တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၂ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်)
တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆) မှ ဦးငွေထွန်း
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
ကျွန်းစုမြို့သည် ကတန်ကျွန်းပေါ်တွင် တည်ရှိသော မြို့တစ်မြို့ ဖြစ်ပါသည်။ ကျွန်းစုမြို့ အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းအား ၁၉၈၈ ခုနှစ်မှစ၍ မူလတန်းကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။ အ.ထ.က (ကျွန်းစု)ရှိ စံပယ်ဆောင် (၁၅၀×၃၀×၂၀) ပေ တစ်ထပ်ကျောင်းဆောင်ကို (သွပ်မိုး၊ အုတ်ကာ၊ အင်္ဂတေခင်း)ဖြင့် ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်ရန်ပုံငွေကျပ်(၇.၅)သိန်းဖြင့် စတင်ဆောက်လုပ်ခဲ့ပါသည်။
ယခုအခါ ၎င်းကျောင်းဆောင်ဟောင်း၏ သက်တမ်းမှာ (၃၈)နှစ်ကြာပြီးဖြစ်၍ ကြံ့ခိုင်တောင့်တင်းမှု အားနည်းနေခြင်း၊ စင်္ကြံအမိုးများ ဆွေးမြေ့ပျက်စီးနေခြင်း၊ မျက်နှာကျက်များ ပေါက်ပြဲပြုတ်ကျပျက်စီးနေခြင်း၊ အုတ်ညပ်ထားသော သစ်များခြစားနေခြင်းဒေသရာသီဥတုအခြေအနေအရ မိုးလေပြင်းထန်ပြီး သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကလေးများအတွက် အလွန်အန္တရာယ်ရှိနေသည်ကို တွေ့ရှိရပါသည်။
၎င်းအပြင် အခြေခံပညာအထက်တန်းကျောင်း ကျွန်းစုမြို့ရှိ ကျောင်းအဆောက်အဦအဟောင်းအား ဖျက်သိမ်းရန် မြို့နယ်ပညာရေးမှူး၏ ထောက်ခံချက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ မြို့နယ်စည်ပင်၏ထောက်ခံချက်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ထောက်ခံချက်များရရှိထားပြီး ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ကျွန်းစုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ စံပယ်ဆောင် (၁၅၀×၃၀×၂၀) ပေ ကျောင်းဆောင်ဟောင်းအား ဖျက်သိမ်းခွင့်ပြုရန်နှင့် ဖျက်သိမ်းခွင့်ရရှိပါက ၎င်းမြေနေရာပေါ်တွင် RC (၁၅၀×၃၀×၂၀) ပေ (၃) ထပ်ဆောင် (သို့) RC (၁၅၀×၃၀×၂၀) ပေ (၂)ထပ်ဆောင် ကျောင်းဆောင်အသစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ ပညာရေးဝန်ကြီးဌာနအား မေးမြန်းတင်ပြအပ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၂ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်)
တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆) မှ ဦးငွေထွန်း မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံး၊ ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်ခင်ဗျာ။
တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆) ဦးငွေထွန်း၏ “တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်း ကျောင်းရှိ စံပယ်ဆောင် (၁၅၀x ၃၀x ၂၀) ပေ တစ်ထပ်ကျောင်းဆောင်သည် သက်တမ်း (၃၈)နှစ်ကြာပြီဖြစ်၍ ကြံ့ခိုင်တောင့်တင်းမှုအားနည်းနေခြင်း၊ စင်္ကြံအမိုးများ ဆွေးမြေ့ပျက်စီးနေခြင်း၊ မျက်နှာကြက်များ ပေါက်ပြဲပြုတ်ကျပျက်စီးနေခြင်း၊ အုတ်ညှပ်ထားသော သစ်များခြစားနေခြင်းတို့ကြောင့် ကျောင်းဆောင်ဟောင်းအား ဖျက်သိမ်းခွင့်ပြုရန်နှင့် ဖျက်သိမ်းခွင့်ရရှိပါက ၎င်းမြေနေရာပေါ်တွင် (၁၅၀ x ၃၀ x ၂၀)ပေ RC (၃)ထပ်ဆောင် သို့မဟုတ် (၁၅၀x၃၀x၂၀) ပေ (၂)ထပ်ဆောင် ကျောင်းဆောင်သစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ”
မေးမြန်းထားတဲ့ ကြယ်ပွင့်ပြမေးခွန်းကို ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ကျွန်တော် ဦးနေမျိုးလှိုင် က ရှင်းလင်းဖြေကြားတင်ပြသွားမှာ ဖြစ်ပါတယ်။
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း(တည်ဆောက်ရေး)ခွင့်ပြုရန်ပုံငွေ ကျပ် (၁၇၈၉၁.၈၅၀) သန်းဖြင့် အန္တရာယ်ကျောင်းဆောင်များ ဖျက်သိမ်း၍ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း (၁၃)ခု၊ တိုးတက်လာသော ကျောင်းသားဦးရေအရ တိုးချဲ့အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း (၅)ခု၊ အကြီးစားပြုပြင်မွမ်းမံခြင်းလုပ်ငန်း (၂)ခု၊ ဆရာ၊ ဆရာမ ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်းလုပ်ငန်း(၁)ခု၊ ရုံးများအသစ်ဆောက်လုပ်ခြင်းလုပ်ငန်း(၁)ခု၊ တဲသာသာရှိသော ကျောင်းများအတွက် အသစ်ဆောက်လုပ်ခြင်း လုပ်ငန်း(၃)ခု၊ ကျောင်းများလုံခြုံမှုရှိစေရေးအတွက် အုတ်တံတိုင်းများဆောင်ရွက်ခြင်းလုပ်ငန်း(၂)ခု၊ သိပ္ပံဆောင်များအသစ်ဆောက်လုပ်ခြင်း(၈)ခု၊ စာကြည့်တိုက်များအသစ်ဆောက်လုပ်ခြင်း (၁၃)ခု၊ စုစုပေါင်းလုပ်ငန်း(၄၈)ခု ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
တည်ဆောက်ရေးလုပ်ငန်းများတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွက် အန္တရာယ်ကျောင်းဆောင်များဖျက်သိမ်း၍ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း (၂)ခု၊ သိပ္ပံဆောင်များဆောက်လုပ်ခြင်းလုပ်ငန်း(၃)ခု၊ စာကြည့်တိုက်များအသစ်ဆောက်လုပ်ခြင်းလုပ်ငန်း (၄)ခု၊ စုစုပေါင်းလုပ်ငန်း (၉)ခုအတွက် ခွင့်ပြုရန်ပုံငွေကျပ် (၁၈၃၀.၀၀၀)သန်း ပါဝင်ကြောင်း ဦးစွာတင်ပြလိုပါတယ်။
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ အခြေခံပညာအထက်တန်း ကျောင်းတွင် အထက်တန်းကျောင်းအုပ်ကြီး (၁) ဦး၊ ထက်ဆင့်သင်ဆရာ (၁၂)ဦး၊ လယ်ဆင့်သင်ဆရာ (၁၂)ဦး၊ မူဆင့်သင်ဆရာ (၁၀)ဦးနှင့် ကျောင်း/ရုံး ဝန်ထမ်း (၈)ဦး စုစုပေါင်း ဝန်ထမ်း(၄၃)ဦး ရှိပြီး KG မှ Grade-5 ထိ မူလတန်းအဆင့် ကျောင်းသား (၃၅၇)ဦး၊ Grade-6 မှ Grade-9 ထိ အလယ်တန်းအဆင့် ကျောင်းသား (၃၆၅)ဦး၊ Grade-10 မှ Grade-12 ထိ အထက်တန်းအဆင့်ကျောင်းသား (၁၄၆)ဦး၊ စုစုပေါင်းကျောင်းသား (၈၆၈)ဦး ပညာသင်ယူလျက်ရှိပါတယ်။
ကျောင်းဆောင်များအနေဖြင့် အဆိုပါကျောင်းတွင် (၁၂၀x၃၀)ပေ သစ်သား၊ အုတ်ညှပ်တစ်ထပ်ဆောင်(၃)ဆောင်၊ (အန္တရာယ်ဆောင်) (၁၅၀x၃၀)ပေသစ်သား၊ အုတ်ညှပ်တစ်ထပ်ဆောင် (၁)ဆောင်၊ (၁၃၀x၃၀)ပေ RCC နှစ်ထပ်ဆောင် (၂)ဆောင်၊ (၉၀x၃၀)ပေ SS (Steel Structure) တစ်ထပ်ဆောင် (၁)ဆောင်၊ စုစုပေါင်းကျောင်းဆောင်(၇)ဆောင်၊ စာသင်ခန်း(၂၃)ခန်းဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ကျောင်းရှိအန္တရာယ်ကျောင်းဆောင်ဖျက်သိမ်းခြင်းအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းနှင့် အနာဂတ်တွင် တိုးတက်လာမည့် ကျောင်းသားဦးရေနှင့် လိုအပ်ချက်အပေါ်မူတည်၍ အစားထိုးတည်ဆောက်နိုင်ရေး နီးစပ်ရာဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။