တတိယအကြိမ်အမျိုးသားလွှတ်တော်
ဒုတိယပုံမှန် အစည်းအဝေး၊ ပဥ္စမနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်)
ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၅) ဦးထိန်လင်း ၏ မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျ-
ကျွန်တော်ကတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၅) မှ ဦးထိန်လင်းဖြစ်ပါတယ်။
ဆာ;ကျင်းကျေးရွာသည် လပွပတ္တာမြို့နယ်(၇) မိုင်သာ ဝေးကွာသော်လည်း လမ်းပန်းဆက်သွယ်ရေးအရ အခက်အခဲရှိနေပါသည်။ ယခင်က ဆားကျင်းချောင်းကို သွားလာရေးအတွက် အသုံးပြုနေကြပြီး ယခုအခါ ချောင်းတိမ်ကောလာသည့်အတွက် ရေကျချိန်တွင် စက်လှေများ သွားလာနိုင်ခြင်းမရှိတော့ပါ။ ထို့ကြောင့် လပွပတ္တာမြောက်ကျွန်းတာ ၀/၀ မိုင်မှ ၇/၀ မိုင်ကို လမ်းပန်းဆက်သွယ်ရေးအတွက် အားထားအသုံးပြုနေရပါသည်။ ၁၉၉၉ ခုနှစ်ကစပြီး ကျောက်ချောလမ်း(၄) မိုင် (၅) ဖာလုံခန့် ခင်းပေးခဲ့ပြီး ၂၀၀၈ နာဂစ်မုန်တိုင်းကြောင့် တာများပြတ်တောက်ပျက်စီးသွားခဲ့ပြီး ကျောက်ချောလမ်းအားလုံးလည်း ပျက်စီးခဲ့ပါသည်။ ဆည်မြောင်းမှတာများ ပြန်လည်ဆည်ဖို့ ပြုပြင်သည့်အတွက် ယခုအခါ မြေသားလမ်းအဖြစ် ခရီးသွားလာအသုံးပြုရပါသည်။ မြေသားလမ်းဖြစ်သည့်အတွက် နွေရာသီတွင်သာ လမ်းကြမ်းအဖြစ်အသုံးပြု၍ရရှိပြီး မိုးရာသီတွင် အသုံးမပြုနိုင်ပါ။ ထိုတာကို ရာသီမရွေးသွားလာနိုင်ရန် ကျောက်ချောလမ်း ခင်းပေးခြင်းဖြင့် ဆားကျင်းကျွေးရွာအုပ်စုရှိ ဆာကျင်း၊ ဆားကျင်းလေး၊ ထန်းလေးပင်၊ ရင်ဒီလေးစသည့် ကျေးရွာများမှ အိမ်ထောင်စု (၅၀၆)စု၊ လူဦးရေ(၂၀၀၀) ခန့်အား ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများကို လပ္ပတ္တာမြို့နှင့် ကူးသန်းသွားလာနိုင်ခြင်း၊ လယ်ယာထွက်ကုန်များသယ်ယူပို့ဆောင်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများခံစားရရှိမှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ လပ္ပတ္တာမြို့နှင့် ဆားကျင်းကျေးရွာရှိ ဆက်သွယ်အသုံးပြုနေသည့် လပ္ပတ္တာမြောက်ကျွန်းတာ ၀/၀ မိုင်မှ ၇/၀ မိုင်ကို ကျောက်ချောလမ်းခင်းပေးပါရန် မေးမြန်းတင်ပြခြင်းဖြစ်ပါသည်။
တတိယအကြိမ်အမျိုးသားလွှတ်တော်
ဒုတိယပုံမှန် အစည်းအဝေး၊ ပဥ္စမနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်)
ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၅) မှ ဦးထိန်လင်း၏ ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ ၊ ဧည့်သည်တော်ကြီးများခင်ဗျား။
မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။
ကျွန်တော်ကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်ဖြစ်ပါတယ်။
အချက်အလက်များဖြင့် တင်ပြနိုင်ရန်အတွက် Power Point အသုံးပြုခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။
၁။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိန်လင်း၏ လပ္ပတ္တာမြို့နှင့် ဆားကျင်းကျေးရွာကို ဆက်သွယ်အသုံးပြုနေသည့် လပ္ပတ္တာမြောက်ကျွန်းတာကို ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဖြေကြားသွားမှာဖြစ်ပါတယ်။
၂။ ဧရာဝတီတိုင်းဒေသကြီး၊ လပ္ပတ္တာခရိုင်၊ လပ္ပတ္တာမြို့နယ်အတွင်းရှိ လပ္ပတ္တာမြောက်ကျွန်းတာအား ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်ငွေဖြင့် အောက်မြန်မာပြည် စပါးစိုက်ပျိုးမှု တိုးတက်ဖွံ့ဖြိုးရေးစီမံကိန်း (အပိုင်း-၂) အဖြစ် (၁၉၈၉) ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပါတယ်။
၃။ ကျွန်းပတ်တာအတွင်း ပိုလျှံမိုးရေများအား စွန့်ထုတ်နိုင်ရန်နှင့် ကျွန်းပြင်ပမှ ရေငန်ဝင်ရောက်မှုကို ကာကွယ်ရန် ရေတံခါး(၁၁) လုံးကိုပါ ထည့်သွင်းတည်ဆောက်ခဲ့ပါတယ်။ မိုးစပါးဧရိယာ (၂၀၂၇၀) ဧကအား အကျိုးပြုလျက်ရှိပါတယ်။
၄။ ရေတံခါးများကို (အချင်း ၄ ပေ) ကွန်ကရစ်ပိုက်လုံးများဖြင့် ဒီဇိုင်းပြုတည်ဆောက်ထားပြီး ခံနိုင်ဝန်အားမှာလည်း နှစ်ကာလကြာမြင့်ပြီဖြစ်၍ (၃)တန်အောက်ယာဉ်များသာ ခွင့်ပြုနိုင်သည့်အခြေအနေဖြစ်ပါတယ်။
၅။ လွှတ်တော်ကိုယ်စားလှယ်မေးခွန်းပါ လပ္ပတ္တာမြောက်ကျွန်းတာ တာမိုင်၏အစသည် လပ္ပတ္တတာမြို့၊ အမှတ်(၂)ရပ်ကွက်တွင်စတင်ပြီး မြို့ဧရိယာအတွင်း အလျား(၁) မိုင် ပါဝင်ပါသည်။
၆။ ကျောက်ချောလမ်းခင်း လိုသောနေရာသည် လပ္ပတ္တာမြို့၊ အမှတ်(၂)ရပ်ကွက်မှ ဆားကျင်းကျေးရွာအထိ ဘပ္ပတ္တာမြောက်ကျွန်းတာ တာမိုင်အစမှ ၇ မိုင်အတွင်း နေရာဖြစ်ပါတယ်။
၇။ အဆိုပါနေရာတွင် တာထိပ်အကျယ် (၁၂) ပေရှိပြီး တာပေါင်အမြင့်မှာ ပျမ်းမျှ(၈)ပေ ဖြစ်ပါတယ်။
၈။ လပ္ပတ္တာမြို့တွင်း ဧရိယာဖြစ်သော တာမိုင်အစမှ ၅ ဖာလုံကြားတွင် အလျား (၅) ဖာလုံခန့်မှာ ကျောက်ကြမ်းလမ်းခင်း၍ အသုံးပြုသွားလာလျက်ရှိပါတယ်။
၉။ ကျောက်ချောလမ်းခင်းလိုသောအပိုင်းအတွင်း တာမိုင်အစမှ ၁ မိုင် ၆ ဖာလုံတွင် ဓနိတန်းရေတံခါး (အချင်း ၄ ပေ၊ ၂ ပေါက်) ၊ တာမိုင်အစမှ ၅ မိုင် ၆ ဖာလုံတွင် လက်ဝဲခွဲရေတံခါး (အချင်း ၄ ပေ၊ ၅ ပေါက်) တို့ တည်ရှိပါတယ်။
၁၀။ လပ္ပတ္တာမြောက်ကျွန်းတာ တာမိုင်အစမှ ၇ မိုင်အတွင်း ကျောက်ချောလမ်းခင်းလိုသည့် တည်နေရာပြမြေပုံ၊ ကျောက်ချောလမ်းခင်းခဲ့သည့်နေရာနှင့် တာပေါ်တွင် ရေတံခါးရှိနေမှု အခြေအနေပြ မှတ်တမ်းဓာတ်ပုံတို့ဖြစ်ပါတယ်။
၁၁။ ဌာနမှတည်ဆောက်ထိန်းသိမ်းထားသော တာတမံများမှာ မြေသားတာတမံများဖြစ်သည့်အပြင် မိုးရွာသောဒေသဖြစ်ခြင်းကြောင့် တာနိမ့်ကျခြင်း၊ ရေတိုက်စားခြင်းများရှိပါသဖြင့် ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက်ချက်ရှိခြင်း၊ တာတမံပေါ်တွင် ကျောက်ချောလမ်းခင်းမည်ဆိုပါက မြေသားတာတမံဖြစ်၍ သတ်မှတ်တာထိပ်အမြင့်အောက် နိမ့်ကျသည့်အခါ စက်ယန္တရားကြီးများဖြင့် ပြန်လည်မြေဖို့ပြုပြင်ဆောင်ရွက်ရပြီး ကျောက်ချောလမ်းများအနေဖြင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်နိုင်ခြင်း၊ တာတမံများတွင် ထည့်သွင်းတည်ဆောက်ထားသော ရေတံခါးများကို ဒီဇိုင်းပုံစံအရ ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာမှုကို ဝန်အားခံနိုင်ရည်မရှိသဖြင့် ပျက်စီးနိုင်ခြင်းတို့ကြောင့် တာတမံများပေါ်တွင် အခိုင်အမာလမ်းများ ဆောင်ရွက်ရန် မသင့်လျော်သော အခြေအနေဖြစ်ပါတယ်။
၁၂။ သို့ဖြစ်ပါ၍ လုပ်ငန်းသဘာဝနှင့် မြေပြင်အခြေအနေအရ တာတမံများပေါ်တွင် အခိုင်အမာလမ်းများ ဆောင်ရွက်ရန်မှာ သင့်လျော်မှုမရှိပါ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် လပ္ပတ္တာမြို့နယ်၊ လပ္ပတ္တာမြို့နှင့် ဆားကျင်းကျေးရွာကို ဆက်သွယ်အသုံးပြုနေသည့် လပ္ပတ္တာမြောက်ကျွန်းတာ တာမိုင်အစမှ ၇ မိုင်အထိ ရာသီမရွေး သွားလာနိုင်သော ကျောက်ချောလမ်းခင်းပေးရန် အစီအစဉ်မရှိပါကြောင်း တင်ပြအပ်ပါတယ်။
၁၃။ သို့ရာတွင် ဒေသဖွံ့ဖြိုးရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရန်လိုအပ်ပါက နှစ်စဉ်ပြုပြင်ထိန်းသိမ်းနေရသော တာတမံပေါ်၌ လမ်းခင်းခြင်းမပြုဘဲ တာ၏အတွင်းဘက်ခြမ်းတွင် တစ်ဆင့်နိမ့်သော (Second Berm) ပြုလုပ်၍ လိုအပ်သောအမြင့်၊ အကျယ်ဖြင့် လမ်းခင်းခြင်း ဆောင်ရွက်နိုင်ပါတယ်။ ရေတံခါးအဝင်အထွက် မြောင်းနေရာများတွင်လည်း ဝန်အားခံနိုင်ရည်ရှိသော မြောင်းကူးတံတားများ ထည့်သွင်းဆောင်ရွက်နိင်ပါတယ်။
၁၄။ ထိုကဲ့သို့ ဆောင်ရွက်ပါက လမ်းတည်ဆောင်ခြင်းနှင့် သက်ဆိုင်သော ဌာနအဖွဲ့အစည်းများအနေဖြင့် လမ်းကိုလိုအပ်သလို တည်ဆောက်ထိန်းသိမ်းခြင်းများ ဆောင်ရွက်နိုင်ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့်လည်း တာတမံကို လိုအပ်သလို ပြုပြင်ထိန်းသိမ်းနိုင်မည်ဖြစ်ရာ နှစ်ဦးနှစ်ဖက် အဆင်ပြေချောမွေ့စေမည်ဖြစ်ပြီး ဒေသအတွက် အကျိုးရှိစေမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။