တတိယအကြိမ် အမျိုးသားလွှတ်တော်
ဒုတိယပုံမှန် အစည်းအဝေး၊ စတုတ္ထနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်)
ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၄) ဦးအောင်ကျော်မင်း၏ မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ဧရာဝတီတိုင်းဒေကြီးဒေသကြီးအတွင်းရှိ လမ်းကွန်ရက်များအား မိုးရာသီကာလအတွင်း ပျက်စီးမှုများဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ ပြုပြင်ထိန်းသိမ်းနိင်မည့် “ ချက်ချင်းပျက်၊ ချက်ချင်းပြင်” (Immediate Repair/ Routine Maintenance) မူဝါဒချမှတ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/ မရှိ မေးမြန်ခြင်း။
(က) နောက်ခံအကြောင်းအရင်း
ဧရာဝတီတိုင်းဒေသကြီးသည် မိုးရေချိန်လက်မ မြင့်မားသောဒေသဖြစ်သည့်အားလျော်စွာ မိုးတွင်းကာလတွင် လမ်းသားများ ရေဝပ်ခြင်း၊ ပျော့အိခြင်းနှင့် ပေါက်ပြဲခြင်းများ နှစ်စဉ်ကြုံတွေ့ရပါသည်။ လက်ရှိတွင် လမ်းများပျက်စီးပါက မိုးတွင်းကာလ၌ သေချာစွာ ပြုပြင်မှုမရှိဘဲ မိုးကုန်မှသာ ပြန်လည်ပြင်ဆင်လေ့ရှိသဖြင့် မိုးရွာသီ (၄)လ ၊ (၅)လခန့် တွင် ပြည်သူများမှာ ပျက်စီးနေသော လမ်းများပေါ်၌ အသက်အန္တရယ်စိုးရိမ်စွာဖြင့် အချိန်ကြန့်ကြာစွာ သွားလာနေကြရပါသည်။
၎င်းလမ်းပေါက်ငယ်လေးများကို ချက်ချင်း မဖာထေးနိုင်ခြင်းကြောင့် မိုးကုန်သည့်အခါ လမ်းတစ်ခုလုံး ပျက်စီးသွားပြီး နောက်ပိုင်း ပြန်လည်ပြုပြင်ရာတွင် ပြုပြင်စရိတ် (Maintenance Cost) များမှာ (၃) ဆမှ (၅) ဆအထိ ပိုမိုကုန်ကျရုံသာမက တစ်မိုးတွင်းလုံး ကုန်စည်စီးဆင်းမှုများ ကြန့်ကြာရခြင်း၊ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် ခက်ခဲခြင်း၊ စက်သုံးဆီများ ပိုမိုသုံးစွဲရခြင်းကြောင့် ကုန်ဈေးနှုန်းများ ကြီးမြင့်ရခြင်းများကိုပါ ပြည်သူများခံစားရပါသည်။
(ခ) မေးခွန်း
သို့ဖြစ်ပါ၍ အရာဝတီတိုင်းဒေသကြီး၏ လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် နိင်ငံတော်ဘဏ္ဍာငွေ အလေအလွှင့်နည်းစေရန်၊ လမ်းများရေရှည်တည်တံ့စေရန်နှင့် ပြည်သူအများ ကိုယ်စိတ်ချမ်းသာစွာ ခရီးသွားလာနိုင်ရေးအတွက် အောက်ပါအတိုင်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါသည်။
(၁) မိုးများသည့် ဒေသများရှိ လမ်းပိုင်းများအား မိုးကုန်မှ စုပေါင်းပြုပြင်သည့်စနစ်အစား မိုးတွင်းကာလအတွင်း ကျင်းခွက်ငယ်များ စတင်ဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက် "ချက်ချင်းပျက်၊ ချက်ချင်းပြင်" (Immediate Repair System) ဖြင့် အချိန်နှင့်တစ်ပြေးညီ (သို့မဟုတ်) အရေးပေါ်ဖာထေးခြင်းစနစ်များကို လမ်းဦးစီးဌာန၏ ပုံမှန်လုပ်ငန်းစဉ် (Routine Maintenance) အဖြစ် မူဝါဒချမှတ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ။
(၂) မိုးတွင်းကာလ အရေးပေါ်ပြုပြင်ခြင်းများအတွက် လိုအပ်သော ကျောက်၊ ကတ္တရာနှင့် စက်ယန္တရားများအား ခရိုင်၊ မြို့နယ်အဆင့်များတွင် အသင့်စုဆောင်းထားရှိသည့် (Emergency Stock Pile) စနစ်ကျင့်သုံးရန် အစီအစဉ် ရှိ/မရှိ။
(၃) ဤကဲ့သို့ အရေးပေါ်ပြုပြင်မှုများအတွက် လိုလောက်သော သီးသန့်ရန်ပုံငွေ (သို့မဟုတ်) လမ်းထိန်းသိမ်းခြင်းရန်ပုံငွေအား မိုးမကျမီကတည်းက ကြိုတင်လျာထား ခွဲဝေပေးရန်နှင့် (BOT) စနစ်ဖြင့် တာဝန်ယူဆောင်ရွက်နေသော ပုဂ္ဂလိက ကုမ္ပဏီများအားလည်း ညွှန်ကြားပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုပါကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့် မေးမြန်းအပ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော်
ဒုတိယပုံမှန် အစည်းအဝေး၊ စတုတ္ထနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်)
ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၄) ဦးအောင်ကျော်မင်း ၏ မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
ကျွန်တော်ကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်ဖြစ်ပါတယ်။
ကျွန်တော့်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၄)မှ ဦးအောင်ကျော်မင်း မေးမြန်းထားတဲ့ “ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်းကွန်ရက်များအား မိုးရာသီကာလအတွင်း ပျက်စီးမှုများဖြစ်ပေါ်ပါက အချိန်နှင့် တစ်ပြေးညီ ပြုပြင်ထိန်းသိမ်းနိုင်မည့် “ချက်ချင်းပျက်/ချက်ချင်းပြင်(Immediate Repair/ Routine Maintenance)”မူဝါဒချမှတ် ဆောင်ရွက်ပေးရန် ရှိ/မရှိ” နှင့် စပ်လျဉ်းတဲ့မေးခွန်းကို ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား
ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခွင့်ပြုပါခင်ဗျား
ဧရာဝတီတိုင်းဒေသကြီးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်းအရေအတွက် ၁၉၀ လမ်းရှိပြီး စုစုပေါင်းလမ်းအရှည် ၂၇၅၃ မိုင် ၄ ဖာလုံ ရှိပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် ပြည်ထောင်စုမှစီမံခန့်ခွဲသော လမ်းအရေအတွက် ၂၀ လမ်း၊ လမ်းအရှည် ၆၀၇ မိုင် ၆ ဖာလုံ ရှိပြီး လမ်းအခြေအနေကတော့ (၁၈)ပေအကျယ် ကတ္တရာလမ်း (၁)မိုင် (၄)ဖာလုံနဲ့ (၁၂)ပေ အကျယ် ကတ္တရာလမ်း (၁၀)မိုင် (၄)ဖာလုံ ဖြစ်ပါတယ်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ ပြည်နယ်လမ်းဦးစီးဌာနအနေဖြင့် တန့်ယန်းခရိုင်အတွင်းမှာရှိတဲ့ အဓိကလမ်းမကြီးများဖြစ်တဲ့ ဟိုယ - တန့်ယန်းလမ်း၊ တန့်ယန်း- မိုင်းကောင် - တာမဆွန်လမ်းနဲ့ လဲချား - မိုင်းနောင် - မိုင်းရှူး - မိုင်းအွတ် - မိုင်းကောင်လမ်းများကို လမ်း/တံတား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်ကိုသာ ရန်ပုံငွေလျာထားနိုင်ခဲ့ပါတယ်။
ဒီအတွက် ဒေသတွင်းကျေးရွာများအချင်းချင်း ကုန်စည်သယ်ယူပို့ဆောင်ရာမှာ အသုံးပြုတဲ့ တန့်ယန်း - နောင်ဖာလမ်းကို လတ်တလောအနေဖြင့် ပြည်သူများသွားလာရာမှာ အဆင်ပြေချောမွေ့စွာ သွားလာအသုံးပြုနိုင်ရန်အတွက် လမ်းတစ်လျှောက် လိုအပ်တဲ့ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား
တန့်ယန်း-နောင်ဖာလမ်းရဲ့ တန့်ယန်းမြို့တွင်းအပိုင်း ပေ ၅၀၀၀ အရှည် ၈” ထု ပြုပြင်ခြင်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ရှမ်းပြည်နယ်၏ ဒေသန္တရ စီမံကိန်းတွင် ထည့်သွင်း၍ ပြည်နယ်ရန်ပုံငွေ လျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှု အပေါ်မူတည်၍ ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။
အားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျား။