တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၂ ရက်မြောက်နေ့
(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်)
တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) မှ ဦးမောင်စိန်
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၏ အနောက်မြောက်ဘက် (၂၈)မိုင်ခန့်အကွာ နဘုလယ်ဒေသတွင်တည်ရှိသော ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်ပတ်သက်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန(ယခင်ပို့ဆောင်ရေးဝန်ကြီးဌာန) မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် Italian Thai Development Public Co.,Ltd အကြား နားလည်မှုစာချွန်လွှာကို ၂၀၀၈ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၌ လက်မှတ်ရေးထိုးခဲ့ကြပါသည်။
အဆိုပါစီမံကိန်း၏တည်ဆောက်ရေးလုပ်ငန်းအတွက် ၂၀၀၈ ခုနှစ်၊ ဇွန်လမှ ၂၀၀၉ ခုနှစ်၊ မေလအထိ ၂၅၀ စတုရန်းကီလိုမီတာကို လွှမ်းခြုံနိုင်သည့်ကွင်းဆင်းစမ်းသပ်မှုများ ပြုလုပ်ခဲ့ပါသည်။ ယင်းစီမံကိန်းတွင် စက်မှုဇုန်(A)မှ(F)အထိ ဇုန်(၆)ခုသတ်မှတ်၍ ရေနက်ဆိပ်ကမ်း(၂)ခုနှင့် အကြီးစားစက်မှုလုပ်ငန်းဇုန်၊ ရေနံဓာတုဆိုင်ရာစက်မှုလုပ်ငန်းများ၊ အထည်အလိပ်စက်ရုံများ၊ ဆောက်လုပ်ရေးပစ္စည်းစက်ရုံများ၊ ကားတာယာစက်ရုံများ၊ အဝတ်အစားစက်ရုံများ၊ အစားအသောက်ထုတ်လုပ်ရေးစက်ရုံ၊ လျှပ်စစ်ပစ္စည်းထုတ်စက်ရုံ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ကုန်တိုက်များ၊ ကုန်သွယ်ရေးအဆောက်အဦများ၊ အုပ်ချုပ်ရေး အဆောက်အဦများ၊ ကျောင်းများ၊ ဆေးရုံများ၊ လူနေအိမ်ရာများ စသည်ဖြင့် ပါဝင်ခဲ့ပါသည်။
ကနဦး စီမံကိန်းစတင်ဆောင်ရွက်စဉ်က စီမံကိန်းသုံးပစ္စည်းများ ရေကြောင်းမှသယ်ယူပို့ဆောင်နိုင်ရန်အတွက် ငပိတက်ကျေးရွာအနီးတွင် လုပ်ငန်းသုံးယာယီဆိပ်ခံတံတားငယ်တစ်ခုကို ITD ကုမ္ပဏီမှ တည်ဆောက်အသုံးပြုခဲ့ပါသည်။
ITD ကုမ္ပဏီအနေဖြင့် စီမံကိန်းဧရိယာအတွင်းရှိ နေအိမ်များပြောင်းရွှေ့နေရာချထားရန် နေအိမ်များတည်ဆောက်ခြင်း၊ အုပ်ချုပ်မှုဆိုင်ရာရုံး၊ ဈေးအဆောက်အဦ၊ ကျောက်ထုတ်လုပ်ငန်းစီမံကိန်း၊ ထားဝယ်စီမံကိန်းဧရိယာ နဘုလယ်ဒေသမှထိုင်းနိုင်ငံနယ်စပ် ထီးခီးဒေသအထိ လမ်းအူကြောင်း(မြေသားလမ်း) ဖောက်လုပ်ခြင်းစသည်တို့ကို ဆောင်ရွက်ခဲ့ပါသည်။
ITD ကုမ္ပဏီမှ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးဆိုင်ရာအခက်အခဲကြောင့် မြန်မာဆိပ်ကမ်းအာဏာပိုင်နှင့် ITD တို့စာချုပ်ချုပ်ဆိုခဲ့သော သဘောတူစာချုပ်အား ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလတွင် ရပ်ဆိုင်းခဲ့ပါသည်။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းသည် ထိုင်း-အိန္ဒိယသမုဒ္ဒရာ အာရှကုန်သွယ်ရေးလမ်းကြောင်းအတွက် အရေးကြီးသည့် ကုန်သွယ်ရေးတံခါးဖြစ်၍ နိုင်ငံ၏လူမှုစီးပွားဘဝအတွက် အထောက်အကူပြုနိုင်သည့် စီမံကိန်းကြီးဖြစ်ပါသည်။ ယင်းစီမံကိန်းပြီးမြောက်ချိန်တွင် ထားဝယ်ဒေသသည် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုများပြားလာခြင်းနှင့်အတူ မြို့ပြဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး နိုင်ငံအတွက်အရေးပါသည့် ကုန်သွယ်မှုလမ်းကြောင်းဖြစ်လာကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိလာပြီး နိုင်ငံ၏စီးပွားရေး ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ကျွန်တော်မေးမြန်းလိုတဲ့မေးခွန်းကတော့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသတွင် ဆောင်ရွက်မှုရပ်တန့်လျက်ရှိသော ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းအပ်ပါသည်။
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၂ ရက်မြောက်နေ့
(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်)
တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) မှ ဦးမောင်စိန် မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနဲ့တကွ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်လာတဲ့ပြည်ထောင်စုအဆင့်ကိုယ်စားလှယ်တော်ကြီးများနှင့် ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) ဦးမောင်စိန်၏ “တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသတွင် ဆောင်ရွက်မှုရပ်တန့်လျက်ရှိသော ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ” ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတို့၏ ဖြေကြားချက်များနှင့်ပေါင်းစပ်၍ ကျွန်တော် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့အတွင်းရေးမှူး ဦးဝင်းမြင့်ခိုင် က ဖြေကြားတင်ပြသွားမှာဖြစ်ပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ၂၀၀၈ ခုနှစ် မေလ ၁၉ ရက်တွင် မြန်မာ- ထိုင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက MoU between the Government of the Kingdom of Thailand and the Government of the Union of Myanmar on the Development of Dawei Deep Seaport and Road Link to Bangkok ကို လက်မှတ်ရေးထိုးပြီး ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို စတင်ခဲ့ခြင်းဖြစ်ပါတယ်။
၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂ ရက်တွင် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် Italian-Thai Development Public Co., Ltd (ITD) တို့အကြား မူဘောင်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြပါတယ်။ စီမံကိန်းသည် လုပ်ငန်းပမာဏကြီးမားပြီး ITD အနေဖြင့် ရင်းနှီးမြှုပ်နှံမှုငွေကြေးအခက်အခဲများ၊ လုပ်ငန်းသဘော သဘာဝမတူညီမှုများကြောင့် ITD သည် စီမံကိန်းကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည့်အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ITD တို့သည် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်တွင် Termination Agreement ကို လက်မှတ်ရေးထိုး၍ စီမံကိန်းလုပ်ငန်းများကို ရပ်စဲခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ပထမအကြိမ် စီမံကိန်းရပ်စဲပြီးနောက်ပိုင်း ၂၀၁၅ ခုနှစ်အတွင်း စီမံကိန်းအတွက် တင်ဒါပြန်လည်ခေါ်ယူရာမှာ နိုင်ငံတကာမှကုမ္ပဏီများက ယှဉ်ပြိုင်ခဲ့သော်လည်း ထိုင်းနိုင်ငံမှ ITD ကပဲ ဆက်လက်လုပ်ကိုင်ခွင့်ရရှိခဲ့ပါတယ်။ ITD အနေဖြင့် လုပ်ငန်းစာချုပ်များကို စည်းကမ်းချက်များနှင့်အညီ စီမံကိန်းအား အကောင်အထည်ဖော်ရန် ပျက်ကွက်လာမှုများ ရှိလာခဲ့ပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ ITD သို့ စီမံကိန်းရပ်ဆိုင်းကြောင်း Notice of Termination ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၀ ရက်တွင် ပေးပို့ခဲ့ပြီး အများပြည်သူများသိရှိစေရန် Public Announcement အား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်တွင် ဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါဆောင်ရွက်ခဲ့မှုများ မှန်ကန်ကြောင်းကို ထားဝယ်မြို့တရားရုံး၌ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင် ကျမ်းကျိန်လွှာမှတ်ပုံတင်အမှတ် (၄၆/၂၀၂၄) ဖြင့် ကျမ်းကျိန်ဆိုပြီး ITD နှင့် စီမံကိန်းကို ရပ်ဆိုင်းခဲ့ပြီးဖြစ်ပါကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ ဖြေကြားထားပါတယ်။
မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများသာမက ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်အတွက် မြန်မာ- ရုရှား အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် (Inter-governmental Russia-Myanmar Commission for Trade and Economic Cooperation) ကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကော်မရှင်အစည်းအဝေးများကို နှစ်နိုင်ငံအလှည့်ကျ ကျင်းပလျက်ရှိပါတယ်။
မြန်မာနိုင်ငံ၊ နေပြည်တော်၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သည့် ပဥ္စမအကြိမ် မြန်မာ-ရုရှား အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကော်မရှင်အစည်းအဝေးတွင် နှစ်နိုင်ငံအကြား ဥပဒေမူဘောင်များ၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ပို့ဆောင်ရေး၊ ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်မှု၊ ဘဏ်လုပ်ငန်းနှင့် ငွေကြေး၊ သတင်းအချက်အလက်၊ ဆက်သွယ်ရေးနည်းပညာ၊ ခရီးသွားလုပ်ငန်း၊ ပညာရေး၊ သိပ္ပံနှင့် ကျန်းမာရေးစောင့်ရှောက်မှု စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပြီး ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းနှင့် အနီးဝန်းကျင်တွင် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ရည်ရွယ်သည့်စာလွှာ (Memorandum of Intent-MOI ) ကို ပဥ္စမအကြိမ် မြန်မာ - ရုရှား အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကော်မရှင်၏ မျက်နှာစုံညီအစည်းအဝေးအပြီးတွင် နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ပါကြောင်း အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဖြေကြားထားပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီသည် စီမံကိန်းကို ပြန်လည်စတင်နိုင်ရန် ယခင်ရေးဆွဲခဲ့သည့် ITD Master Plan ၊ အိမ်နီးချင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Neighbouring Countries Economic Development Cooperation Agency -NEDA) ရဲ့ Master Plan နှင့် Japan International Cooperation Agency - JICA Study တို့ကိုအခြေခံ၍ လက်ရှိအခြေအနေအရ အသင့်တော်ဆုံးဖြစ်မည့် စီမံချက်ကို ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ အဆင့် (၃) ဆင့်ခွဲကာ အကောင်အထည်ဖော်ဆောင်သွားရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ ဖြေကြားထားပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းနယ်နိမိတ် (Port Limit) သတ်မှတ်နိုင်ရေးအတွက် ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ အပြီးသတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဖြေကြားထားပါတယ်။
ယခုအခါ ရပ်တန့်နေသော တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသတွင် တည်ရှိသည့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအား ၂၀၁၄ ခုနှစ်၊ မြန်မာအထူးစီးပွားရေးဇုန်ဥပဒေအရ ရင်းနှီးတည်ဆောက်သူနှင့်အတူ အခြားလိုအပ်သော လုပ်ငန်းစဉ်များကို ဆောင်ရွက်နေပြီး စီမံကိန်းအား ပြန်လည်စတင်ဆောင်ရွက်လျက်ရှိပါကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်စိန်၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားအပ်ပါတယ်။