Share this

ဦးထွန်းအောင်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်သည် (၈-၁၁-၂၀၂၃)ခုနှစ်မှစတင်၍ စစ်ဘေးဒဏ်သင့်ခဲ့ရပြီး ထီးချိုင့်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ စာသင်ကျောင်းဆောင်(၇)ဆောင်သည် စစ်‌ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ရှိနေပါသဖြင့် အလျင်အမြန်ပြုပြင်ပေးရန် လိုအပ်နေပါသောကြောင့် အစိုးရအနေဖြင့် အကြီးစားပြုပြင်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် ပြုပြင်ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

Friday, July 10, 2026 - 15:00
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

U Tun Aung Win

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၅ ရက်မြောက်နေ့

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်)

စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) မှ ဦးထွန်းအောင်ဝင်း

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ထီးချိုင့်မြို့နယ်သည် (၈-၁၁-၂၀၂၃)ခုနှစ်မှစတင်၍ စစ်ဘေးဒဏ်သင့်ခဲ့ပါသည်။ ထိုသို့ စစ်ဘေးဒဏ်သင့်ရာတွင် ထီးချိုင့်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ စာသင်ဆောင်(၇)ဆောင်မှာ ထိခိုက်ပျက်စီးခဲ့၍ အကြီးစားပြင်ဆင်မှုပြုလုပ်ရန် လိုအပ်လျက်ရှိပါသည်။ ကျောင်းဆောင်များ၏ ပျက်စီးမှုအဆောက်အဦ အတိုင်းအတာများအား ပူးတွဲတင်ပြထားပါသည်။ ထီးချိုင့်မြို့နယ်တွင်(၉-၅-၂၀၂၆)ရက်နေ့မှစတင်၍ ပညာရေးဝန်ထမ်းများ စတင်တာဝန်ထမ်းဆောင်လျက်ရှိပြီး ကျောင်းဆောင်ရှင်းလင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်လျက်ရှိပါသည်။ တင်ပြပါကျောင်းဆောင်များမှာ (၂၀၂၃)ခုနှစ်မှစတင်၍ ရာသီဥတုဒဏ်ခံရသည့် ကျောင်းဆောင်ဖြစ်သောကြောင့် အလျင်အမြန်ပြုပြင်ရန် လိုအပ်လျက်ရှိပါသည်။ အချိန်ကြာမြင့်လေ ရာသီဥတုဒဏ်ကြောင့် ပိုမိုပျက်စီးလေဖြစ်သောကြောင့် နိုင်ငံတော်ဘဏ္ဍာများစွာ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်စေပါသည်။ အချိန်မီပြုပြင်နိုင်ပါက ပျက်စီးဆုံးရှုံးမှုသက်သာစေပြီး ကျောင်းသူ/ကျောင်းသားများ (၂၀၂၆ -၂၀၂၇) ပညာသင်နှစ်အမီ စာသင်ဆောင်များရရှိပြီး ၊ ဘေးအန္တရာယ်ကင်းရှင်းစွာ ကျောင်းတက်နိုင်မည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ထီးချိုင့်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စစ်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအား နိုင်ငံတော်အနေဖြင့် အကြီးစားပြုပြင်ထိန်းသိမ်းပေးနိုင်ခြင်းရှိမရှိနှင့် ပြုပြင်ထိန်းသိမ်းပေးမည်ဆိုပါက မည်သည့်ကာလအတွင်း ဆောင်ရွက်ပေးမည်ကို ဖြေကြားပေးပါရန် လေးစားစွာဖြင့် မေးမြန်းရခြင်း ဖြစ်ပါသည်။


 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၅ ရက်မြောက်နေ့

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်)

စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) မှ ဦးထွန်းအောင်ဝင်း မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ၏ ဖြေကြားချက်

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင်တကွ လွှတ်တော်ကိုယ်စားလှယ်များအားလုံး၊ မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်ခင်ဗျား။

ကျွန်တော်ကတော့ ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) ဦးထွန်းအောင်ဝင်း၏ “စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်သည် (၈-၁၁-၂၀၂၃)ခုနှစ်မှစတင်၍ စစ်ဘေးဒဏ်သင့်ခဲ့ရပြီး ထီးချိုင့်မြို့နယ်အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ စာသင်ကျောင်းဆောင်(၇)ဆောင်သည် စစ်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများရှိနေပါသဖြင့် အလျင်အမြန်ပြုပြင်ပေးရန် လိုအပ်နေပါသော ကြောင့် အစိုးရအနေဖြင့် အကြီးစားပြုပြင်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် ပြုပြင်ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းပြီး” မေးမြန်းထားတဲ့ကြယ်ပွင့်ပြမေးခွန်းကို ဖြေဆိုသွားမှာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဆောင်(၇)ဆောင်ရှိပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းများ၏ ဖျက်စီးမှုကြောင့် ပျက်စီးမှုအခြေအနေကိုသက်ဆိုင်ရာမြို့နယ်စီမံခန့်ခွဲရေးအဖွဲ့နှင့် မြို့နယ်ပညာရေးမှူးတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ကျောင်းဆောင်(၇)ဆောင်အနက် နဝဒေးဆောင်(စာကြည့်တိုက်)၊ သိပ္ပံဆောင်၊ မြဝတီဆောင်၊ ရွှေရတုဆောင်၊ မိုးနတ်ရှင်ဆောင်တို့မှာ ကျပ်သန်း(၂၀)အောက် အသေးစားပြင်ဆင်ရန်လိုအပ်ပြီး လက်ဝဲသုန္ဒရဆောင်အား ကျပ်သန်း(၂၀)အထက် အကြီးစားပြုပြင်ရန်နှင့် မန်လည်ဆောင်မှာ လုံးဝပျက်စီးသွားပါသဖြင့် ပျက်စီးပြီး အဆိုပါနေရာတွင်အသစ်ဆောက်လုပ်ရန်လိုအပ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။

အသေးစားပြင်ဆင်ရန်လိုအပ်သော ကျောင်းဆောင်(၅)ဆောင်ကို ၂၀၂၆-၂၀၂၇  ဘဏ္ဍာရေးနှစ်မှာ ပြင်ဆင်ထိန်းသိမ်းစရိတ်ရန်ပုံငွေဖြင့် ပြုပြင်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ အကြီးစားပြင်ဆင်ရမည့် လက်ဝဲသုန္ဒရဆောင်နှင့် ဖျက်သိမ်းဆောက်လုပ်ရမည့် မန်လည်ဆောင်အစား (၁၄၀ x ၃၀) ပေ RCC(၂)ထပ် အသစ်ဆောက်လုပ်နိုင်ရေးအတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး)  ဘတ်ဂျက်ရရှိမှုအပေါ်မူတည်ပြီး တိုင်းဒေသကြီး၏ ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါတယ်။

အားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျား။