တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၃ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်)
မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) မှ ဦးစိုးမင်းစမ်း
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) ဦးစိုးမင်းစမ်း ဖြစ်ပါတယ်။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်အသီးသီးမှ မြန်မာ့စီးပွားရေးဘဏ်များသည် လစဉ် အငြိမ်းစားစစ်ဘက်၊ နယ်ဘက်မှ ပင်စင်စားများနှင့် မိသားစုပင်စင်စားများအား ပင်စင်လစာများထုတ်ပေးလျက်ရှိပါသည်။ ထိုသို့ ပင်စင်လစာထုတ်ပေးရာတွင် မိသားစုပင်စင်လစာအား ထုတ်ယူလျက်ရှိသော အမျိုးသမီးများနှင့်ပတ်သက်၍ မေးမြန်းတင်ပြလိုပါတယ်ခင်ဗျာ။
မိသားစုပင်စင်လစာအား ထုတ်ယူလျက်ရှိသော အမျိုးသမီးများအနေဖြင့် ပင်စင်လစာထုတ်ယူရာတွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံမှ နောက်အိမ်ထောင်မပြုကြောင်း ထောက်ခံစာအား (၆)လတစ်ကြိမ်ရယူပြီး မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိသူများထံ ပြသပြီးမှသာ ပင်စင်လစာအား ထုတ်ယူခွင့်ရရှိကြသည်ဖြစ်ပါသည်။ အဆိုပါကိစ္စတွင် မိသားစုပင်စင်ထုတ်ယူနေသော ငယ်ရွယ်သည့်အမျိုးသမီးများနှင့် လူလတ်ပိုင်းအရွယ်အမျိုးသမီးများအတွက် မှန်ကန်သင့်တော်သည့် အခြေအနေတွင်ရှိသော်လည်း အသက်(၇၀)နှစ်နှင့်အထက် အမယ်အိုကြီးများမှ မိသားစုပင်စင်လစာထုတ်ယူရန်အတွက် နောက်အိမ်ထောင်မပြုကြောင်း ထောက်ခံစာလိုအပ်ချက်အား ပယ်ဖျက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါတယ်ခင်ဗျာ။
မြန်မာအမျိုးသမီးများသည် ယဉ်ကျေးမှုဓလေ့ထုံးစံအရ မူလကပင် အရှက်အကြောက်ကြီးတတ်သူများ ဖြစ်ကြပါတယ်။ အသက်(၇၀)နှစ်နှင့်အထက် အသက်အရွယ်ရှိ အမျိုးသမီးကြီးများသည် ၎င်းတို့အသက်အရွယ်ဖြင့် နောက်အိမ်ထောင်မပြုကြောင်းထောက်ခံစာအား သက်ဆိုင်ရာ ရကွက်/ကျေးအုပ်ချုပ်ရေးမှူးရုံးများတွင် သွားရောက်ယူရန်အတွက် (၆)လတစ်ကြိမ်ရောက်တိုင်း တွန့်ဆုတ်လျက်ရှိသည်ကိုလည်း တွေ့မြင်သိရှိနေရပါတယ်ခင်ဗျာ။ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာအရလည်း အသက်(၇၀)နှစ်နှင့်အထက်ရှိ အမယ်အိုများသည် နောက်ထပ် တစ်အိုးတစ်အိမ်ထူထောင်ရန်ဆိုသည်မှာလည်း ဖြစ်နိုင်ချေမရှိသည့်အချက်တစ်ခုပင်ဖြစ်သည်ကို တွေ့ရှိရပါတယ်။
သို့ဖြစ်ပါ၍ အသက် (၇ဝ)နှစ်နှင့်အထက် အမယ်အိုများအတွက် အမျိုးသမီးများ၏ ဂုဏ်သိက္ခာနှင့်အသက်အရွယ်အား ထောက်ထားငဲ့ညှာသောအားဖြင့် ထိုအမယ်အိုများ ပင်စင်လစာထုတ်ယူရာတွင် နောက်အိမ်ထောင်မပြုကြောင်း ထောက်ခံချက်လိုအပ်နေမှုအား ပယ်ဖျက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းတင်ပြအပ်ပါတယ်ခင်ဗျာ။
အားလုံးကို ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၃ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်)
မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) မှ ဦးစိုးမင်းစမ်း မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် ၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်း နှုတ်ခွန်းဆက်သ ဂါရဝပြုအပ်ပါတယ်။
ကျွန်တော်ကတော့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းစမ်း၏ “မိသားစုပင်စင်လစာအား ထုတ်ယူလျက်ရှိသော အသက် (၇ဝ)နှစ်နှင့်အထက် အမယ်အိုများအတွက် အမျိုးသမီးများ၏ ဂုဏ်သိက္ခာနှင့်အသက်အရွယ်အား ထောက်ထားငဲ့ညှာသောအားဖြင့် ၎င်းအမယ်အိုများ ပင်စင်လစာထုတ်ယူရာတွင်နောက်အိမ်ထောင်မပြုကြောင်း ထောက်ခံချက်လိုအပ်နေမှုအား ပယ်ဖျက်ပေးနိုင်ခြင်း ရှိ / မရှိ မေးခွန်း”နှင့်ပတ်သက်၍ ရှင်းလင်းဖြေကြားအပ်ပါတယ်။
မြန်မာ့စီးပွားရေးဘဏ်သည် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် ပင်စင်လစာထုတ်ပေးခြင်းကို ပင်စင်ဦးစီးဌာနကိုယ်စား ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် မြို့ပြငွေစာရင်းကိုဓဥပဒေအပိုဒ် ၃၃၀ တွင် မိသားစုပင်စင်လစာခံစားသည့် အမျိုးသမီးသည် ပင်စင်လျှောက်လွှာတွင် အိမ်ထောင်မပြုသေးကြောင်းနှင့် လွန်ခဲ့သည့် ၆ လအတွင်း အိမ်ထောင်မပြုခဲ့ကြောင်း ကြေညာလွှာကို ပူးတွဲတင်ပြခြင်းမပြုပါက ၎င်းအား ပင်စင်လစာထုတ်ပေးခြင်းမှရပ်ဆိုင်းရမည်ဟု ဖော်ပြထားပါတယ်။
မိသားစုပင်စင်အကျိုးခံစားခွင့်နှင့်ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၃၊ နည်းဥပဒေခွဲ(စ)တွင် “ဝန်ထမ်းသည် တာဝန်ထမ်းဆောင်နေဆဲတွင်ဖြစ်စေ၊ အငြိမ်းစားယူပြီးနောက်မှဖြစ်စေ ကွယ်လွန်ခဲ့လျှင် ကျန်ရစ်သူမိသားစုအတွက် မိသားစုပင်စင်ကို သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်” ဟု ပြဋ္ဌာန်းထားပါတယ်။
မိသားစုပင်စင်ဆက်လက်ခံစားခွင့်မရှိစေခြင်းနှင့်ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၄၉ တွင် ကျန်ရစ်သူတရားဝင်ခင်ပွန်း သို့မဟုတ် ဇနီးသည်နောက်အိမ်ထောင်ပြုခြင်း၊ ဝန်ထမ်း၏ မိသားစုဝင်အိမ်ထောင်မပြုရသေးသည့် အမျိုးသား၊အမျိုးသမီးတစ်ဦးသည် အိမ်ထောင်ပြုခြင်းဖြစ်ပါက ဆက်လက်ခံစားခွင့်မရှိစေရလို့ ပြဋ္ဌာန်းထားပါတယ်။
အဆိုပါ ပြဋ္ဌာန်းထားချက်များအရ မိသားစုပင်စင်ထုတ်ယူနေသည့် ကွယ်လွန်သူအငြိမ်းစား၏ ခင်ပွန်း/ဇနီးထံမှ နောက်အိမ်ထောင်မပြုသေးကြောင်း ကိုယ်တိုင်ခံဝန်ချက်နှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်တို့ကို (၆)လလျှင် (၁) ကြိမ် နှင့် မိသားစုပင်စင်ထုတ်ယူနေသည့်မိသားစုဝင်ထံမှအိမ်ထောင်မပြုသေးကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်တို့ကို (၆) လလျှင် (၁)ကြိမ် တောင်းခံစိစစ်ခြင်းတို့ကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။
စိစစ်ရာတွင်လည်း အသက်အရွယ်(ကျား/မ) သတ်မှတ်ချက်မရှိ မိသားစုပင်စင် ခံစားခွင့်ရရှိသူအားလုံးကို တောင်းခံစိစစ်ခြင်းဖြစ်ပါတယ်။
အငြိမ်းစားများရဲ့လစဉ်ပင်စင်နှင့်ဆုငွေ၊ အခါအားလျော်စွာခွင့်ပြုသည့်စရိတ်ကြေးငွေ စသည့် ပင်စင်အသုံးစရိတ်များကို နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲခြင်းဖြစ်ရာ နိုင်ငံဘဏ္ဍာငွေဖြင့် သုံးစွဲငွေများမှန်ကန်မှုရှိစေရန် သတ်မှတ်ချက်နှင့်အညီ စိစစ်ရခြင်းဖြစ်ပါတယ်။
အာဆီယံနိုင်ငံအချို့တွင်လည်း အငြိမ်းစားကွယ်လွန်ပြီးနောက် အိမ်ထောင်စုဝင်များသို့မိသားစုအကျိုးခံစားခွင့်ပေးရာတွင် နောက်အိမ်ထောင်မပြုကြောင်းကြေညာချက်ကို သက်ဆိုင်ရာကျေးရွာအုပ်ချုပ်သူ သို့မဟုတ် အစိုးရအရာထမ်းတစ်ဦးဦး သို့မဟုတ် ဘဏ်မန်နေဂျာ၏ ရှေ့မှောက်တွင်လက်မှတ်ရေးထိုးစေပြီး(၆)လလျှင်(၁)ကြိမ် သို့မဟုတ် (၁)နှစ်လျှင် (၁)ကြိမ်ပေးပို့ရကြောင်း လေ့လာတွေ့ရှိရပါတယ်။ အချို့သော အာဆီယံနိုင်ငံများမှာတော့ စာရင်းအင်းဆိုင်ရာအာဏာပိုင်အဖွဲ့မှ တိုက်ရိုက်ရယူခြင်း၊ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ပြည်သူ့ဝန်ထမ်းရေးရာဦးစီးဌာနတို့နဲ့ တိုက်ရိုက်ချိတ်ဆက်ရယူကြောင်း လေ့လာတွေ့ရှိရပါတယ်။
သို့ဖြစ်ပါ၍ မိသားစုပင်စင်ခံစားရရှိနေသူများအား နောက်အိမ်ထောင်မပြုကြောင်း ထောက်ခံချက်ကို တည်ဆဲဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ကျား/မ အသက်အရွယ်သတ်မှတ်ချက်မရှိ စိစစ်တောင်းခံခြင်းဖြစ်ပါကြောင်းနှင့် ထိုသို့ဆောင်ရွက်ခြင်းသည် မိသားစုပင်စင်ခံစားခွင့်ရရှိသူဦးရေမှန်ကန်စေမှုကို အထောက်အထားဖြစ်စေပြီး နိုင်ငံ့ဘဏ္ဍာလေလွင့်ဆုံးရှုံးမှုမရှိအောင် ထိန်းသိမ်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။
ကျေးဇူးတင်ပါတယ်။