တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၀ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်)
ကယားပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) မှ ဦးမြင့်သိန်း
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်ချင်းဆက်ဖြစ်သော လွိုင်ကော်မှ ပင်လောင်းအထိ(၆၃)မိုင်နှင့် ပင်လောင်းမှ အောင်ပန်းအထိ (၄၆) မိုင်ရှိပြီး လွန်ခဲ့သောနှစ်ပေါင်းများစွာက ရိုးရိုးကတ္တရာလမ်းမကြီးသည် အများပြည်သူသုံး သွားလာနေသောလမ်းမကြီးဖြစ်ပါသည်။ ယခုအခါ ၎င်းလမ်းမကြီးအား ကယားပြည်နယ်မှထွက်ရှိသော ပြောင်း၊ နှမ်း၊ မြေပဲနှင့် အခြားရာသီပေါ်သီးနှံများထွက်ရှိပြီး ပင်လောင်း၊ တီဂျစ်၊ နောင်ထယားမြို့များမှလည်း ဂေါရခါးသီး၊ ဂေါ်ဖီထုတ်၊ ပန်းမုံလာနှင့် အာလူး၊ ကြက်သွန်၊ ငရုတ်သီးအစရှိသော သီးနှံများကိုလည်း ၎င်းလမ်းမကြီးကိုအသုံးပြု၍ တစ်နိုင်ငံလုံးနီးပါး ပို့ဆောင်နေသောလမ်းမကြီးဖြစ်ပါသည်။ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးသက်ရောက်မှုရှိသော လမ်းမကြီးဖြစ်သဖြင့် ၎င်းမြို့နယ်များကို မြန်မာနိုင်ငံ၏ စားဖိုဆောင်အဖြစ် တင်စားခေါ်ဝေါ်လေ့ရှိကြပါသည်။ ဤလမ်းမကြီးမှာ လွန်ခဲ့သောနှစ်ပေါင်းများစွာက အသုံးပြုသွားလာနေခဲ့ပြီး အခြားပြည်နယ်နှင့်တိုင်း လမ်းမကြီးများမှာလည်း နိုင်လွန်ကတ္တရာလမ်းမအဖြစ် အသုံးပြုသွားလာနေကြသည်ကို တွေ့ရှိရပါသည်။
သို့ဖြစ်ပါ၍ ယခုအခါ ၎င်းလမ်းမကြီးသည် ကျဉ်းမြောင်းပြီး ချိုင့်ခွက်များဖြစ်ပေါ်နေသောကြောင့် လွိုင်ကော် ပင်လောင်း - အောင်ပန်းလမ်းခွဲအထိ ရိုးရိုးကတ္တရာလမ်းမကြီးအား (၁၈) ပေအကျယ် နိုင်လွန်ကတ္တရာလမ်းမကြီးအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ် ရှိ/မရှိ လေးစားစွားဖြင့် မေးမြန်းတင်ပြအပ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၀ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်)
ကယားပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) မှ ဦးမြင့်သိန်း မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍
ဆောက်လုပ်ရေးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး၊ ဒုတိယဥက္ကဋ္ဌကြီးနှင့်တကွ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနှုတ်ခွန်းဆက်သအပ်ပါတယ်။
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ
ကျွန်တော်ကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ ကယားပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) ဦးမြင့်သိန်း မှ မေးမြန်းထားတဲ့ “ကယားပြည်နယ်၊ လွိုင်ကော်၊ ပင်လောင်း၊ အောင်ပန်းလမ်းခွဲအထိ ရိုးရိုးကတ္တရာလမ်းမကြီးအား (၁၈)ပေအကျယ် နိုင်လွန်ကတ္တရာလမ်းမကြီးအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်း၍မေးခွန်းအား ရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်။
ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခွင့်ပြုပါခင်ဗျာ
လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းသည့်လမ်းသည် အောင်ပန်း-ပင်လောင်း-မိုးဗြဲ-လွိုင်ကော်လမ်းဖြစ်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းလမ်းခွဲမှ ကယားပြည်နယ်၊ နွားလဝိုးလမ်းဆုံအထိ ၉၁ မိုင် ၄ ဖာလုံရှိသည့် ပြည်ထောင်စုမှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပါတယ်။
လက်ရှိလမ်းအခြေအနေမှာ ကတ္တရာကွန်ကရစ်လမ်း ၂ မိုင် ၄ ဖာလုံ၊ ကွန်ကရစ်လမ်း ၂ မိုင်၊ ကတ္တရာလမ်း ၈၇ မိုင်၊ စုစုပေါင်း ၉၁ မိုင် ၄ ဖာလုံရှိပါတယ်။
ကယားပြည်နယ်အတွင်းမှာ လမ်းမိုင်ပေါင်း ၆၂၁ မိုင် ၂ ဖာလုံခန့်ရှိပြီး လက်ရှိလမ်းအခြေအနေမှာ ကတ္တရာကွန်ကရစ်လမ်း ၃၂ မိုင်၇ ဖာလုံ၊ ကွန်ကရစ်လမ်း ၄ ဖာလုံ၊ ကတ္တရာလမ်း ၄၃၃ မိုင် ၃ ဖာလုံ၊ ကျောက်ချောလမ်း ၂၀ မိုင် ၇ ဖာလုံ၊ အမာခံလမ်း ၂ ဖာလုံနှင့်မြေသားလမ်း ၁၃၃ မိုင် ၃ ဖာလုံဖြစ်ပါတယ်။
ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းတွင် လမ်းမိုင်ပေါင်း ၃,၄၁ဝ မိုင် ၃ ဖာလုံရှိပြီး လက်ရှိလမ်းအခြေအနေမှာ ကတ္တရာကွန်ကရစ်လမ်း ၇၃ မိုင် ၁ ဖာလုံ၊ ကွန်ကရစ်လမ်း ၃၂ မိုင် ၆ ဖာလုံ၊ ကတ္တရာလမ်း ၂,၁၄၃ မိုင် ၄ ဖာလုံ၊ ကျောက်ချောလမ်း ၂၂၅ မိုင် ၁ ဖာလုံ၊ အမာခံလမ်း ၁၁၇ မိုင် ၇ ဖာလုံ၊ မြေသားလမ်း ၆၅၉ မိုင်နှင့် ဆိုင်ကယ်လမ်း ၁၅၉ မိုင်ဖြစ်ပါတယ်။
အောင်ပန်း-ပင်လောင်း-မိုးဗြဲ-လွိုင်ကော်လမ်း၏ ကယားပြည်နယ်အပိုင်းတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ကယားပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် အောက်ပါလုပ်ငန်းများ ခွင့်ပြုထားပြီး ဖြစ်ပါတယ်-
ရှမ်းပြည်နယ်(တောင်ပိုင်း)အပိုင်းတွင်လည်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေတို့ဖြင့် အောက်ပါလုပ်ငန်းများ ခွင့်ပြုထားပြီးဖြစ်ပါတယ်-
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့်အဆိုပါလမ်း၏
ကယားပြည်နယ်၊ လွိုင်ကော်မြို့အဝင်လမ်းပိုင်းအား ပြည်ထောင်စုနှင့် ကယားပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေများဖြင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ၂၃ ပေ (၇ မီတာ) အကျယ် ကတ္တရာကွန်ကရစ်ခင်းခြင်း ၁ မိုင် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါတယ်။
ရှမ်းပြည်နယ်(တောင်ပိုင်း)တွင်လည်း ပြည်ထောင်စုနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေများဖြင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် -
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ
အဆိုပါလမ်းအား ၁၈ ပေအကျယ် ကတ္တရာကွန်ကရစ်(AC)ခင်းရန် မေးခွန်းနှင့်စပ်လျဉ်း၍ အများပြည်သူအသုံးပြုမှုများပြားသော မြို့တွင်းလမ်းပိုင်းများတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်လျာထားပြီးသည့်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်လမ်းပိုင်းများကိုလည်း ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်လျာထားသည့်အတိုင်း ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်သွားမည်ဖြစ်ပါကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့မှပေးပို့လာသော အချက်အလက်များနှင့်ပေါင်းစပ်၍ လေးစားစွာ ရှင်းလင်းဖြေကြားအပ်ပါတယ်။
အားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။