ Pipe Culvert ၁၃၃ စင်း၊ တောင်ပြိုမြေဖယ်ရှားခြင်း ၃၅၀၀ ပေ၊ မြေထိန်းနံရံ ၅၀ ပေ တို့အား နှစ်အလိုက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး မြို့ ၂ မြို့၊ ကျေးရွာ ၂၂ ရွာ၊ အိမ်ခြေ ၃၃၄၇ အိမ်၊ လူဦးရေ ၂၅၄၇၃ ဦး တို့ကို အကျိုးပြုခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးရှိ နန်းယွန်း-ပန်ဆောင် ၃၅/၀ မိုင် လမ်းပိုင်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ နမ္မတီး-တနိုင်း-ပန်ဆောင်(လီဒို) National Highway လမ်းပိုင်းတွင် ပါဝင်ခြင်း၊ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ချိတ်ဆက်ဆောင်ရွက်မည့်လမ်းဖြစ်ပြီး ကုန်စည်စီးဆင်းမှုအတွက် တန်ချိန်များပြားသည့် ယာဉ်ကြီးများဖြတ်သန်းသွားလာမည်ဖြစ်၍ လမ်းပိုင်း၏ သတ်မှတ်ချက်အဆင့်နှင့်သင့်လျော်သည့် လမ်း/တံတားလုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ခြင်းတို့ကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လွှဲပြောင်းရယူဆောင်ရွက်သင့်ကြောင်း စိစစ်တွေ့ရှိရပါတယ်။
သို့ပါ၍ လွှတ်တော်ကိုယ်စားလှယ်မေးမြန်းသည့် နန်းယွန်း-ပန်ဆောင်လမ်း ၃၅/၀ မိုင်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာနလမ်းပိုင်း ၁၇/၀မိုင်အား ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရန်အစီအစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းပြီး သဘောတူညီပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။