Share this

ဦးရန်နိုင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)၏ "ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်နှင့် ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကျုံပျော်-ကျောင်းကုန်း-မြောင်းမြ-လပွတ္တာ လမ်းအရှည်(၁၈.၅)မိုင်ခန့်မှာ လက်ရှိတွင် ကတ္တရာများ ပေါက်ပြဲပြီး ပျက်စီးနေပါသဖြင့် တစ်နှစ်အတွင်း အပြီးသတ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ" နှင့်စပ်လျဉ်းသည့်မေးခွန်း

Monday, July 6, 2026 - 15:55
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

U Yan Naing Win

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၃ ရက်မြောက်နေ့

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်)

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) မှ ဦးရန်နိုင်ဝင်း

မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း

 

လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ -

ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရိုင်အချင်းချင်း ဆက်သွယ်ပေးထားသော ကျုံပျော်-ကျောင်းကုန်း-မြောင်းမြ- လပွတ္တာ လမ်းမကြီးသည် ဒေသတွင်းကုန်စည်စီးဆင်းမှုနှင့် သွားလာရေးအတွက် အလွန်အရေးပါသော လမ်းမကြီးဖြစ်ပါသည်။ သို့သော် အဆိုပါလမ်းပေါ်ရှိ ကျုံပျော်ခရိုင်နှင့် ကျောင်းကုန်းမြို့နယ်အတွင်းရှိ လမ်းအရှည် (၁၈.၅) မိုင်ခန့်မှာ လက်ရှိတွင် ကတ္တရာများပေါက်ပြဲကာ လမ်းဆိုးဖြစ်နေသည်မှာ ကြာမြင့်နေပြီဖြစ်ပါသည်။

လက်ရှိတွင် ဌာနမှ ဖာလုံနှင့်ချီ၍ ကွက်ကျားပြင်ဆင်မှုများ ဆောင်ရွက်နေသော်လည်း "ရှေ့ကကောင်းလျှင် နောက်ကပျက်၊ နောက်ကိုပြင်လျှင် ရှေ့ကထပ်ပျက်" ဖြစ်နေသည့်အတွက် လမ်းမှာကောင်းမွန်သွားခြင်းမရှိဘဲ နိုင်ငံတော်ဘတ်ဂျက်များသာ အလေအလွင့်ဖြစ်နေရပါသည်။ ဒေသခံပြည်သူများအနေဖြင့် ဤ (၁၈.၅) မိုင်ခန့်ရှိသော လမ်းပိုင်းကို တစ်ရာသီအတွင်း အပြီးသတ် စနစ်တကျ အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် လိုလားနေကြပါသည်။

သို့ဖြစ်ပါ၍ "အဆိုပါ ကျုံပျော်ခရိုင်နှင့် ကျောင်းကုန်းမြို့နယ်အတွင်းရှိ လမ်းဆိုးဖြစ်နေသော (၁၈.၅) မိုင်အား တစ်ရာသီအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသော အခြေအနေများ၊ ဘဏ္ဍာရေးခွင့်ပြုမှုအခြေအနေ နှင့် အကောင်အထည်ဖော်မည့်အစီအစဉ်များကို သိရှိလိုပါကြောင်း" လေးစားစွာဖြင့် မေးမြန်းအပ်ပါသည်။

သို့ဖြစ်ပါ၍ အထက်ပါမေးခွန်းအား ကြယ်ပွင့်ပြမေးခွန်းအဖြစ် လက်ခံဆောင်ရွက်ပေးပါရန် လေးစားစွာတင်ပြအပ်ပါသည်။

 


 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၃ ရက်မြောက်နေ့

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်)

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) မှ ဦးရန်နိုင်ဝင်း မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍ 

ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ၏ ဖြေကြားချက်

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ

ကျွန်တော်ကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)၊ ဦးရန်နိုင်ဝင်း မှ မေးမြန်းထားတဲ့ "ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်နှင့် ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကျုံပျော် - ကျောင်းကုန်း - မြောင်းမြ - လပွတ္တာလမ်းသည် ဒေသတွင်းကုန်စည်စီးဆင်းမှုနှင့် သွားလာရေးအတွက် အလွန်အရေးပါသော လမ်းမကြီးဖြစ်ပြီး အဆိုပါလမ်းပေါ်ရှိ အရှည်(၁၈.၅)မိုင်ခန့်မှာ လက်ရှိတွင် ကတ္တရာများပေါက်ပြဲပြီး ပျက်စီးနေပါသဖြင့် တစ်နှစ်အတွင်း အပြီးသတ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ" နှင့်စပ်လျဉ်းတဲ့မေးခွန်းအား ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။

ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခွင့်ပြုပါခင်ဗျာ

လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းတဲ့လမ်းဟာ လပွတ္တာ - မြောင်းမြ - အိမ်မဲ - ကျောင်းကုန်း - ကျုံပျော်လမ်း၏ ကျောင်းကုန်း မြို့နယ်အပိုင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပါတယ်။

လက်ရှိလမ်းအခြေအနေမှာ ၁၂ ပေအကျယ် ကွန်ကရစ်လမ်း ၂ မိုင်၊ ၁၈ ပေအကျယ် ကွန်ကရစ်လမ်း ၁ မိုင်၊ ၁၂ ပေအကျယ် ကတ္တရာလမ်း ၇ မိုင် ၇ ဖာလုံ၊ ၁၈ ပေအကျယ် ကတ္တရာလမ်း ၇ မိုင် ၅ ဖာလုံ၊ စုစုပေါင်းလမ်းအရှည် ၁၈ မိုင် ၄ ဖာလုံဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ လမ်းမိုင်ပေါင်း ၂,၇၅၃ မိုင် ၄ ဖာလုံခန့်ရှိပြီး လက်ရှိလမ်းအခြေအနေမှာ ကတ္တရာကွန်ကရစ်လမ်း ၈၄ မိုင် ၇ ဖာလုံ၊ ကွန်ကရစ်လမ်း ၃၅၂ မိုင် ၇ ဖာလုံ၊ ကတ္တရာလမ်း ၁,၂၀၂ မိုင်ခန့်၊ ကျောက်လမ်း ၄၀၇ မိုင် ၇ ဖာလုံ၊ အမာခံလမ်း ၂၂၈ မိုင် ၇ ဖာလုံနှင့် မြေသားလမ်း ၄၇၆ မိုင် ၇ ဖာလုံဖြစ်ပါတယ်။

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ

လပွတ္တာ - မြောင်းမြ - အိမ်မဲ - ကျောင်းကုန်း - ကျုံပျော်လမ်း၏ ကျောင်းကုန်းမြို့နယ်အပိုင်း၌ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးရန်ပုံငွေဖြင့် ပျက်စီးမှုများပြားသော လမ်းပိုင်းတွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းအနိမ့်အမြင့်ဖြေညှိခြင်းလုပ်ငန်း ၃ ဖာလုံ ဆောင်ရွက်ရန် ခွင့်ပြုထားပြီးဖြစ်ပါတယ်။

ကြယ်ပွင့်ပြမေးခွန်းတွင်ပါဝင်သည့် လမ်းအရှည် ၁၈ မိုင် ၄ ဖာလုံ၏ လမ်းအခြေအနေမှာ-

ကောင်းမွန်သောအပိုင်း ၄ မိုင် ၆ ဖာလုံ၊

အသင့်အတင့်ကောင်းမွန်သောအပိုင်း ၆ မိုင် ၁ ဖာလုံနှင့်

ပျက်စီးမှုများပြားသောအပိုင်း ၇ မိုင် ၅ ဖာလုံဖြစ်ပါတယ်။

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ

အဆိုပါလမ်း၏ ကျောင်းကုန်းမြို့နယ်အပိုင်း ၁၈ မိုင် ၄ ဖာလုံအား တစ်နှစ်အတွင်း အပြီးသတ်အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးသော်လည်း လတ်တလော သွားလာမှုအဆင်ပြေစေရန်အတွက် ပျက်စီးမှုများပြားသည့် လမ်းမိုင်အရှည် ၇ မိုင် ၅ ဖာလုံအား ဦးစားပေးအဖြစ် လမ်းအနိမ့်အမြင့်ဖြေညှိခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်မှစတင်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် လျာထားနိုင်ရေးဆောင်ရွက်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း လေးစားစွာ ရှင်းလင်းဖြေကြားအပ်ပါတယ်။

အားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျား။