Share this

ဦးရန်နိုင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)၏ "ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်းရှိ ဝက်လာ-ဆပ်ကွင်း-အသုတ်လမ်းအရှည်(၅/၀.၉၆)မိုင်အား မြေသားလမ်းမှ ကျောက်ချောလမ်း သို့မဟုတ် ကတ္တရာ/ကွန်ကရစ်လမ်းအဖြစ် မည်သည့်ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း" နှင့်စပ်လျဉ်းသည့်မေးခွန်း

Monday, July 6, 2026 - 15:45
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

U Yan Naing Win

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၃ ရက်မြောက်နေ့

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်)

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) မှ ဦးရန်နိုင်ဝင်း

မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း

 

လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ -

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်းရှိ ဝက်လာ - ဆပ်ကွင်း - အသုတ်လမ်းသည် စုစုပေါင်းအရှည် (၅/၀.၉၆) မိုင်ရှိပြီး ဒေသခံပြည်သူများမှ ကိုယ်ထူကိုယ်ထ ဖော်ထုတ်ဖောက်လုပ်ခဲ့သော မြေသားလမ်းဖြစ်ပါသည်။

အဆိုပါလမ်းသည် ဝက်လာကျေးရွာမှ အသုတ်မြို့အထိ သစ်ပင်ကုန်းကျေးရွာ၊ ဒေါင့်ကြီးရိုးကျေးရွာနှင့် ဆပ်ကွင်းကျေးရွာတို့ကို ဖြတ်သန်းသွယ်တန်းထားပြီး Class A အဆင့် လျာထားသောလမ်းဖြစ်ပါသည်။ လက်ရှိတွင် ကျေးရွာ (၁၅) ရွာမှ အိမ်ခြေ (၁,၄၅၇) အိမ်၊ လူဦးရေ (၈,၁၈၈) ဦး တို့သည် ဤလမ်းကိုအခြေခံ၍ လူမှုစီးပွားဘဝများ ဆောင်ရွက်နေကြရပါသည်။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ဖြည့်စွက်ရန်ပုံငွေဖြင့် (၀/၂) မိုင်ကို ချောင်းကျောက်ရောမြေဖြင့် ပြုပြင်နေသော်လည်း ကျန်ရှိသည့် (၅/၀.၉၆) မိုင်မှာ ကျောက်လမ်းအဆင့်သို့ပင် ရောက်ရှိခြင်းမရှိသေးဘဲ ရာသီမရွေး သွားလာနိုင်ရန် အခက်အခဲရှိနေဆဲဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အထက်ပါမေးခွန်းအား ကြယ်ပွင့်ပြမေးခွန်းအဖြစ် လက်ခံဆောင်ရွက်ပေးပါရန် လေးစားစွာတင်ပြအပ်ပါသည်။

 


 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၃ ရက်မြောက်နေ့

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်)

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) မှ ဦးရန်နိုင်ဝင်း မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍ 

ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ၏ ဖြေကြားချက်

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ

ကျွန်တော်ကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)၊ ဦးရန်နိုင်ဝင်း မှ မေးမြန်းထားတဲ့ “ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်းရှိ ဝက်လာ - ဆပ်ကွင်း - အသုတ်လမ်းအရှည် (၅)မိုင် (၀.၉၆)ဖာလုံအား ဒေသခံပြည်သူ(၈,၀၀၀)ကျော် ရာသီမရွေးသွားလာနိုင်ရန်အတွက် မြေသားလမ်းမှ ကျောက်ချောလမ်း သို့မဟုတ် ကတ္တရာ/ကွန်ကရစ်လမ်းအဖြစ် မည်သည့်ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင်ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း”နှင့်စပ်လျဉ်းတဲ့မေးခွန်းအား ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။

ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခွင့်ပြုပါခင်ဗျာ

  • အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းတဲ့ အဆိုပါလမ်းသည် စုစုပေါင်းအရှည် ၅ မိုင် ၀.၉၆ ဖာလုံ ရှိပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပါတယ်။
  • အဆိုပါလမ်းဟာ ပုသိမ်-မုံရွာလမ်းကို ဖြတ်သန်းသွားတဲ့လမ်းဖြစ်ပြီး ပုသိမ်-မုံရွာလမ်းရဲ့ အနောက်ဘက်ခြမ်းမှာ ဝက်လာရွာမှ သစ်ဝင်ကုန်းရွာအလွန်အထိ ၂ မိုင် ၄ ဖာလုံနှင့် ပုသိမ်-မုံရွာလမ်းရဲ့ အရှေ့ဘက်ခြမ်းမှာ ဒေါင့်ကြီးရိုးရွာမှ ဆပ်ကွင်းရွာအလွန်အထိ ၂ မိုင် ၄.၉၆ ဖာလုံအရှည်ရှိပါတယ်။
  • အဆိုပါလမ်း၏ လက်ရှိလမ်းအခြေအနေမှာ ၁၂ ပေအကျယ် မြေသားလမ်း ၅ မိုင် ၀.၉၆ ဖာလုံဖြစ်ပါတယ်။
  • ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ လမ်းမိုင်ပေါင်း ၂,၇၅၃ မိုင် ၄ ဖာလုံခန့်ရှိပြီး လက်ရှိလမ်းအခြေအနေမှာ ကတ္တရာကွန်ကရစ်လမ်း ၈၄ မိုင် ၇ ဖာလုံ၊ ကွန်ကရစ်လမ်း ၃၅၂ မိုင် ၇ ဖာလုံ၊ ကတ္တရာလမ်း ၁,၂၀၂ မိုင်ခန့်၊ ကျောက်လမ်း ၄၀၇ မိုင် ၇ ဖာလုံ၊ အမာခံလမ်း ၂၂၈ မိုင် ၇ ဖာလုံနှင့် မြေသားလမ်း ၄၇၆ မိုင် ၇ ဖာလုံဖြစ်ပါတယ်။

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ

  • ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ဝက်လာ-ဆပ်ကွင်း-အသုတ်လမ်း၏ လက်ရှိမြေသားလမ်းကို ပထမအဆင့်အနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး၏ ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် ပြုပြင်ပေးမည်ဖြစ်ပြီး ဆက်လက်၍ ရာသီမရွေးသွားလာနိုင်ရန် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ဝက်လာကျေးရွာမှ သစ်ဝင်ကုန်းကျေးရွာအလွန် ပုသိမ်-မုံရွာလမ်းနှင့် ဆုံသောနေရာအထိ စုစုပေါင်း ၂ မိုင် ၄ ဖာလုံအား ကျောက်လမ်းအဆင့်မြှင့်တင်နိုင်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် လျာထားနိုင်ရေးဆောင်ရွက်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း လေးစားစွာ ရှင်းလင်းဖြေကြားအပ်ပါတယ်။

အားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ ။