တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ ဒုတိယနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်)
စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) မှ ဦးအောင်ချစ်လွင်
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံအတွက် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်မှာ နေပြည်တော်၊ ဥက္ကာသီရီကုမ္ပဏီမှ Oxygen Plant အောက်စီဂျင်ထုတ်လုပ်တဲ့စက်တစ်လုံး ဌာနပိုင်ဝယ်တပ်ဆင်ခဲ့ပါတယ်။
ကုမ္ပဏီက ပညာရှင်များ လာရောက်တပ်ဆင်ပြီး ၂၁-၈-၂၀၂၁ ရက်နေ့မှာ အောက်စီဂျင်စက်ကို စတင်အသုံးပြုခဲ့ပါတယ်။ ကိုဗစ်ကာလမှာ ခန္တီးကိုဗစ်လူနာ အသက်ပေါင်းများစွာကိုလည်း ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးရှင် အောက်စီဂျင်စက်တစ်လုံးလို့ ပြောရမယ့် စက်ဖြစ်ပါတယ်။
ဒီလိုအသုံးပြုနေရင်း ၅-၉-၂ဝ၂၄ ရက်နေ့မှာ အောက်စီဂျင်စက်ကို မောင်းနှင်ရာမှာ Punity တက်မလာဘဲ အောက်စီဂျင်စက်မှာ ချို့ယွင်းခဲ့ပါတယ်။ ခန္တီးမြို့ ပြည်သူ့ဆေးရုံ တာဝန်ရှိသူက ၂၀၂၄ ခုနှစ် အောက်စီဂျင်စက်ပြင်ဆင်နိုင်ရန် ဌာနကိုတင်ပြပြီး၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ ဌာနက ပြင်ဆင်ရန် ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ယခုအချိန်အထိ ပြင်ဆင်နိုင်ခြင်းမရှိတာကို မြင်တွေ့ရပါတယ်။
ဒီစက်အတူ စေတနာရှင်ပြည်သူများ စုပေါင်းပြီး ဝယ်ယူလှူဒါန်းထားတဲ့ စက်ငယ်တစ်လုံးရှိပါတယ်။ ဒီစက်ငယ်လည်း မလည်ပတ်နိုင်ဘဲ ရပ်နားထားတာကို တွေ့ခဲ့ရပါတယ်။
ခန္တီးမြို့ဟာ ချင်းတွင်းဖျား မြစ်ကမ်းဘေးမှာ တည်ရှိနေတဲ့ မြို့ဖြစ်ပါတယ်။ ချင်းတွင်းမြစ်ကြောင်းရှိပေမယ့်လည်း အခုချိန်မှာ လေယာဉ်လမ်းကြောင်းကိုသာ အားထားနေရတဲ့ မြို့ဖြစ်ပါတယ်။ အစစအရာရာ အခြားမြို့များနဲ့ နှိုင်းယှဉ်ရင် ကုန်ဈေးနှုန်းကြီးမားတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။
ခန္တီးပြည်သူ့ဆေးရုံကြီးမှာ အောက်စီဂျင်လိုအပ်ခဲ့ရင် ဟုမ္မလင်းမြို့ကို မှာယူသုံးရပါတယ်။ အောက်စီဂျင် အိုးတစ်လုံးကို ၃ သိန်းမှ ၅ သိန်းအထိ ပေးဝယ်ယူနေရတဲ့အတွက် အောက်စီဂျင်လိုအပ်တဲ့ လူနာများအတွက် အခက်အခဲများစွာ ကြုံတွေ့နေရပါတယ်။
လေးစားရပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျာ.....
ခန္တီးပြည်သူ့ဆေးရုံမှာ အသုံးပြုနေသော အောက်စီဂျင်စက်ကို ၃ နှစ်ကျော် အသုံးပြုခဲ့ပြီး စက်ချို့ယွင်းမှုကြောင့် ရပ်နားထားသည်မှာ ၂ နှစ်ခန့် ကြာမြင့်နေပြီးဖြစ်တဲ့အတွက် ခန္တီး၊ မိဘပြည်သူများအား ငဲ့ညှာသောအားဖြင့် ချို့ယွင်းနေသော အောက်စီဂျင်စက်အား အမြန်ပြုပြင်ပေးနိုင်ရန်နှင့် လိုအပ်တဲ့ ပြုပြင်ဆောင်ရွက်ပြီးစီးသွားလို့ စက်ကောင်းမွန်သွားရင်လည်း နှစ်ရှည်လများ ပစ်မထားဘဲ စက်ကြံ့ခိုင်ရေးကို လိုအပ်တဲ့ချိန်များမှာ လာရောက်စစ်ဆေးလုပ်ဆောင်ပေးဖို့ အစီအစဉ် ရှိ/မရှိ ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းအပ်ပါသည်ခင်ဗျာ.....
ကျေးဇူးတင်ပါတယ်ခင်ဗျာ....
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ ဒုတိယနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်)
စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) မှ ဦးအောင်ချစ်လွင်
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍
ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာပထမဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာအေးထွန်း ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံအတွက် (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ်တွင် နေပြည်တော် ဥက္ကာသီရိကုမ္ပဏီမှ Oxygen Plant အောက်စီဂျင်ထုတ်လုပ်သော စက်တစ်လုံးဌာနပိုင်ဝယ်ယူတပ်ဆင်ခဲ့ရာ အောက်စီဂျင်စက်ကို(၃)နှစ်ကျော် အသုံးပြုခဲ့ပြီးစက်ချို့ယွင်းမှုကြောင့် ရပ်နားထားသည်မှာ (၂)နှစ်ခန့်ကြာမြင့်နေပြီဖြစ်သည့်အတွက် ခန္တီးပြည်သူ့ ဆေးရုံကြီးတွင် အောက်စီဂျင်လိုအပ်သည့် လူနာများအတွက် အခက်အခဲများစွာ ကြုံတွေ့နေရပါသဖြင့် ချို့ယွင်းနေသောအောက်စီဂျင်စက်အား အမြန်ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ချစ်လွင်၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားသွားမှာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ပြည်သူ့ဆေးရုံတွင် ယခုတင်ပြသည့် Oxygen Plant နှင့် မြို့မိမြို့ဖများမှ လှူဒါန်းထားသော Oxygen Plant (၁)လုံးအပါအဝင် Oxygen Plant (၂)လုံးရှိပါတယ်။ မြို့မိမြို့ဖများမှ လှူဒါန်းထားသော Oxygen Plant(OYS-50)အား ကောင်းစွာအသုံးပြုလျက်ရှိပြီး တစ်နေ့လျှင် Oxygen ဓာတ်ငွေ့ (၄၀)လီတာ ဆလင်ဒါအိုး(၁၆)လုံးခန့် ထုတ်လုပ်ပေးနိုင်ပါတယ်။ ပြုပြင်ရန်လိုအပ်နေသော Oxygen Plant (Oxymat, O-280)နှင့်ပတ်သက်၍ ဥက္ကာသီရိကုမ္မဏီ၏ တင်ပြချက်အရ Preventive Maintenance Kit များလဲလှယ်ခြင်း၊ Air Compressor များစစ်ဆေး၍ လိုအပ်ပါက လဲလှယ်ခြင်း၊ Air Dryer များစစ်ဆေး၍ လိုအပ်ပါက လဲလှယ်ခြင်း၊ Pressure Swing Absorption Zeolite bed စစ်ဆေးလဲလှယ်ခြင်း၊ Oxygen booster စစ်ဆေးလဲလှယ်ခြင်းတို့ ပြုလုပ်ရမည်ဖြစ်ပါတယ်။
ဒါကြောင့် (၂၀၂၆-၂၀၂၇)ဘဏ္ဍာရေးနှစ်တွင် ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် ဈေးနှုန်းတင်သွင်းလွှာများခေါ်ယူ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။