Share this

ဦးမျိုးသန့်၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆)၏ "ဧရာဝတီတိုင်းဒေသကြီး၊ မြစ်ဝကျွန်းပေါ်ရှိ မြို့များဖြစ်သော ဟင်္သာတ၊ ဇလွန်၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့များ၏ ရေမြုပ်ကိုင်းမြေများပေါ်တွင် တည်ရှိသည့် ကျေးရွာအုပ်စုများ၏ ကျေးရွာချင်းဆက်လမ်းများအား ရေမြှုပ်ကွန်ကရစ်လမ်းဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ " နှင့်စပ်လျဉ်းသည့်ကြယ်ပွင့်ပြမေးခွန်း

Thursday, June 18, 2026 - 16:00
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

U Myo Thant

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ သတ္တမနေ့

(၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်)

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆)  ဦးမျိုးသန့် မေးမြန်းသည့်

ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်းသည့်မေးခွန်း   

 

ဧရာဝတီတိုင်းမြစ်ဝကျွန်းပေါ်ရှိမြို့များဖြစ်သော ဟင်္သာတ၊ ဇလွန်၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့များ၏ အချို့ကျေးရွာအုပ်စုများသည် ရေမြုပ်ကိုင်းမြေများပေါ်တွင် တည်ရှိကြပါသည်။ မိုးအခါ မြစ်ရေတက်ချိန်တွင် တစ်ရွာနှင့်တစ်ရွာ သွားလာရာတွင်လည်းကောင်း၊ ကျေးရွာများမှ မြို့ပေါ်သို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအရ သွားလာရာတွင် စက်လှေ၊ လှေများဖြင့် သွားလာရလွယ်ကူသော်လည်း ရေကျ‌ချိန်တွင် ရွှံ့ညွန်များနှင့် သွားလာရခက်ခဲပါသည်။ ရွာချင်းဆက်၍ ရေ‌‌ကြောင်းပေါက်သည့်နေရာအထိ သွားလာရာတွင် သွားလာရခက်ခဲပါသည်။ ပြည်သူများမှ ကိုယ်ထူကိုယ်ထဖြင့် ကျေးရွာချင်းဆက်လမ်းများကို ရေမြှုပ်ကွန်ကရစ်လမ်းများ ဖောက်လုပ်၍ သွားလာကြရပါသည်။ 

ရေမြှုပ်ကွန်ကရစ်လမ်းသည် တာဘောင်မြေဖို့၍ ဖောက်လုပ်စရာမလိုဘဲ မြေမာပေါ်တွင် မြေမြုပ်၍ ကွန်ကရစ်လမ်းဖောက်လုပ်ရခြင်းဖြစ်၍ ကုန်ကျစရိတ်သက်သာစေပါသည်။ ရေမြုပ်သွားသည့်အခါ မပျက်စီးဘဲရေကျသွားသည်နှင့် သွားလာနိုင်သောလမ်းဖြစ်ပါ၍ မြစ်ဝကျွန်းပေါ် ကိုင်းမြေပေါ်တွင်တည်ရှိသည့် ‌ကျေးရွာအုပ်စုများအတွက် ပညာရေး၊ ကျန်းမာ‌ရေး၊ လူမှုရေးအတွက် ဆက်သွယ်သွားလာရာတွင်လည်းကောင်း၊ ကုန်စည်ပို့ဆောင်ရာတွင်လည်းကောင်း များစွာအကျိုးရှိမည်ဖြစ်ပါသည်။

မြေနုကျွန်းပေါ်ရှိ ကျေးရွာအုပ်စုများ၏ ကျေးရွာချင်းဆက်လမ်းများအား မှတ်ပုံတင်ရေးသွင်း၍ ရေမြှုပ်ကွန်ကရစ်လမ်းဖောက်လုပ်ရာရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းလိုပါသည်။

 


 

 တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ သတ္တမနေ့

(၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်)

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆)  ဦးမျိုးသန့် မေးမြန်းသည့်

ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ဖြေကြားချက်

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ တက်ရောက်လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ကျွန်‌တော်ကတော့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသိုက်စိုးဖြစ်ပါတယ်။

ဦးမျိုးသန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ်အမှတ်(၆)၏ “ဧရာဝတီတိုင်းဒေသကြီး၊ မြစ်ဝကျွန်းပေါ်ရှိ မြို့များဖြစ်သော ဟင်္သာတ၊ ဇလွန်၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့များ၏ ရေမြုပ်ကိုင်းများပေါ်တွင် တည်ရှိသည့် ကျေးရွာအုပ်စုများ၏ ကျေးရွာချင်းဆက်လမ်းများအား ရေမြှုပ်ကွန်ကရစ်လမ်းဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ” နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ်ဖြေကြားခြင်းဖြစ်ပါတယ်။

Power Point အသုံးပြုခွင့်ပြုနိုင်ရန် တင်ပြအပ်ပါတယ် (..........)

ရေမြှုပ်ကွန်ကရစ်လမ်းဆိုသည်မှာ ရေကြီးချိန်တွင် ရေအမြှုပ်ခံပြီး ရေကျသွားလျှင် သွားလာရေးအတွက် ပြန်လည်အသုံးပြုနိုင်သော လမ်းအမျိုးအစားဖြစ်ပါတယ်။

လမ်းဖောက်လုပ်ရာတွင် ကိုင်းတောများအချို့ကို ခုတ်ထွင်ရသဖြင့် ဂေဟစနစ်ပျက်စီးနိုင်ပြီး လမ်းကြောင့် ရေတိုက်စားမှုပုံစံပြောင်းလဲပြီး လမ်းဘေးဝဲယာတွင် မြေပြိုခြင်းများ ဖြစ်ပေါ်လာနိုင်ပါတယ်။

ရေမြှုပ်ကွန်ကရစ်လမ်းသည် ရေအောက်တွင် လနှင့်ချီ နစ်မြုပ်နေမည့်အတွက် ရေရှည်ရေဖိအားခံနိုင်ရည်ရှိစေရန်အတွက် အောက်ခံမြေသားလွှာ၊ ဒု-အခြေခံလွှာတို့အား သတ်မှတ်ခံနိုင်ရည်အားရရှိစေရန် ကွန်ကရစ် Grade အမြင့်သုံးရသည့်အပြင် ရေစိမ့်မှုခံနိုင်သော ဓာတုဆေးရည်အသုံးပြုရပြီး ရေအားကြောင့် လမ်းအက်ကွဲမှုမဖြစ်စေရန် သံကူကွန်ကရစ် လမ်းလွှာများကို စနစ်တကျထည့်သွင်းဆောင်ရွက်ရသည့်အတွက် ပုံမှန်ကွန်ကရစ်လမ်းထက် ကုန်ကျစရိတ်မြင့်မားပါတယ်။

ဧရာဝတီမြစ်ဘေးရှိ မြေအမျိုးအစားသည် သဲဆန်ပြီး ရွှံ့စေးမြေဖြစ်သည့်အတွက် ရေကြီးလျှင် လမ်းအောက်ခြေ ကျွံကျမှုမရှိစေရန် လမ်းအောက်ခြေကို ကျောက်ကြီးခင်းခြင်း(သို့မဟုတ်) Geotextile ခင်းခြင်း(သို့မဟုတ်) အောက်ခံအုတ်မြစ်စသည်တို့ကို ထည့်သွင်းဆောင်ရွက်ရသည့်အပြင် ရေမြှုပ်လမ်း၏ ဘေးနှစ်ဖက်စလုံး ရေတိုက်စားပြီး မြေကျွံမသွားအောင် လမ်းအောက်ဘက်၌ ကွန်ကရစ်မြေထိန်းနံရံ ထည့်သွင်းတည်ဆောက်ရသည့်အတွက် ကုန်ကျစရိတ် အမြင့်ဆုံးဖြစ်ပါတယ်။

တင်ပြပါပုံ(၁)ကတော့ လက်ရှိလမ်းအခြေအနေဖြစ်ပြီးတော့ ရေမြှုပ်ကွန်ကရစ် ဆောင်ရွက်ရမယ်ဆိုရင် ဆည်မြောင်းတာဘောင်အထိ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ကုန်ကျစရိတ် များပြားနိုင်ပါတယ်။

တင်ပြပါပုံ(၂)(၃)(၄) ကတော့ လမ်းဆောင်ရွက်ရမယ်ဆိုပါက  ဘေးနှစ်ဖက်စလုံး  ရေတိုက်စားမှုဖြစ်နိုင်တဲ့အတွက် ကွန်ကရစ်မြေထိန်းနံရံများ ဆောင်ရွက်ပေးရမှာဖြစ်တဲ့အတွက် ကုန်ကျစရိတ် မြင့်မားပါတယ်။

ရေပြန်ကျသွားသောအခါ ကွန်ကရစ်လမ်းပေါ်တွင် ကိုင်းတောများ၏ သဘာဝအရ နုန်းများနှင့် သဲများထူထပ်စွာ တင်ကျန်ခဲ့တတ်ပါတယ်။ ၎င်းတို့ကို မဖယ်ရှားပါက လမ်းချော်ပြီး အန္တရာယ်ရှိနိုင်သလို ‌‌ရေရှည်တွင် လမ်းပျောက်ကွယ်သွားနိုင်သဖြင့် နှစ်စဉ်ရေကျချိန်တိုင်းတွင် လူအင်အား/စက်အင်အားများဖြင့် နုန်းများဖယ်ရှားရန် လိုအပ်ပါတယ်။

သို့ဖြစ်ပါ၍ ရေမြှုပ်ကွန်ကရစ်လမ်း တည်ဆောက်မည်ဆိုပါက စတင်တည်ဆောက်မှုတွင် ကုန်ကျစရိတ်မြင့်မားခြင်း၊ ရေအောက်တွင် ခံနိုင်ရည်ရှိမည့် အားဖြည့်ကွန်ကရစ်နှင့် အောက်ခံအုတ်မြစ်ကို ခိုင်ခံအောင် ဆောက်လုပ်ရသဖြင့် ရိုးရိုးကွန်ကရစ်လမ်း၏ ကုန်ကျစရိတ်ထက် (၁.၅) ဆမှ (၂) ဆ အထိ ပိုမိုမြင့်မားကြောင်း တွေ့ရှိရပါတယ်။

အဆိုပါ လမ်းများသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် လမ်းစာရင်းတွင် ပါဝင်မှုမရှိ၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသော လမ်းများအဖြစ် ထည့်သွင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဟင်္သာတမြို့နယ် အိပ်ပျက်(အနောက်စု) - သဲရိုး ကျေးရွာချင်းဆက်လမ်းသည် လမ်းအရှည် (၁)မိုင်(၄)ဖာလုံခန့် ရှိပြီး Class-C အဆင့် မြေသားလမ်းဖြစ်၍ ရေမြှုပ်ကွန်ကရစ်လမ်းဆောင်ရွက်မည်ဆိုပါက ခန့်မှန်းကျပ် (၂၃၀၀) သန်း (၂.၃ ဘီလီယံ)ခန့် ကုန်ကျမည်ဖြစ်ပါသည်။

ဇလွန်မြို့နယ် ရေလဲ-ကျုံကျိုက်လမ်းသည် လမ်းအရှည် (၁)မိုင် (၇)ဖာလုံခန့်ရှိပြီး Class-C အဆင့် မြေသားလမ်းဖြစ်၍ ရေမြှုပ်ကွန်ကရစ်လမ်းဆောင်ရွက်မည်ဆိုပါက ခန့်မှန်းကျပ် (၂၉၀၀) သန်း (၂.၉ ဘီလီယံ) ခန့်ကုန်ကျမည်ဖြစ်ပါတယ်။

ဇလွန်မြို့နယ် သာယာကျွန်းရွာအဝင်လမ်းသည် လမ်းအရှည် (၃)ဖာလုံခန့်ရှိပြီး Class-C အဆင့် မြေသားလမ်းဖြစ်၍ ရေမြှုပ်ကွန်ကရစ်လမ်း ဆောင်ရွက်မည်ဆိုပါက ခန့်မှန်းကျပ် (၆၀၀) သန်း(၀.၆ ဘီလီယံ)ခန့် ကုန်ကျမည်ဖြစ်ပါတယ်။

မြန်အောင်မြို့နယ် အောင်မင်္ဂလာ-နန်းတော်ကျွန်းလမ်းသည် လမ်းအရှည် (၂) ဖာလုံ ခန့်ရှိပြီး Class-C အဆင့် မြေသားလမ်းဖြစ်၍ ရေမြှုပ်ကွန်ကရစ်လမ်းဆောင်ရွက်မည်ဆိုပါက ခန့်မှန်းကျပ် (၄၅၀)သန်း (၀.၄၅) ဘီလီယံ)ခန့် ကုန်ကျမည်ဖြစ်ပါတယ်။

ကြံခင်းမြို့နယ် ရေလည်ကျွန်း-အလယ်ကျွန်းလမ်းသည် လမ်းအရှည် (၁)မိုင် (၂)ဖာလုံခန့်ရှိပြီး Class-C အဆင့် မြေသားလမ်းဖြစ်၍ ရေမြှုပ်ကွန်ကရစ်လမ်းဆောင်ရွက်မည်ဆိုပါက ခန့်မှန်းကျပ်(၁၉၀၀) သန်း(၁.၉ ဘီလီယံ) ခန့် ကုန်ကျမည်ဖြစ်ပါတယ်။  

အင်္ဂပူမြို့နယ် ချင်းကုန်း-သဲထုံးကျေးရွာချင်းဆက်လမ်းသည် လမ်းအရှည် (၁)မိုင် (၄)ဖာလုံခန့်ရှိပြီး Class-C အဆင့် ကွန်ကရစ် ဘီးလမ်းဖြစ်၍ ရေမြှုပ်ကွန်ကရစ်လမ်း ဆောင်ရွက်မည်ဆိုပါက ခန့်မှန်းကျပ် (၂၄၀၀)သန်း(၂.၄ ဘီလီယံ)ခန့် ကုန်ကျမည်ဖြစ်ပါတယ်။

မြို့နယ်(၅) မြို့နယ်မှ လမ်း(၆)လမ်းအား ရေမြှုပ်ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်မည်ဆိုပါက စုစုပေါင်း ခန့်မှန်းကုန်ကျငွေ ကျပ် (၁၀,၅၅၀)သန်း (၁၀.၅၅) ဘီလီယံခန့် ကုန်ကျမည် ဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ အဆိုပါ မြစ်ဝကျွန်းပေါ်ဒေသများသည် ရေကြီးနစ်မြုပ်သည့်ဒေသဖြစ်သဖြင့် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း ကြိုတင်လေ့လာခြင်း(Feasibility Study) အား ကျွမ်းကျင်ပညာရှင်များ၊ ဆက်စပ်ဌာနဆိုင်ရာများနှင့်ပေါင်းစပ်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် လတ်တလောတွင် ရေမြှုပ်ကွန်ကရစ်လမ်း ဆောင်ရွက်ပေးရန် မရှိသေးပါကြောင်းနှင့် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း ကြိုတင်လေ့လာခြင်း( Feasibility Study) ရရှိသည့် အစီရင်ခံစာအပေါ် ရန်ပုံငွေရရှိမှုအပေါ် အခြေခံကာ ဒေသနှင့်ကိုက်ညီသောလမ်းကို ဦးစားပေးတင်ပြသည့်အတိုင်း လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။