တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၁ ရက်မြောက်နေ့
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်)
ပဲခူးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၈) မှ ဦးသိန်းဇော်
မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းတွင် မြစ်မခမြစ်သည် ဖြတ်သန်းစီးဆင်းလျက်ရှိပါသည်။ မြစ်မခမြစ်၏ အောက်ပိုင်းဒေသများကို ရေလွှမ်းမိုးဒဏ်မှ ကာကွယ်ရန်အတွက် ရေကာတာများ တည်ဆောက်ထားရှိပါသည်။ သာယာဝတီမြို့နယ်၊ မြစ်ကျိုးအုပ်စု လေးတူးရွာနှင့် လပ်ပံတန်းမြို့နယ်၊ ကွမ်းခြံအုပ်စု၊ ကွမ်းခြံရွာကို ဆက်သွယ်ထားသော ဆည်မြောင်းရေကာတာ (လေးတူးနှင့် ကွမ်းခြံတာ) လမ်းတစ်ခုရှိပါသည်။ အဆိုပါ ရေကာတာလမ်းပေါ်တွင် ၂၀၁၀-၂၀၁၅ ပထမအကြိမ်လွှတ်တော်သက်တမ်းကာလ၌ ဆည်မြောင်းရေကာတာများ ပိုမိုကြံ့ခိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့သလို ဆည်မြောင်းဘောင်အပေါ်လမ်းကို ပြည်သူများသွားလာနိုင်ရေးအတွက် သာယာဝတီမြို့နယ်၊ လေးတူးရွာမှ လက်ပံတန်းမြို့နယ် ဆင်လမ်းတာဆုံးအထိ ဂဝံများခင်း၍ ဘောင်ဖြစ်လမ်းဖြစ် ဆောင်ရွက်ပေးခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ပေးခဲ့သည့်အတွက် အဆိုပါလမ်းဘေးဝဲယာနှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ၏ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရာသီမရွေးသွားလာနိုင်သော အကျိုးကျေးဇူးကို ခံစားခဲ့ကြရပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါသည်။
အဆိုပါလမ်းသည် လက်ပံတန်းမြို့နယ်၊ ဆင်လမ်းတာဆုံ(မိုင် ၁၃/၀)မှ သာယာဝတီမြို့နယ်၊ အသရော်ရွာ (မိုင်တိုင် ၁၉/၀)ထိ (၆)မိုင်၊ သာယာဝတီမြို့နယ်၊ အသရော်ရွာမိုင်တိုင်(၁၉/၀) မှ အိပ်လဟာကျေးရွာ (မိုင်တိုင် ၂၅/၀)သို့ (၆)မိုင် ၊ သာယာဝတီမြို့နယ်၊ အိပ်လဟာကျေးရွာ(မိုင်တိုင် ၂၅/၀) မှ သာယာဝတီမြို့နယ်၊ လေးတူးကျေးရွာ၊ မိုင်တိုင်(၃၃/၄) အထိ (၈) မိုင်(၄) ဖာလုံရှိသည့်အတွက် စုစုပေါင်း(၂၀)မိုင် (၄)ဖာလုံ ရှည်လျားပြီး အကျယ်(၁၂)ပေရှိပါသည်။
အဆိုပါလမ်းပိုင်းကို မြစ်မခမြစ်ဝှမ်းဒေသမှ မြစ်ကျိုးအုပ်စု၊ အိုင်ဂဒုံအုပ်စု၊ လက်ပံခုန်အုပ်စု၊ ဒေါဝိအုပ်စု၊ ဖိုးခေါင်အုပ်စု၊ စံရွေးအုပ်စု၊ အိပ်လဟာအုပ်စု၊ ဘီးလင်းအုပ်စု၊ အသရော်အုပ်စု၊ ဇီးပွဲအုပ်စုစသည့် ကျေးရွာပေါင်း(၁၀)အုပ်စုမှ အိမ်ထောင်စုပေါင်း(၉၄၄၈)စုရှိ၊ လူဦးရေစုစုပေါင်း(၄၀၁၈၆)ဦးက အဓိကအသုံးပြုသွားလာနေကြပါသည်။ မူလတန်းကျောင်း(၃၃)ကျောင်း၊ မူလတန်းလွန်ကျောင်း (၅)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၂)ကျောင်း၊ အလယ်တန်းကျောင်း(၄)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၇)ကျောင်း၊ အထက်တန်းကျောင်း(၁)ကျောင်းတို့မှ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားရေးအတွက် သွားလာအသုံးပြုနေသောလမ်းဖြစ်ပါသည်။
ယခုအခါ အဆိုပါလမ်းသည် ရာသီဥတုဒဏ်ကြောင့်လည်းကောင်း၊ ရေတိုက်စားမှု၊ ရေလွှမ်းမိုးမှုဒဏ်ကြောင့်လည်းကောင်း၊ ကုန်တင်ကားများနှင့် ကုန်ပစ္စည်းသယ်ယူမှုများပြားသည့်အတွက်လည်းကောင်း ပျက်စီးလျက်ရှိပြီး လမ်းမျက်နှာပြင်ပေါ်တွင် ချိုင့်ကြီးများ၊ ရေပြတ်အနိမ့်များဖြစ်ပေါ်နေသည့်အတွက် မိုးရာသီတွင် မော်တော်ဆိုင်ကယ်ပင် သွားမရတော့ပါ။ ၂၀၂၅ ခုနှစ်၊ မိုးစပါးစတင်ပေါ်သည့်အချိန်၌ မြို့ပေါ်တွင် စပါးဈေး တင်းတစ်ရာလျှင် (၁၃)သိန်းခန့် ရှိနေသည့်အချိန်တွင် မြစ်မခမြစ်ဝှမ်းဒေသမှ စပါးများကို ခက်ခက်ခဲခဲသယ်ယူရသည့်အတွက် လေးတူး၊ ရိုးကြီး၊ မြစ်ကျိုးရွာတွင် စပါးတင်းတစ်ရာလျှင် (၈)သိန်းခန့်သာရှိပြီး ဒေသခံတောင်သူလယ်သမားများအနေဖြင့် အလွန်ပင်နစ်နာခဲ့ကြရပါသည်။ လမ်းမကောင်း၊ ဆက်သွယ်ရေးမကောင်းသည့်အတွက် ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများအတွက် တာဝန်ထမ်းဆောင်ရန် အခက်အခဲများ ကြုံတွေ့နေကြရပြီး ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုနှောင့်နှေးလျက်ရှိပါသည်။
ကွမ်းခြံ-လေးတူးရေကာတာပေါ်ရှိ လေးတူး-ဆင်လမ်းအပိုင်း၏ ပျက်စီးနေသောနေရာများကို ဂဝံဖြည့်၍ပြုပြင်ခြင်း၊ ဂဝံထပ်ပိုးလွှာခင်း၍ ပြုပြင်ခြင်းတို့ ဆောင်ရွက်ပေးမည်ဆိုပါက ပြည်သူလူထုအားလုံး၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးလုပ်ငန်များတွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မြစ်မခမြစ်ဝှမ်းဒေသဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုမည်ဖြစ်ပါသည်။ အဆိုပါဒေသမှ ပြည်သူ လူထုအားလုံးကလည်း ကွမ်းခြံ-လေးတူးရေကာတာလမ်းကို အမြန်ဆုံးပြုပြင်ပေးပါရန် ဆန္ဒပြင်းပြနေကြပါသဖြင့် မေးခွန်းမေးမြန်းရခြင်းဖြစ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၁ ရက်မြောက်နေ့
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်)
ပဲခူးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၈) မှ ဦးသိန်းဇော်
မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျား
မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။
ကျွန်တော်ကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ဖြစ်ပါတယ်။
အချက်အလက်များနှင့် တင်ပြရန်အတွက် PowerPoint အသုံးပြုခြင်းပြုရန် တင်ပြအပ်ပါတယ်။
၁။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီး ဦးသိန်းဇော်မှ “ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ မြစ်ကျိုးကျေးရွာအုပ်စု၊ လေးတူးကျေးရွာနှင့် လက်ပံတန်းမြို့နယ်၊ ကွမ်းခြံကျေးရွာအုပ်စုကို ဆက်သွယ်ထားသော လေးတူး - ကွမ်းခြံ ရေကာတာပေါ်ရှိလမ်းမှ လေးတူး-ဆင်လမ်း အပိုင်း၏ ပျက်စီးနေသောနေရာများကို ဂဝံထပ်ပိုးလွှာခင်း၍ ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုခြင်း”နှင့်ပတ်သက်၍ အောက်ပါအတိုင်း ပြန်လည်ဖြေကြားအပ်ပါတယ်။
၂။ လွှတ်တော်ကိုယ်စားလှယ်ကြီး၏မေးခွန်းပါ လေးတူး - ကွမ်းခြံရေကာတာသည် သာယာဝတီမြို့နယ်အတွင်းရှိ မြစ်မခမြစ်ရေဘေးကာကွယ်ရေးတာဖြစ်ပြီး အသရော် ဆင်လမ်းတာ (တာမိုင် ၁၃ မိုင်မှ တာမိုင် ၁၈ မိုင် ၄ ဖာလုံထိ) (၅.၅)မိုင်၊ အသရော် အိပ်လဟာတာ (တာမိုင် ၁၈ မိုင် ၄ ဖာလုံ မှ တာမိုင် ၂၅ မိုင်ထိ) (၆.၅)မိုင်၊ ကွမ်းခြံ လေးတူးတာ (တာမိုင် ၂၅ မိုင် မှ တာမိုင် ၃၃ မိုင်၄ ဖာလုံထိ) (၈.၅)မိုင် စုစုပေါင်းအလျား (၂၀.၅)မိုင် ဖြင့် ရေဘေးကာကွယ် ဧရိယာ(၁၈၃၆၃) ဧကကို ကာကွယ်ပေးထားသည့် တာဖြစ်ပါတယ်။
၃။ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် မြစ်မခမြစ် ရေဘေးကာကွယ်ရေးတာများ တည်နေရာပြမြေပုံ ဖြစ်ပါတယ်။
၄။ အဆိုပါ ရေဘေးကာကွယ်ရေးတာ၏ ကြံ့ခိုင်မှုအခြေအနေအား မိုးရာသီတွင် အချိန်နှင့်တစ်ပြေးညီ စစ်ဆေးနိုင်ရန်အတွက် ဂဝံခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာနှစ်တွင် အလျား (၁.၂)မိုင်၊ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာနှစ်တွင် အလျား (၀.၆၅)မိုင်၊ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာနှစ်တွင် အလျား(၁.၅)မိုင်နှင့် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာနှစ်တွင် အလျား (၂.၀)မိုင် တို့အား ဂဝံခင်းခြင်းလုပ်ငန်းများကို နှစ်စဉ်ပြုပြင်ဆောင်ရွက်ခဲ့ပါသည်။
၅။ အဆိုပါ ရေဘေးကာကွယ်ရေးတာအား ဒေသတွင်းကျေးရွာများက လယ်ယာသုံး စက်ကိရိယာများနှင့် လယ်ယာထွက်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန်နှင့် မွေးမြူရေးနှင့် ငါးကန်လုပ်ငန်းသုံး ယာဉ်များသွားလာရန် ဆက်သွယ်ရေးလမ်းအဖြစ် ရာသီမရွေး အသုံးပြုနေခြင်းတို့ကြောင့် အချို့အပိုင်းများတွင် ချိုင့်ခွက်ကြီးများဖြစ်ပေါ်ခြင်း၊ ရာသီဥတုနှင့် မိုးရေတိုက်စားမှုကြောင့် ရေစားချောက်များ ဖြစ်ပေါ်ခြင်း စသည့်ပျက်စီးမှုများ ဖြစ်ပေါ်နေပါတယ်။
၆။ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ကျေးရွာအုပ်စု (၁၀)အုပ်စုရှိ ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ၏ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများ ရာသီမရွေးအသုံးပြုနိုင်ရန်အတွက် လေးတူး-ကွမ်းခြံ ရေကာတာပေါ်ရှိ ဆက်သွယ်ရေးလမ်းအား ပြုပြင်ဆောင်ရွက်ရန် ၂၀၂၇-၂၀၂၈ ခု၊ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေ သို့မဟုတ် သင့်လျော်သော ရန်ပုံငွေမှ တောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အပိုင်းလိုက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။
အားလုံးကိုကျေးဇူးတင်ပါတယ်။