Share this

ဦးရှာမွေလရှဲန်၊ ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃)၏ ရှမ်းပြည်နယ်၊ မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်ကျေးရွာအုပ်စု၊ ရှေခင်ကျေးရွာ ကြိုးတံတားအား သံကူကွန်ကရစ်တံတားအဖြစ် ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

Monday, June 22, 2026 - 16:32
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

U Sha Mwe La Shan

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ နဝမနေ့

(၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်)

ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) ဦးရှာမွေလရှဲန်

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အားလုံးမင်္ဂလာပါခင်ဗျာ-

ကျွန်တော်ကတော့ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အမှတ်(၃)မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရှာမွေလရှဲန် ဖြစ်ပါတယ်။ ကျွန်တော်မေးမြန်းလိုတာကတော့ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်ကျေးရွာအုပ်စု၊ ရှေခင်ကျေးရွာအဝင်ရှိ ရှေခင်တံတားသည် သဘာဝရေဘေးကြောင့် မျှောပါပျက်စီးခဲ့ပြီး ဒေသခံများသွားလာရန် ခက်ခဲလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ အရှည်(၁၅၀)ပေ၊ အကျယ်(၁၄)ပေရှိ သံကူကွန်ကရစ်တံတား ဆောက်လုပ်ပေးနိုင်ခြင်းရှိ/ မရှိ မေးခွန်းကို မေးမြန်းသွားမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျာ

ရှေခင်တံတားသည် ကိုယ်ထူကိုယ်ထဖြင့် တည်ဆောက်ထားပြီး နှစ်ပေါင်းများစွာတိုင် သွားလာနေခဲ့ပါသည်။ သို့သော် (၂၀၂၃-၂၄) ခုနှစ်တွင် သဘာဝရေဘေးဒဏ်ကြောင့် တံတားသည် ရေထဲမျှောပါသွားခဲ့ပါသည်။ ၎င်းကို ပြန်လည်တည်ဆောက်နိုင်ရေးအတွက် မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ အရှည်(၁၅၀)ပေ၊ အကျယ်(၁၄)ပေရှိ တံတားအသစ်ဆောက်လုပ်နိုင်ရန် (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေမှ ငွေကျပ်(၄၃၈.၃)သန်းဖြင့်လည်းကောင်း၊ (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေမှ ငွေကျပ်(၅၁၇.၅)သန်းဖြင့်လည်းကောင်း၊ (၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေမှ ငွေကျပ် (၅၁၇.၅) သန်းဖြင့်လည်းကောင်း စီမံကိန်းတွင် လျာထားခဲ့သော်လည်း ချထားပေးခြင်းမရှိခဲ့ပါ။ (၂၀၂၆-၂၀၂၇)ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေမှ ငွေကျပ်(၇၀၅) သန်းဖြင့် ထပ်မံလျာထားကြောင်းသိရှိရပါသည်။ လက်ရှိတွင် ရှမ်းပြည်နယ်အစိုးရ၏ စီမံမှုဖြင့် ကြိုးတံတားကိုသာ အသုံးပြုသွားလာလျက်ရှိပါသည်။ 

ရှေခင်တံတားအရှည်(၁၅၀)ပေ၊ အကျယ်(၁၄)ပေရှိ တံတားကို ဆောက်လုပ်ပေးပါက မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်အုပ်စုနှင့် တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နယ်ခွဲသို့လည်း အဆင်ပြေစွာ သွားလာနိုင်မည် ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ‌ရှေခင်တံတားကို သံကူကွန်ကရစ်တံတား ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/ မရှိ သိရှိလိုပါသဖြင့် မေးမြန်းရခြင်းဖြစ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

 


 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ နဝမနေ့

(၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်)

ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) ဦးရှာမွေလရှဲန်

မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ဖြေကြားချက်

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်တကွ တက်ရောက်လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေကြောင်း ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ကျွန်တော်ကတော့ သမဝါယမနှင့် ကျေးလက်ဖွံဖြိးရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသိုက်စိုးဖြစ်ပါတယ်။

ဦးရှာမွေလရှဲန်၊ ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁)၏ ရှမ်းပြည်နယ်၊ မိုင်း‌ယောင်းမြို့နယ်၊ မုန်းလိုက်ကျေးရွာအုပ်စု၊ ရှေခင်ကျေးရွာကြိုးတံတားအား သံကူကွန်ကရစ်တံတားအဖြစ် ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ နှင့်စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းကို ရှင်းလင်းဖြေကြားခြင်းဖြစ်ပါတယ်။

Power Point အသုံးပြုခွင့်ပြုနိုင်ရန် တင်ပြအပ်ပါတယ်။

ယခုတင်ပြပါပုံကတော့ မိုင်းယောင်းမြို့နယ်၊ ဝမ်ကျိန်း - နမ့်ကစ် -  နမ့်အဲန်လမ်း ရှေခင်ကြိုးတံတား တည်နေရာပြမြေပုံ ဖြစ်ပါတယ်။

ယခုတင်ပြပါပုံကတော့ ရှေခင်ကြိုးတံတား ကွင်းဆင်းစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံများ ဖြစ်ပါတယ်။ 

မိုင်းယောင်းမြို့နယ်၊ ဝမ်ကျိန်း - နမ့်ကစ် -  နမ့်အဲန်လမ်းသည် သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနပိုင် လမ်းအရှည် ၄ မိုင် ၂ ဖာလုံရှိပြီး ပြည်နယ်မှစီမံခန့်ခွဲသော Class (A) အဆင့်လမ်းဖြစ်ပါတယ်။ 

ဝမ်ကျိန်း -နမ့်ကစ် - နမ့်အဲန်လမ်းသည် ကျေးလက်ဖွံဖြိုးရေး မဟာဗျူဟာအရ ဦးစားပေးအဆင့် (၃) လမ်းဖြစ်ပြီး ရှေခင်ကြိုးတံတားသည် ၎င်းလမ်းပေါ်တည်ရှိသောတံတား ဖြစ်ပါတယ်။ ကျေးရွာ (၃) ရွာ၊ အိမ်ခြေ (၁၀၀)၊ လူဦးရေ (၃၄၇) ဦး၊ စိုက်ပျိုးဧက (၅၆၀)ကို အကျိုးပြုမည်ဖြစ်ပါတယ်။

လက်ရှိတံတားမှာ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်တွင်စတင်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပစ္စည်းထောက်ပံ့ပေးပြီး ခန့်မှန်းတန်ဖိုးကျပ်(၁၇) သန်းနှင့် ကျေးရွာမှထည့်ဝင်ငွေကျပ်(၃၂) သန်း ကျေးရွာလူထုလုပ်အားဖြင့် ဆောင်ရွက်ခဲ့ပါတယ်။ ပွင့်လင်းရာသီ (၅) လခန့်တွင် ကြိုးတံတားနှင့် ချောင်းအတွင်းမှ ဖြတ်သန်းသွားလာနိုင်ပြီး မိုးရာသီချိန်တွင် ကြိုးတံတားအပေါ်မှ လူနှင့်ဆိုင်ကယ်များ အန္တရာယ်ကင်းစွာ သွားလာကြပါတယ်။

ရှေခင်တံတားအား အရှည် (၁၈၀) ပေ၊ အကျယ် (၂၀) ပေ သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်မည်ဆိုပါက ခန့်မှန်းကျပ် (၁၉၈၀)သန်းခန့် ကုန်ကျမည်ဖြစ်ပါတယ်။

တံတားအသုံးပြုမှုအ‌နေဖြင့် (၃) နှစ်ခန့်သာရှိသေးပြီး သုံးစွဲခဲ့သောရန်ပုံငွေအကျိုးရှိ ထိရောက်စေရန်အတွက် သင့်တင့်သောကာလတစ်ခုအထိ အသုံးပြုနိုင်ကြောင်း သုံးသပ်တွေ့ရှိရပါတယ်။

ဒေသတွင်း လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းအား လိုအပ်ပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါတယ်။

အဆိုပါတံတားအား ၂၀၂၆-၂၀၂၇ ခု၊ ဘဏ္ဍာ‌ရေးနှစ်တွင် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း ကြိုတင်လေ့လာမှု ( Feasibility Study – FS ) ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ ကျေးလက်ဖွံဖြိးရေးမဟာဗျူဟာအပေါ်အခြေခံပြီး လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့တို့ပေါင်းစပ်၍ ကျေးရွာ၊ အိမ်ခြေ၊ လူဦးရေ၊ ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်မှု အကျိုးပြုနှုန်း၊ လက်ရှိလိုအပ်မှုတို့ကို ဦးစားပေးရွေးချယ်မှုအပေါ် ၂၀၂၇-၂၀၂၈ ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု (သို့မဟုတ်) ပြည်နယ်ရရှိရန်ပုံငွေအပေါ်မူတည်၍ လျာထားတင်ပြပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။