Share this

ဦးမောင်စိန်၊ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃)၏ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ အုန်းပင်ကွင်းကျေးရွာအုပ်စုနှင့် သဲချောင်းကျေးရွာအုပ်စုအကြားရှိ အလျား(၂၅)ပေ၊ အနံ(၂၀)ပေ၊ အမြင့်(၁၀)ပေရှိသော ကျေးရွာချင်းဆက်တံတားမှာ ပြိုကျပျက်စီးလာပါသဖြင့် RC သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

Wednesday, July 8, 2026 - 13:00
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

 

U Maung Sein

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၄ ရက်မြောက်နေ့

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်)

တနင်္သာတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) မှ ဦးမောင်စိန်

မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ အုန်းပင်ကွင်းကျေးရွာအုပ်စုနှင့် သဲချောင်းကျေးရွာအုပ်စုအကြား ကျေးရွာချင်းဆက်တံတားဖြစ်သော သဘွတ်ချောင်းကျေးရွာ၊ ရွာလယ်တံတား အလျား(၂၅)ပေ၊ အနံ(၂၀)ပေ၊ အမြင့်(၁၀)ပေမှာ ပျက်စီးနေပါသည်။

ယင်းတံတားသည် သဲချောင်းကျေးရွာအုပ်စုနှင့်အုန်းပင်ကွင်းကျေးရွာအုပ်စုအကြားတွင်ရှိပြီး ကျေးရွာသူ၊ ကျေးရွာသား ၄၀၀၀ ဦးခန့် မှီခိုအသုံးပြုနေရသော သစ်သားတံတားဖြစ်ပါသည်။ ယခုအခါ အဆိုပါတံတားမှာ ပြိုပျက်ပျက်စီးလာပါသဖြင့် ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်ထူကိုယ်ထဖြင့် ပြုပြင်ပြီး အသုံးပြုလျက်ရှိပါသည်။

သို့ဖြစ်ပါ၍ အဆိုပါကျေးရွာချင်းဆက်တံတားကို RC သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းအပ်ပါသည်။

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

 


 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၄ ရက်မြောက်နေ့

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်)

တနင်္သာတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) မှ ဦးမောင်စိန် မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး ၏ ဖြေကြားချက်

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ကျွန်တော်ကတော့ နယ်စပ်ရေးရာဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) ဦးမောင်စိန်ရဲ့ “တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ အုန်းပင်ကွင်းကျေးရွာအုပ်စုနှင့် သဲချောင်းကျေးရွာအုပ်စုအကြားရှိ အလျား ၂၅ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၀ ပေ ရှိသော ကျေးရွာချင်းဆက်တံတားမှာ ပြိုကျပျက်စီးလာပါသဖြင့် RC သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းကို ဖြေကြားသွားမှာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်မေးမြန်းတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ အုန်းပင်ကွင်းကျေးရွာအုပ်စုနှင့် သဲချောင်းကျေးရွာအုပ်စုအကြား အလျား ၂၅ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၀ ပေရှိ တံတားကို ၂၀၀၆ ခုနှစ်တွင် တိုတယ်ကုမ္ပဏီက ကွန်ကရစ်တံတားအဖြစ် ဆောက်လုပ်လှူဒါန်းပေးခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ် သဘာဝဘေးရေကြီးမှုကြောင့် တံတားပြိုကျပျက်စီးခဲ့ပါတယ်။ ၎င်းတံတားသည် ကျေးရွာ ၂ ရွာ၊ အိမ်ခြေ ၅၁၅ အိမ်၊ လူဦးရေ ၂၇၇၄ ဦးတို့ရဲ့ ကုန်စည်စီးဆင်းမှု၊ ကျန်းမာရေးနှင့် ပညာရေးတို့ကို များစွာအကျိုးပြုပါတယ်။

အဆိုပါတံတားသည် ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ သဲချောင်းကျေးရွာအုပ်စု၊ သဲချောင်း-သပွတ်ချောင်း ကျေးရွာချင်းဆက်လမ်းပေါ်တွင် တည်ရှိပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ စီမံခန့်ခွဲသည့် လမ်းပိုင်းတွင် ပါဝင်ပါတယ်။ ယင်းလမ်းပိုင်းပေါ်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ကျောက်လမ်း ၃/၂ မိုင် ဆောင်ရွက်ပေးခဲ့ပါတယ်။ အဆိုပါတံတားနေရာသို့ ဌာနဆိုင်ရာဝန်ထမ်းများသွားရောက်၍ အသေးစိတ်ကွင်းဆင်းစိစစ်ရန်မှာ လတ်တလော လုံခြုံရေးအခြေအနေအရ ခက်ခဲလျက်ရှိပါတယ်။

သို့ဖြစ်ပါ၍ မေးမြန်းချက်ပါ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ အုန်းပင်ကွင်းကျေးရွာအုပ်စုနှင့် သဲချောင်းကျေးရွာအုပ်စုအကြား ပြိုကျပျက်စီးနေသောတံတားအား  RC သံကူကွန်ကရစ်တံတား ပြန်လည်တည်ဆောက်ပေးနိုင်ရေးအတွက် နယ်မြေလုံခြုံရေးအခြေအနေကောင်းမွန်မှသာ မြေပြင်ကွင်းဆင်းစိစစ်၍ ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ပြည်ထောင်စု/တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် နီးစပ်ရာဘဏ္ဍာနှစ်တွင် လျာထားဆောင်ရွက်မည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။