Share this

ဦးဇော်မြင့်၊ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀)၏ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ကို ဆက်သွယ်ထားသော အတ္ထရံတံတား (ချောင်းနှစ်ခွ)အား အမြန်ဆုံးပြန်လည်ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

Wednesday, July 22, 2026 - 13:15
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

U Zaw Myint

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၀ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်)

မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) မှ ဦးဇော်မြင့်

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

မွန်ပြည်နယ်-မော်လမြိုင်-မုဒုံ-ကျိုက်မရောနှင့် ကရင်ပြည်နယ်-မဲသရော-လှိုင်းကွယ်-ကော့ကရိတ်-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူသို့ဆက်သွယ်ထားသော အတ္ထရံတံတား (ချောင်းနှစ်ခွ) အလျား (၉၀၀)ပေ၊ အနံ(၃၀)ပေ၊ သံကူကွန်ကရစ်ယက်မ၊ သံမဏိဘောင်ခန်းဖွဲ့ (RC ၆၀ ပေ x ၃) ခန်း + (PC ၁၂၀ ပေ x ၄) ခန်း၊ (သံမဏိသံဘောင် ၂၄၀ ပေ x ၁) ခန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ခဲ့ပြီး (၁၀.၁၀.၂၀၁၅) ခုနှစ်တွင် တံတားကြီးကို ဖွင့်လှစ်အသုံးပြုနိုင်ခဲ့ပါသည်။

အဆိုပါ တံတားကြီးကို (၁၇.၁၁.၂၀၂၃) ခုနှစ်တွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ မိုင်းခွဲဖျက်စီးခဲ့ရာ တံတားကြီး၏ ရေလယ်သံမဏိသံဘောင် ပေ(၂၄၀)တစ်ခန်းသာ ရေထဲပြုတ်ကျပျက်စီးခဲ့ပါသည်။ ဒါကြောင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ ပြည်သူများ မော်တော်ယာဉ်များသွားလာရန် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများ ကြုံတွေ့နေရသောကြောင့် အမြန်ဆုံးပြန်လည်ပြုပြင်ပေးနိုင်ခြင်း ရှိ/မရှိနှင့် ပြန်လည်ပြုပြင်ပေးမည်ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်ကို သိရှိလိုသောကြောင့် လေးစားစွာမေးမြန်းတင်ပြအပ်ပါသည်။


တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၀ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်)

မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) မှ ဦးဇော်မြင့် မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍

ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ၏ ဖြေကြားချက်

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး၊ ဒုတိယဥက္ကဋ္ဌကြီးနှင့်တကွ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ

ကျွန်တော်ကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) ဦးဇော်မြင့် မှမေးမြန်းထားတဲ့ “မွန်ပြည်နယ် မော်လမြိုင်-မုဒုံ-ကျိုက်မရောနှင့် ကရင်ပြည်နယ် မဲသရော - လှိုင်ကွယ် - ကော့ကရိတ် - ကြာအင်းဆိပ်ကြီး - ဘုရားသုံးဆူသို့ဆက်သွယ်ထားသော အတ္ထရံတံတား(ချောင်းနှစ်ခွ)သည် ၁၇-၁၁-၂၀၂၃ ရက်နေ့တွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ မိုင်းခွဲဖျက်ဆီးခဲ့ရာ တံတားကြီး၏ ရေလယ်သံမဏိသံဘောင် ပေ(၂၄၀)တစ်ခန်း ရေထဲပြုတ်ကျပျက်စီးခဲ့ပါသဖြင့် အမြန်ဆုံးပြန်လည်ပြုပြင်ပေးရန်အစီစဉ်ရှိ/မရှိနှင့် ရှိပါကမည်သည့်ဘဏ္ဍာရေးနှစ်တွင် အကောင်အထည် ဖော်ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း”နှင့်စပ်လျဉ်း၍ မေးခွန်းအား ရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်။

ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခွင့်ပြုပါခင်ဗျာ

  • အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းသည့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ မုဒုံ-ချောင်းနှစ်ခွ-မဲသရောလမ်းပေါ်ရှိ အတ္ထရံတံတား(ချောင်းနှစ်ခွ) ၉၀၀ ပေအား ၁၇-၁၁-၂၀၂၃ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက တံတား၏ အလယ်ဗဟိုဖြစ်သော တံတားတိုင်အမှတ် P4 နှင့် P5 ကြား သံမဏိသံပေါင် ၂၄၀ ပေ(၁ ခန်း)အား ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပြိုကျပျက်စီးခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ပါတယ်။
  • အဆိုပါတံတား၏ ပျက်စီးသွားသော တံတားတိုင်အမှတ် P4 နှင့် P5 ကြား သံမဏိသံပေါင်(၂၄၀)ပေအား ဖျက်သိမ်းနိုင်ရေးအတွက် အသုံးပြုရန် လိုအပ်သော Barge ၊ Z Craft ၊ Crane တို့အားရေလမ်းကြောင်းမှ သယ်ယူရမည်ဖြစ်ပါတယ်။ 
  • ပျက်စီးသွားသော တံတားကွန်ကရစ်ကြမ်းခင်းများနှင့် သံပေါင်အစိတ်အပိုင်းများအား ရေငုပ်၍ ရေအောက်တွင် ဖြတ်တောက်ဆောင်ရွက်ပြီးမှသာ ရေထဲမှ ခက်ခဲစွာဖယ်ရှားရမည်ဖြစ်တယ်။
  • ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ သံပေါင်နှင့် တံတားကြမ်းခင်း(တန် ၇၅၀ ခန့်) ဖျက်သိမ်းခြင်းလုပ်ငန်းအတွက်ဆောင်ရွက်မည့် အခြေအနေများအား ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ပါတယ်။
  • အတ္ထရံတံတား(ချောင်းနှစ်ခွ)၏ ပျက်စီးသွားသော တံတားတိုင်အမှတ် P4 နှင့် P5 ကြား သံမဏိသံပေါင် ၂၄၀ ပေ (၁)ခန်း၏နေရာတွင် ပြန်လည်တည်ဆောက်မည့် သံမဏိသံပေါင်တံတား ဒီဇိုင်းပုံစံအသစ်အား ရေးဆွဲပြီးဖြစ်၍ စက်ရုံတွင် ထုတ်လုပ်ရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ

  • တံတားဖျက်သိမ်းခြင်းလုပ်ငန်းအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း မြစ်ရေနည်းချိန်ကာလ ပွင့်လင်းရာသီတွင် အချိန်ယူဆောင်ရွက်ရမည်ဖြစ်ပါတယ်။
  • ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် တံတားအသစ်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လေးစားစွာ ရှင်းလင်းဖြေကြားအပ်ပါတယ်။

အားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ ။