တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ ဒုတိယနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်)
စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) မှ ဦးအောင်ချစ်လွင်၊
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ ပြည်သူ့ဆေးရုံဟာ အရင်က ၂၅ ခုတင်ဆံ့ တိုက်နယ်ဆေးရုံအဆင့်သာဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်မှာ အခု ဟုမ္မလင်းမြို့ ဇီဝကလမ်းမှာရှိတဲ့ ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
ဟုမ္မလင်းမြို့ဟာ ချင်းတွင်းမြစ်ကမ်းဘေးမှာတည်ရှိတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဟုမ္မလင်းမြို့ကနေ အထက်ဘက် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်ရင် ခန္တီးမြို့ကိုရောက်ရှိပါတယ်။ ခန္တီးမြို့ကနေဆက်သွားရင် နာဂဒေသကို ရောက်ရှိပါတယ်။ ဟုမ္မလင်းမြို့ကနေ ချင်းတွင်းမြစ်အတိုင်း အောက်ဘက်ကို စုန်ဆင်းသွားရင် ဖောင်းပြင်မြို့နယ်နဲ့ မော်လိုက်မြို့နယ်ကို ရောက်ရှိပါတယ်။ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် ဟုမ္မလင်းမြို့ဟာ အထက်အောက်မြို့များတည်ရှိပြီး အလယ်မှာ အချက်အခြာကျတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။
ပတ်ဝန်းကျင် မြို့များမှာရှိတဲ့ ပြည်သူ့ဆေးရုံတွေမှာလည်း မျက်စိဆရာဝန်ခန့်ထားခြင်း မရှိပါဘူး ဟုမ္မလင်း ခုတင် ၁၀၀ ဆံ့ ဆေးရုံမှာလည်း မျက်စိဆရာဝန် ခွဲဝေ/ခန့်ထားခြင်း မရှိပါဘူး။ ဒါကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဟုမ္မလင်းမြို့ကို ရောက်တဲ့အချိန်မှာ စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းရွှေက ဟုမ္မလင်းမြို့မှာ မျက်စိဆရာဝန် မရှိတဲ့အကြောင်း ချင်းတွင်းမြစ်တစ်လျှောက် မျက်စိနှင့်ပတ်သက်၍ တစ်ခုခုဖြစ်ခဲ့ရင် မြို့ကြီးများကိုသာ သွားရောက်ကုသရတဲ့အကြောင်း အရေးပေါ်လိုအပ်လာပါက (သို့မဟုတ်) သာမန်မျက်စိရောဂါ ဖြစ်လာတဲ့အခါမျိုးမှာ အထောက်အကူပြု ကုသနိုင်ရန် မျက်စိဆရာဝန်တစ်ဦး ဟုမ္မလင်းမြို့ ခုတင် ၁ဝဝ ဆံ့ ပြည်သူ့ဆေးရုံမှာ တွဲဖက်ခန့်ထားပေးဖို့ တောင်းဆိုခဲ့ပါတယ်၊ တောင်းဆိုတဲ့အတိုင်း မျက်စိလက်ထောက်ဆရာဝန်တစ်ယောက်ကို တွဲဖက်ခန့်ထားပေးခဲ့ပါတယ်။
ကိုဗစ် မဖြစ်မီကာလအထိ အလှည့်ကျ မျက်စိတွဲဖက်ဆရာဝန်ခန့်ထားနိုင်သော်လည်း ကိုဗစ်ဖြစ်ပြီးနောက်ပိုင်းမှာတော့ မျက်စိလက်ထောက်ဆရာဝန် တွဲဖက်ပြန်လည်ရောက်ရှိလာခြင်း မရှိခဲ့ပါဘူး တွဲဖက်ခန့်ထားခြင်းကို ရုတ်သိမ်းလိုက်တာမဟုတ်ဘဲ မျက်စိလက်ထောက်ဆရာဝန်ရောက်မလာတာ ဖြစ်ပါတယ်။
လေးစားရပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား...
ဟုမ္မလင်း ခုတင် ၁ဝဝ ဆံ့ ပြည်သူ့ဆေးရုံမှာ ပထမအကြိမ် အစိုးရလက်ထက်က ခန့်ထားပေးခဲ့တဲ့ မျက်စိလက်ထောက်ဆရာဝန် တွဲဖက် ပြန်လည်ခန့်ထားပေးရန် အစီအစဉ် ရှိ / မရှိ။ ပြန်လည်ခန့်ထားပေးမည်ဆိုပါက မည်သည့်အချိန်တွင် စေလွှတ်ပေးမည်ကိုလည်း သိရှိလိုလိုပါတယ်ခင်ဗျာ...
ပြန်လည်ခန့်ထားနိုင်ခြင်းမရှိပါက မည်သည့်အတွက်ကြောင့် ပြန်လည်မခန့်ထားနိုင်ကြောင်းကို ဥက္ကဋ္ဌကြီးမှတစ်ဆင့် မိဘပြည်သူ မျက်စိဝေဒနာရှင်များကိုယ်စား မေးမြန်းရခြင်းဖြစ်ပါတယ်ခင်ဗျာ...
ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ ဒုတိယနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်)
စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) မှ ဦးအောင်ချစ်လွင်၊
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍
ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာပထမဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ကျန်းမာရေး၀န်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာအေးထွန်း ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ပြည်သူ့ဆေးရုံတွင် ပထမအကြိမ် အစိုးရလက်ထက်က ခန့်ထားပေးခဲ့သော လက်ထောက်ဆရာဝန် (မျက်စိ)အား တွဲဖက်ပြန်လည်ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ၊ ပြန်လည်ခန့်ထားပေးမည်ဆိုပါကလည်း မည်သည့်အချိန်တွင် စေလွှတ်ပေးမည်နှင့် ပြန်လည်ခန့်ထားခြင်းမရှိပါက မည်သည့်အတွက်ကြောင့် မခန့်ထားနိုင်သည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ချစ်လွင်၏ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ပြန်လည်ဖြေကြားသွားမှာ ဖြစ်ပါတယ်။
ဟုမ္မလင်းမြို့၊ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ်(၁)ဦး၊ အထူးကုဆရာဝန်များအနေဖြင့် အထူးကုဆရာဝန်(အရိုး/ခွဲစိတ်/ မေ့ဆေး/ ဓာတ်မှန်) နှင့် သွားနှင့်ခံတွင်းဆရာဝန်များအား ခန့်အပ်ထားပြီး ဖြစ်ပါတယ်။
(၂၃-၇-၂၀၂၆) ရက်စွဲပါစာအမှတ်၊ ၃မက(က)၂၀၂၆/၂-၃၆၁ ဖြင့် ဆေးပညာအထူးကု ဒေါက်တာမင်းဉာဏ်အောင်အား ခန့်ထားခဲ့ပြီး (၃၁-၈-၂၀၂၆)ရက်နေ့မှစ၍ လည်းကောင်း၊ (၂၃-၇-၂ဝ၂၆) ရက်စွဲပါစာအမှတ်၊ ၃မက(က)၂၀၂၆/၂-၃၆၈ ဖြင့် အရိုးအထူးကု ဒေါက်တာပြည့်ဖြိုးအောင်အား ခန့်ထားခဲ့ပြီး(၁၂-၈-၂၀၂၆)ရက်နေ့မှစ၍လည်းကောင်း စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်ပါတယ်။ ထပ်မံ၍ မျက်စိအထူးကု ဒေါက်တာနီလာခင်အားလည်း (၂၈-၈-၂၀၂၆)ရက်စွဲပါစာအမှတ်၊ ၃မက(က) ၂ဝ၂၆/၁-၄ဝ၁ ဖြင့် ခန့်ထားခဲ့ပြီးဖြစ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။