တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၁ ရက်မြောက်နေ့
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်)
ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) မှ ဦးရဲရင့်စိုးညွန့်
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
တိမ်ကောလျက်ရှိသည့် ပန်းလှိုင်မြစ်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မဲဇလီဒလမှ ခတ္တိယရွာအထိ အလျား(၇.၅) မိုင်ခန့်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခတ္တိယရွာမှ ရန်ကုန်လှိုင်မြစ်ဝအထိ အလျား(၂၆.၅)မိုင်ခန့်၊ စုစုပေါင်းအလျား(၃၄) မိုင်ခန့်ရှိပါ သည်။ ပန်းလှိုင်မြစ်သည် ယခင်က ရေယာဉ်ဝင်ထွက်သွားလာနိုင်သော မြစ်တစ်ခုဖြစ်ခဲ့သော်လည်း ၂၀၀၇ ခုနှစ်မှစ၍ မြစ်ကမ်းဝဲယာတွင် ကျူပင်၊ ကိုင်းပင်များပေါက်ရောက်ပိတ်ဆို့ခြင်းတို့ကြောင့် ရေစီးရေလာမကောင်းခြင်း၊ နှုန်းများရေပြန်အကျတွင် ပြန်လည်စီးဆင်းခြင်းမရှိဘဲ အနည်ထိုင်မှုတို့ကြောင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ပန်းလှိုင်မြစ်ကြောင်း အလျား(၃၄) မိုင်ကျော်ကို ပြန်လည်တူးဖော်ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ ပန်းလှိုင်မြစ်ကြောင်းတူးဖော်ပြီး (၁၀)နှစ်ကျော်ကြာမြင့်လာချိန်တွင် နှုန်းများပြန်လည်ပို့ချလျက်ရှိပါသည်။ ပန်းလှိုင်မြစ်၏ လက်ရှိကြုံတွေ့နေရသော အဓိကပြဿနာများ-
(က) ဆားငန်ရေဝင်ရောက်မှုကြောင့် ပန်းလှိုင်မြစ်ပတ်ဝန်းကျင်ရှိ စိုက်ပျိုးမြေများအား ခြောက်သွေ့ရာသီတွင် စိုက်ပျိုးရေပေးဝေမှုအတွက် ရေချိုမလုံလောက်ခြင်းနှင့် စိုက်ပျိုးရေပေးဝေနိုင်ရန် ယာယီရေတားတမံ နှစ်စဉ်တည်ဆောက်ရခြင်း၊
(ခ) နုန်းပို့ချမှုများခြင်းကြောင့် မြစ်ဖြတ်ပိုင်းလွန်စွာလျော့နည်းကာ ထူးကဲမိုးရေများ စီးဆင်းရာတွင် အခက်အခဲဖြစ်ခြင်း၊ ခြောက်သွေးသောရာသီတွင် ရေချိုနည်းပါးခြင်း၊ ပန်းလှိုင်မြစ်ကြောင်းအတွင်း ရေကြောင်းသွားလာအသုံးပြုမှုအတွက် အခက်အခဲဖြစ်ခြင်းနှင့် နှစ်စဉ်သောင်တူးရန် လိုအပ်ခြင်း၊
(ဂ) အင်အားပြင်းမုန်တိုင်းကာလအတွင်း မြစ်ဝကျွန်းပေါ်ဒေသတွင် ရေမျက်နှာပြင်လွန်စွာမြင့်တက်မှုကြောင့် ပန်းလှိုင်မြစ်ပတ်ဝန်းကျင်တွင် ရေကြီးမှုဖြစ်ပေါ်ခြင်း(သို့မဟုတ်) မုန်တိုင်းကာလအတွင်း ရေစီးဆင်းမှုမရှိခြင်းတို့ကို တွေ့ရှိရပါသည်။
သို့ဖြစ်ပါ၍ “ပန်းလှိုင်မြစ်ကြောင်းပြန်လည်တူးဖော်ရန်နှင့် ဆားငန်ရေနှင့် နုန်းများဝင်ရောက်ခြင်းကြောင့် ချောင်းကောမှုပြဿနာလျော့နည်းစေရန် ပန်းလှိုင်မြစ်ဝတွင် ရေတံခါးတည်ဆောက်ရန် အစီအစဉ်ရှိ/မရှိ။ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို ပြန်ကြားပေးနိုင်ပါရန် ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းတင်ပြအပ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၁ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်)
ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) မှ ဦးရဲရင့်စိုးညွန့်
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျား၊ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ဖြစ်ပါတယ်။
အချက်အလက်များဖြင့် တင်ပြနိုင်ရန်အတွက် Power Point အသုံးပြုခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲရင့်စိုးညွန့်၏ ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ရန်နှင့် ပန်းလှိုင်မြစ်ဝတွင် ရေတံခါးတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဖြေကြားသွားမှာ ဖြစ်ပါတယ်။
ပန်းလှိုင်မြစ်သည် ညောင်တုန်းမြို့နယ်၊ မဲဇလီကျွေးရွာမှ ခတ္တိယကျွေးရွာအထိ အလျား(၇.၅၂) မိုင်ခန့်မှာ ဧရာဝတီတိုင်းဒေသကြီးအတွင်းစီးဆင်းပြီး လှိုင်သာယာမြို့နယ်၊ ခတ္တိယကျွေးရွာမှ ပန်းလှိုင်ဂေါက်ကွင်းအနီး လှိုင်မြစ်ဝအထိ (၂၆.၆၀) မိုင်ခန့်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း စီးဆင်းလျက်ရှိရာ စုစုပေါင်းအလျား (၃၄.၁၂) မိုင်ခန့် ရှိပါတယ်။
ပန်းလှိုင်မြစ်ကြောင်းတစ်လျှောက်ရှိ စပါးနှင့် အခြားသိန်းစိုက်ပျိုးမြေ စုစုပေါင်းဧရိယာ (၂၇၉၉၇) ဧကအား ပန်းလှိုင်မြစ်မှ ရေချိုရယူ၍ စိုက်ပျိုးနိုင်ပါတယ်။
ပန်းလှိုင်မြစ်သည် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိမ်ကောလာခဲ့မှုကြောင့် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေဖြင့် ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧရိယာ (၁၉၀၃၆) ဧကနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဧရိယာ (၁၀၁၁၂၈) ဧက၊ စုစုပေါင်း ဧရိယာ (၁၂၀၁၆၄) ဧကကို ရေကြီးနစ်မြှုပ်မှုမှ ကာကွယ်နိုင်ခဲ့ပါတယ်။
ပန်းလှိုင်မြစ်ကြောင်း တည်နေရာပြမြေပုံ ဖြစ်ပါတယ်။
ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့သည့် ဖြတ်ပိုင်းပုံကို ဖော်ပြထားခြင်းဖြစ်ပါတယ်။
ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းမဆောင်ရွက်မီ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု မှတ်တမ်းဓာတ်ပုံများဖြစ်ပါတယ်။
၂၀၁၅-၂၀၁၆ ခုနှစ်တွင် ဧရာဝတီမြစ်ရေတက်ချိန်၌ ကုက္ကိုဝမြစ်မှ ဝင်ရောက်သည့် ရေချိုကိုသွင်းယူနိုင်ရန်နှင့် ရေဘေးကာကွယ်နိုင်ရန် မြစ်အထက်ပိုင်းရှိ မဲဇလီရွာတွင် မဲဇလီ (၂) ရေတံခါးကိုတည်ဆောက်ပေးခဲ့ရာ အကျိုးပြုဧရိယာ (၄၀၀၀၀)ဧကကို ရေဘေးကာကွယ်လျက်ရှိပါတယ်။ လက်ရှိအချိန်တွင် လှိုင်သာယာမြို့နယ်၊ အနောက်ပိုင်းနည်းပညာတက္ကသိုလ်အနီး ပန်းလှိုင်မြစ်၏ ပေတိုင်(၁၅၀၀၀၀)နေရာတွင် မြေသားချောင်းပိတ်တမံကို နှစ်စဉ်တည်ဆောက်ပြီး မဲဇလီ (၂) ရေတံခါးမှသွင်းယူသည့် ရေချိုများကို သိုလှောင်၍ နွေစပါးစိုက်ဧရိယာ (၅၀၀၀)အကုန် နှစ်စဉ်စိုက်ပျိုးလျက်ရှိပါတယ်။
အဆိုပါ ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သော်လည်း မြစ်အောက်ပိုင်းဖြစ်သည့် လှိုင်မြစ်ဘက်ခြမ်းတွင် ရေထိန်းတံခါးတည်ဆောက်နိုင်ခြင်းမရှိသည့်အတွက် ပန်းလှိုင်မြစ်မှာ သဲနုန်းများပြန်လည်ဝင်ရောက်၍ ဒိုက်၊ ဗေဒါနှင့် ကျူပင်များ ပေါက်ရောက်ပိတ်ဆို့လာပြီး မြစ်ကောတစ်ခုအဖြစ် ပြန်လည်ရောက်ရှိခဲ့ပါတယ်။
တည်ဆောက်ပြီး မဲဇလီ (၂) ရေထိန်းတံခါး မှတ်တမ်းဓာတ်ပုံများကို ဖော်ပြထားခြင်းဖြစ်ပါတယ်။
ပန်းလှိုင်တံတား၏ U/S ဘက်ခြမ်းနှင့် D/S ဘက်ခြမ်းရှိ ပန်းလှိုင်မြစ်နုန်းတက် တိမ်ကောနေမှုကို ၃-၆-၂၀၂၆ ရက်နေ့တွင် တွေ့မြင်ရသည့် မှတ်တမ်းဓာတ်ပုံများဖြစ်ပါတယ်။
ပန်းလှိုင်မြစ်ကြောင်းကို ပြန်လည်တူးဖော်ပြီးပါကလည်း သဲနုန်းများပြန်လည်ဝင်ရောက်လာသဖြင့် နှစ်အနည်းငယ်အတွင်း တိမ်ကောသွားမည်ဖြစ်ရာ ရေတံခါးတစ်ခုကို ဦးစွာတည်ဆောက်ရန် လိုအပ်မည်ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်၊ မေလတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် နယ်သာလန်နိုင်ငံအစိုးရတို့သည် ရေအရင်းအမြစ်ဘက်စုံစီမံခန့်ခွဲမှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ပြီး နှစ်ဦးနှစ်ဘက်နားလည်မှုစာချွန်လွှာကို ၂၀၁၇ ခုနှစ်၊ ဧပြီလတွင်ချုပ်ဆိုခဲ့ပြီး၊ အဆိုပါ နားလည်မှုစာချွန်လွှာအရ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ပန်းလှိုင်ရေထိန်းတံခါး တည်ဆောက်ရန် နယ်သာလန်အစိုးရ၏ Develop to Build (D2B Program) အစီအစဉ်မှ ထောက်ပံ့ကူညီမှုဖြင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှု (Feasibility Study) အား ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။
ဖြစ်မြောက်နိုင်စွမ်းလေ့လာခဲ့မှု (Feasibility Study) အရ ပန်းလှိုင်မြစ်ရေထိန်းတံခါး ဒီဇိုင်းပုံစံကို လျာထားနေရာ (၁) တွင် -
(က) နည်းလမ်း A သည် ပန်းလှိုင်မြစ်နှင့် လှိုင်မြစ်ဆုံးသည့်နေရာတွင် ရေယာဉ်များ ဝင်/ထွက်နိုင်မည့်စနစ် Navigation Lock Gate မပါရှိသည့် ဒီဇိုင်းပုံစံဖြင့်လည်းကောင်း၊
(ခ) နည်းလမ်း B သည် Navigation Lock Gate ပါရှိသည့် ဒီဇိုင်းပုံစံဖြင့်လည်းကောင်း၊
လျာထားနေရာ (၂) တွင် -
(က) နည်းလမ်း C သည် ပန်းလှိုင်တံတားအနီးနေရာတွင် ရေယာဉ်များ ဝင်/ထွက်နိုင်မည့် Navigation Lock Gate ရေတံခါးမပါရှိသည့် ဒီဇိုင်းပုံစံဖြင့်လည်းကောင်း၊
(ခ) နည်းလမ်း D သည် Navigation Lock Gate ပါရှိသည့် ဒီဇိုင်းပုံစံဖြင့်လည်းကောင်း၊ နည်းလမ်း (၄) ခုဖြင့် တည်ဆောက်ရန် လျာထားခဲ့ပါတယ်။
ပန်းလှိုင်ရေထိန်းတံခါးတည်ဆောက်ရန် ပဏာမလျာထားသည့် တည်နေရာပြမြေပုံကိုဖော်ပြထားခြင်းဖြစ်ပါတယ်။
ပန်းလှိုင်ရေထိန်းတံခါး တည်ဆောက်ခြင်းလုပ်ငန်း အဆိုပြုဒီဇိုင်းပုံစံများကို ဖော်ပြထားခြင်း ဖြစ်ပါတယ်။
ပန်းလှိုင်ရေထိန်းတံခါးအား တည်ဆောက်ခြင်းဖြင့် နွေရာသီတွင် မဲဇလီ (၂) ရေတံခါးနှင့် ပန်တိုင်(၁)ရေတံခါးတို့မှ ရေချိုရယူသိုလှောင်နိုင်ခြင်း၊ မိုးရာသီတွင် မဲဇလီ (၂) ရေတံခါးအားပိတ်၍ သဲနုန်းများ မဝင်ရောက်နိုင်စေရန် ကာကွယ်နိုင်ခြင်းနှင့် တည်ဆောက်မည့် ပန်းလှိုင်ရေထိန်းတံခါးမှ ဒေသအတွင်းစီးဝင်ရေများကို ထုတ်နုတ်ခြင်းဖြင့် လှိုင်မြစ်မှနုန်းများ ပြန်လည်ဝင်ရောက်မှုမှကာကွယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမှာဖြစ်ပါတယ်။
ပန်းလှိုင်ရေထိန်းတံခါး တည်ဆောက်ခြင်းလုပ်ငန်းအတွက် ပတ်ဝန်းကျင်ရှိ စိုက်ပျိုးမြေ၊ စက်မှုဇုန်နှင့် လူနေအိမ်များ ထိခိုက်မှုအနည်းဆုံးဖြစ်သော၊ သင့်လျော်ကောင်းမွန်ပြီး ရေရှည်တည်တံ့သော ဒီဇိုင်းပုံစံရေးဆွဲရန်လိုအပ်ပြီး အဆိုပါဒီဇိုင်းအပေါ် အခြေခံ၍ တည်ဆောက်မည့်နေရာ ရွေးချယ်ခြင်းနှင့် လုပ်ငန်းနယ်နိမိတ်သတ်မှတ်ခြင်းတို့ ဆောင်ရွက်ရန် လိုအပ်မှာဖြစ်ပါတယ်။
ရွေးချယ်သည့် ဒီဇိုင်းပေါ်မူတည်၍လည်းကောင်း၊ Navigation Lock Gate ပါဝင်သောကြောင့်လည်းကောင်း၊ ဒီဇိုင်းပုံစံရေးဆွဲခြင်းနှင့် တည်ဆောက်ရေးပိုင်းဆိုင်ရာ နည်းပညာအကူအညီများ လိုအပ်မည်ဖြစ်သည့်အပြင် ပမာဏကြီးမားသည့် တည်ဆောက်ရေးစီမံကိန်းဖြစ်သည့်အတွက် ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်များပြားမည်ဖြစ်ပါတယ်။
ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းမဆောင်ရွက်မီ မြစ်ကြောင်းတစ်လျှောက်ပတ်ဝန်းကျင်ရှိ စက်မှုဇုန်များ၊ လူနေအိမ်များ၊ ကျူးကျော်နေထိုင်မှုများနှင့် ဒေသခံများ၏ စိုက်ပျိုးမြေများ ပါဝင်သွားနိုင်သည့်အတွက် ဒေသခံပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့်အဆင့်ဆင့် ညှိနှိုင်းဆွေးနွေးပြီး တူးဖော်ရမည့် ဒီဇိုင်းပုံစံရေးဆွဲခြင်း၊ လုပ်ငန်းနယ်နိမိတ်သတ်မှတ်ခြင်းများ ဦးစွာဆောင်ရွက်ရန် လိုအပ်မှာဖြစ်ပြီး ဒီရေအတက်အကျနှင့် နုန်းတင်မှုအခြေအနေများကိုလည်း တိကျစွာတိုင်းတာတွက်ချက်ရန် လိုအပ်မှာဖြစ်ပါတယ်။
ထို့အပြင် ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင်လည်း မြစ်ကြောင်းတစ်လျှောက် တူးဖော်ရာမှထွက်ရှိလာမည့် သဲနုန်းများစွန့်ပစ်ရန်အတွက် နေရာရွေးချယ်သတ်မှတ်ရန် လိုအပ်မည်ဖြစ်ပါတယ်။ ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ပြီးပါကလည်း စက်မှုဇုန်နှင့် လူနေရပ်ကွက်များမှ မြစ်အတွင်းသို့ အမှိုက်စွန့်ပစ်ခြင်းကိုတားမြစ်ခြင်း၊ စက်ရုံများမှထွက်ရှိလာသော ရေဆိုးများကို သန့်စင်ပြီးမှစွန့်ပစ်ရန်စီမံခြင်း၊ အမှိုက်သရိုက်များ၊ ဒိုက်၊ ဗေဒါများကို ဆယ်ယူဖယ်ရှားခြင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်မှာဖြစ်ပြီး ပြည်သူများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများမှလည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှာဖြစ်ပါတယ်။
ပန်းလှိုင်မြစ်ကြောင်းပြန်လည်တူးဖော်ခြင်းလုပ်ငန်းနှင့် ပန်းလှိုင်ရေထိန်းတံခါးတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ရေကြီးရေလျှံဖြစ်ပွားမှုကို လျော့နည်းသက်သာစေခြင်း၊ နွေရာသီတွင် ရေချိုထိန်းသိမ်း၍ သီးထပ်စိုက်ပျိုးနိုင်ခြင်း၊ ကုန်စည်ပို့ဆောင်ရေး ပိုမိုလွယ်ကူလာနိုင်မည်ဖြစ်ခြင်း၊ ဒီရေအတက်တွင် ဒီရေနှင့်အတူပါလာသော ရေငန်များကို ပန်းလှိုင်ရေ ထိန်းတံခါးမှတားဆီးပေးခြင်းဖြင့် မြေဆီလွှာပျက်စီးမှုကို ကာကွယ်နိုင်မည်ဖြစ်ခြင်းတို့ကြောင့် ဆောင်ရွက်သင့်သည့် လုပ်ငန်းဖြစ်ပါတယ်။ သို့ရာတွင် ပန်းလှိုင်မြစ်ကြောင်းပြန်လည်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ရန်မှာ ပန်းလှိုင်ရေထိန်းတံခါးတည်ဆောက်ပြီးမှသာ ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။
ပန်းလှိုင်ရေထိန်းတံခါး တည်ဆောက်ခြင်းလုပ်ငန်းမှာလည်း ပမာဏကြီးမားသည့် တည်ဆောက်ရေးစီမံကိန်းဖြစ်သည့်အတွက် ဘဏ္ဍာရေးဆိုင်ရာလိုအပ်ချက်များပြားသည့်အပြင် နည်းပညာလိုအပ်ချက်များရှိခြင်း၊ လုပ်ငန်းများမဆောင်ရွက်မီ၊ ဆောင်ရွက်စဉ်နှင့် ဆောင်ရွက်ပြီးကာလတစ်လျှောက်တွင် အကောင်အထည်ဖော်ရမည့်လုပ်ငန်းစဉ်များ များပြားခြင်းတို့ကြောင့် ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းနှင့် ပန်းလှိုင်ရေထိန်းတံခါးတည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန် လက်တလောတွင် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။