တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၂ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်)
မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) မှ ဦးစိန်ရွှေမင်း
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့ အရေးပေါ်ကာလကြေညာပြီးနောက်ပိုင်းတွင် မြို့ရွာလုံခြုံရေးအတွက် နေရာအနှံ့နီးပါးမှာ လုံခြုံရေးဂိတ်များချထားသည်ကို တွေ့ရပါသည်။
ဂိတ်များ၏အများစုတွင် လုံခြုံရေးအရတားမြစ်ထားသည့် ကုန်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများနှင့် အကြမ်းဖက်သမားများ၊ ရာဇဝတ်မှုကျူးလွန်ထားသူများအား စစ်ဆေးဖော်ထုတ်ရန် ချထားသည်ဟု နားလည်ပါသည်။
ထိုဂိတ်အများစုတွင် စစ်ဆေးမှုပြုရာ၌ လူကိုအားပြုစစ်ဆေးနေကြသည်ကို တွေ့ရပါသည်။ အထူးသဖြင့် ဆီဘောက်ဆာကားများ၊ ကုန်ကားများနှင့် ခရီးသည်တင်ယာဉ်များကို လူအားပြုစစ်ဆေးသည့်အခါ အမှန်တကယ်သာ မွှေနှောက်ရှာဖွေစစ်ဆေးပါက အတော်ခက်သကဲ့သို့ အချိန်လည်းအတော်ကြာသည့်အတွက် အမှန်အကန်သမားများအတွက် အဆင်မပြေကြပါ။ သို့သော်လည်း စစ်ဆေးရမည်မှာလည်း လိုအပ်သည်သာ။ ထိုသို့ လူအားပြုစစ်ဆေးခြင်းကြောင့် ကြန့်ကြာနှောင့်နှေးမှုများကြောင့် စစ်ဆေးခံရမည့်သူများက စစ်ဆေးသူများနှင့် ညှိနှိုင်းသဘောတူညီမှုရယူ၍ ဖြတ်သန်းကြပါသည်။ ထိုညှိနှိုင်းသဘောတူမှုသည် ကုန်ဈေးနှုန်းကိုတက်စေသည့် အကြောင်းများထဲကတစ်ကြောင်းဖြစ်လာပါသည်။ ထိုညှိနှိုင်းသဘောတူမှုသည် မလိုလားအပ်သော အပိုကုန်ကျစရိတ် (Transactional Costs) များဖြစ်လာပါသည်။
အထက်ပါအပိုကုန်ကျမှုစရိတ် (Transactional Costs) တက်လာစေသည့် ညှိနှိုင်းသဘောတူမှုဟူသည့်အချက်ကို အခွင့်ကောင်းယူ၍ တားမြစ်ကုန်ပစ္စည်းများ၊ ဥပဒေနှင့်မကင်းသူများလည်း လွတ်မြောက်နေကြပါသည်။ နောက်ဆက်တွဲကိစ္စအနေဖြင့် ပြည်သူများ များစွာစိတ်အနှောက်အယှက်ဖြစ်ရသည့်ကိစ္စလည်း ရှိပါသေးသည်။ ဖော်ပြပါလုံခြုံရေးဂိတ်များက နိုင်ငံသားစိစစ်ရေးကတ်ပြနိုင်ပါလျက်နှင့် ထိုနိုင်ငံသားစိစစ်ရေးကတ်သည် အသက် (၃၀)ပြည့်ကတ်မလဲရသေးလို့၊ ကတ်အကြီးမှ ကတ်အသေးသို့ မလဲရသေးလို့ဟုဆိုကာ ရစ်ကြသည့်ကိစ္စ၊ မြို့အနီးဝန်းကျင်ရှိ တောင်သူများ တောင်သူသုံးပစ္စည်း ဓာတ်မြေဩဇာများ သယ်ယူရာတွင်လည်း ဂိတ်များနှင့် ညှိနှိုင်းသဘောတူညီမှုယူရပါသည်။ ထောက်ခံစာယူပေးမည်ဟုဆိုသည့်အခါ မလုပ်ပါနဲ့ဆရာရယ်၊ ထောက်ခံစာပါလို့လွှတ်ပေးပေမယ့် နောက်တစ်ခေါက် အခြားပစ္စည်းတွေအတွက် ညှိနှိုင်းသဘောတူမှုယူရသည့်အခါ (၂)ဆ တက်သွားပါသည်ဟု ပြောပြပါသည်။ ပညာပြသည့် သဘောဖြစ်ပါသည်။
အထက်ပါအချက်များအားလုံးသည် လုံခြုံရေးဂိတ်များတွင် စစ်ဆေးရာ၌ လူအားပြုစနစ်ကြောင့်ဖြစ်နေရခြင်း ဖြစ်ပါသည်။
ကျွန်တော်သိရှိလိုသည်မှာ နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက်ထားရှိသော ဂိတ်များတွင် လူကိုအားပြုသည်ထက် နည်းပညာသုံးစစ်ဆေးခြင်းမျိုးပြုလုပ်နိုင်မည်ဆိုပါက အမှန်တားမြစ်ထားသည့် လုံခြုံရေးဆိုင်ရာ ကုန်ပစ္စည်းများကိုလည်း ဖော်ထုတ်တားဆီးနိုင်မည်။ ပြည်သူများလည်း စိတ်ချမ်းသာမည်။ ကုန်စည်စီးဆင်းမှုလည်း မြန်ဆန်သွားသဖြင့် အပိုကုန်ကျစရိတ်(Transactional Costs) လည်း လျော့ချနိုင်သဖြင့် ကုန်ဈေးနှုန်းလည်း အသင့်အတင့်ကျဆင်းသွားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ လုံခြုံရေးအရချထားသည့်ဂိတ်များတွင် နည်းပညာမြင့်စက်ကိရိယာများ တပ်ဆင်ပေးရန်အစီအစဉ်ရှိ မရှိ၊ ရှိပါက မည်သည့်ကာလအပိုင်းအခြားအတွင်း အပြီးတပ်ဆင်ပေးသွားမည်ကို သိရှိလိုပါသဖြင့် လေးစားစွာ မေးမြန်းတင်ပြအပ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၂ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်)
မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) မှ ဦးစိန်ရွှေမင်း မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ ဖြစ်ပါတယ်။ မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ဦးစိန်ရွှေမင်း၏ ကြယ်ပွင့်ပြမေးခွန်းအပေါ် ရှင်းလင်းတင်ပြခွင့်ပြုနိုင်ပါရန် တင်ပြအပ်ပါတယ်။
မြန်မာနိုင်ငံအတွင်း အဓိကလမ်းမကြီးများပေါ်ရှိ အချက်အချာနေရာများ၌ နယ်မြေဒေသလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး၊ လမ်း/တံတားလုံခြုံရေး၊ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများ၊ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများနှင့် မူးယစ်ဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ၊ တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်မှုမရှိစေရေးနှင့် အဆိုပါလမ်းကြောင်းများပေါ်ရှိ စစ်ဆေးရေးဂိတ်များအား ရှောင်ကွင်းသွားနိုင်သည့် လမ်းကြောင်းများရှိပါသဖြင့် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် အဓိကကျသောနေရာများတွင် ပူးပေါင်းစစ်ဆေးရေးဂိတ်များ ထားရှိဆောင်ရွက်လျက်ရှိပါတယ်။
အဆိုပါ ပူးပေါင်းစစ်ဆေးရေးဂိတ်များမှ ၂၀၂၅ ခုနှစ်တွင် ပြေး ၄ ပြေး ဖမ်းဆီးရမိမှု ၂,၂၀၇ ဦး၊ တရားမဝင်ကုန်ပစ္စည်းဖမ်းဆီးရရှိမှု ၄၇၀ မှု၊ မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု ၄၂၂ မှု၊ တရားမဝင်နိုင်ငံခြားသားဖမ်းဆီးရရှိမှု ၃၆ မှု၊ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရရှိမှု ၄၆၄ မှု၊ လက်နက်/ ခဲယမ်းဖမ်းဆီးရရှိမှု ၄၃ မှု၊ အကြမ်းဖက်သမားများဖမ်းဆီးရရှိမှု ၁၃၁ ဦးတို့အားလည်းကောင်း၊ ၂၀၂၆ ခုနှစ် ဇွန်လအထိ ပြေး ၄ ပြေးဖမ်းဆီးရမိမှု ၇၅၉ ဦး၊ တရားမဝင်ကုန်ပစ္စည်းဖမ်းဆီးရရှိမှု ၁၀၀ မှု၊ မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု ၁၆၉ မှု၊ တရားမဝင်နိုင်ငံခြားသားဖမ်းဆီးရရှိမှု ၃၃ မှု၊ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရရှိမှု ၂၀၆ မှု၊ လက်နက်/ခဲယမ်း ဖမ်းဆီးရရှိမှု ၁ မှု၊ အကြမ်းဖက်သမားများ ဖမ်းဆီးရရှိမှု ၇၇ ဦးတို့အား စိစစ်ဖော်ထုတ်အရေးယူနိုင်ခဲ့ပါတယ်။
လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအရထားရှိသော စစ်ဆေးရေးဂိတ်များအနက် စစ်ဆေးရေးဂိတ် ၁၁ ဂိတ်တွင် ခေတ်မီရှာဖွေရေး X-Ray Station စက်ကြီးများအား တပ်ဆင်အသုံးပြု၍ စစ်ဆေးရှာဖွေခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများနှင့် သယ်ဆောင်ရာလမ်းကြောင်းများပေါ်တွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး-မိတ္ထီလာကားလမ်းရှိ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာ၊ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်တွင်လည်းကောင်း၊ ရန်ကုန်-မော်လမြိုင်ကားလမ်းရှိ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာ၊ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်တွင်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်း-ရွာငံ-ဟန်မြင့်မိုရ်-ကျောက်ဆည်-မန္တလေးကားလမ်းရှိ ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာ၊ မြို့ကြီးစစ်ဆေးရေးဂိတ်တွင်လည်းကောင်း စုစုပေါင်း ၃ နေရာတို့တွင် ခေတ်မီရှာဖွေရေး X-Ray စက်ငယ်များဖြင့်အသုံးပြု၍ စစ်ဆေးလျက်ရှိပါတယ်။ ၎င်းအပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်-လားရှိုး- မန္တလေးကားလမ်းရှိ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာ၊ ဝက်ဝံစစ်ဆေးရေးဂိတ်တွင် X-Ray Station စက်အသုံးပြုနိုင်ရန်အတွက် ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေရရှိပြီးဖြစ်ပါသောကြောင့် တပ်ဆင်အသုံးပြုနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါသည်။
ထို့အတူ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မူးယစ်တပ်ဖွဲ့စုများတွင်လည်း နည်းပညာမြင့်စက်ကိရိယာများဖြစ်သည့် Scanner ၄၄ လုံး၊ Electronic Endoscope ၆ လုံးတို့ဖြင့် မြို့ဝင်/ထွက် စစ်ဆေးရေးဂိတ်များတွင် မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းများနှင့် တရားမဝင်ကုန်ပစ္စည်းများကို ရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိသည့်အပြင် သွားလာမှုအဓိကအကျဆုံး စစ်ဆေးရေးဂိတ်ကြီးများတွင် စက်ကိရိယာများကို တပ်ဆင်အသုံးပြု၍ တားမြစ်ကုန်စည်များ၊ တရားခံပြေးများကို ဖော်ထုတ်တားဆီးအရေးယူဆောင်ရွက်လျက်ရှိရာ PSMS လူပုဂ္ဂိုလ်စိစစ်စောင့်ကြည့်စနစ်ဖြင့် အသုံးပြု၍စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး ၎င်းစနစ်မှ AI မျက်နှာပြင်မှတ်သားခြင်းနှင့် ဇီဝမတ်ထရစ်ဒေတာ (Biometric Data) တို့ကို တိုက်ဆိုင်စစ်ဆေးနိုင်ပြီး ဗဟိုဒေတာဘေ့စ် (Central Database)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်(NRC) နံပါတ်တို့ကို တိုက်ဆိုင်စစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။
နိုင်ငံသားစိစစ်ရေးကတ်နှင့်စပ်လျဉ်း၍လည်း သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ကျဝန်ထမ်းများက ခရီးသွားပြည်သူများ၏ နိုင်ငံသားစိစစ်ရေးကတ်ကို စစ်ဆေးသည့်အခါ အသက်(၁၈)နှစ်ပြည့်ပြီးသူများသည် အသက်(၁၀)နှစ်ပြည့် စိစစ်ရေးကတ်ဖြင့်ကိုင်ဆောင်၍ ခရီးသွားလာလျက်ရှိကြောင်းတွေ့ရှိရပါက မိမိနေထိုင်ရာမြို့နယ်ရှိ မြို့နယ်လဝကဦးစီးမှူးရုံးများတွင် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်အား လျှောက်ထားလဲလှယ်ရန် အကြံပြုပြောကြားခြင်းမှအပ နိုင်ငံသားစိစစ်ရေးကတ် လဲလှယ်အသုံးပြုမှုမရှိခြင်းအပေါ် အရေးယူဆောင်ရွက်မှုပြုလုပ်ခြင်း၊ ငွေကြေးတောင်းခံခြင်းများ မရှိပါကြောင်းနှင့် ဒေသခံတောင်သူများမှ လယ်ယာသုံးပစ္စည်းများနှင့်ဓာတ်မြေဩဇာများ သယ်ယူခြင်းနှင့်စပ်လျဉ်း၍ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ သယ်ဆောင်လာပါက စိုက်ပျိုးရေးလုပ်ငန်းအတွက် အမှန်တကယ်သယ်ဆောင်အသုံးပြုခြင်း ဟုတ်မဟုတ်စိစစ်ခြင်း၊ သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာန၏ခွင့်ပြုချက်ဖြင့် လယ်ယာသုံးပစ္စည်းများ၊ ဓာတ်မြေဩဇာများသယ်ယူခြင်း ဟုတ်မဟုတ်စိစစ်ခြင်းနှင့် လုံခြုံရေးအရစိစစ်ခြင်း၊ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအတွင်းရှိ အဓိကလမ်းမကြီးများပေါ်၌ အချက်အချာနေရာများတွင် လိုအပ်ချက်အရထားရှိသော ပူးပေါင်းစစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်နေသူများအား အဂတိကင်းရှင်းစေရေး၊ ငွေကြေးတောင်းခံခြင်းများ မရှိစေရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုနှင့်ဆက်ဆံရာတွင် ယဉ်ကျေးပျူငှာစွာနှင့် ကိုယ်နှုတ်အမူအရာ ပြေပြစ်မှုရှိစေရေး၊ တပ်ဖွဲ့ဝင်များလိုက်နာရမည့် လုပ်ငန်းတာဝန်များနှင့် စည်းကမ်းချက်များကို သိရှိလိုက်နာစေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိသည့်အပြင် စစ်ဆေးရေးဂိတ်များ၌ မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများနှင့် တရားမဝင်ကုန်ပစ္စည်းများကို ရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်ရန်အတွက် ခေတ်မီရှာဖွေရေး X-Ray Station စက်များ၊ နည်းပညာမြင့် စက်ကိရိယာများဖြစ်သည့် Scanner များ၊ Electronic Endoscope များဖြင့် ရှာဖွေစစ်ဆေးလျက်ရှိပါသည်။ စစ်ဆေးရေးဂိတ်များတွင် စက်ကိရိယာများ ယခုထက်ပိုမိုတပ်ဆင်အသုံးပြုနိုင်ရေး လိုအပ်ပါက ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ရမည့်ကိစ္စဖြစ်ပါကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် နေပြည်တော်ကောင်စီတို့၏ ပေါင်းစပ်ဖြေကြားချက်များအရ ရှင်းလင်းဖြေကြားအပ်ပါတယ်။