တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ နဝမနေ့
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်)
မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးအောင်လှထွေး
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
ကျွန်တော်သည် မကွေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှထွေး ဖြစ်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် အခွန်ထမ်းပြည်သူများ များစွာရှိသကဲ့သို့ အခွန်ထမ်းဆောင်ရန် မသိရှိသူများလည်း များစွာရှိနေပါသည်။ အချို့မှာ သင့်တင့်မျှတသော အခွန်နှုန်းထားများဖြင့် အခွန်ထမ်းဆောင်လိုသူများလည်း ရှိနေပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် လက်ရှိဆောင်ရွက်နေသော အခွန်စနစ်အရ အခွန်ဘဏ္ဍာရရှိမှု၊ အခွန်ကောက်ခံမှုယန္တရားတွင် နည်းပညာနှင့် လူအင်အား လုံလောက်မှုရှိ/ မရှိ၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများ၊ ရရှိမှု ရှိ/ မရှိနှင့် နိုင်ငံတော်အခွန်ဘဏ္ဍာပိုမိုရရှိအောင် ဆောင်ရွက်မည့်အစီအစဉ် ရှိ/ မရှိ လေးစားစွာဖြင့်မေးမြန်း တင်ပြအပ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ နဝမနေ့
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်)
မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးအောင်လှထွေး
မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်။
ကျွန်တော်ကတော့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ ဦးအောင်လှထွေး၊ မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)၏ ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်းပြီး အပိုင်း(၃)ပိုင်းနဲ့ ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား
လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ မေးခွန်းပထမအပိုင်းဖြစ်တဲ့ လက်ရှိဆောင်ရွက်နေသော အခွန်စနစ်အရ အခွန်ဘဏ္ဍာရရှိမှုနှင့် ရသင့်ရထိုက်သော အခွန်ငွေများ ရရှိမှုအခြေအနေနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ အခွန်အကောက်စနစ် ဖွဲ့စည်းမှုကို ဦးစွာတင်ပြလိုပါတယ်။
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံ၏ အခွန်အကောက်စနစ်တွင် အဆင့် ၃ ဆင့်ဖြင့် ဖွဲ့စည်းထားပါတယ်။ အဲဒီ အဆင့် (၃)ဆင့် ကတော့-
(က) ပြည်ထောင်စုအဆင့်တွင် ကောက်ခံသည့် အခွန်အကောက်၊
(ခ) တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဆင့်တွင် ကောက်ခံသည့် အခွန်အကောက်နှင့်၊
(ဂ) စည်ပင်သာယာရေးအဖွဲ့အဆင့်တွင် ကောက်ခံသည့် အခွန်အကောက်တို့ပဲ ဖြစ်ပါတယ်။
ပြည်ထောင်စုအဆင့်တွင်ကောက်ခံသည့် အခွန်အကောက်များအနေနဲ့ ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ ပြည်ထောင်စုဝန်ကြီးဌာန ၉ ခုနှင့် နေပြည်တော်ကောင်စီတို့က အခွန်အကောက် ၂၅ မျိုးကို ကောက်ခံလျက်ရှိပါတယ်။ အဆိုပါ အခွန်အကောက် ၂၅ မျိုးအနက် ၇ မျိုးကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ဦးစီးဌာန ၂ ခုဖြစ်တဲ့ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် အကောက်အခွန်ဦးစီးဌာနတို့က တာဝန်ယူကောက်ခံလျက်ရှိပါတယ်။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအနေဖြင့် နှစ်စဉ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးစာရင်းများကို စိစစ်တဲ့အခါမှာ ရသင့်ရထိုက်သည့် အခွန်အကောက်များရရှိစေဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက လျာထားတင်ပြသည့် အခွန်ကောက်ခံရန် လျာထားချက်များကို စိစစ်ဆောင်ရွက်သကဲ့သို့ လျာထားချက်များအပေါ်တွင်လည်း လွတ်ကင်းမှုမရှိစေရေးနှင့် ပြည့်မီကျော်လွန်အောင် ကောက်ခံရရှိစေရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ အခွန်အကောက်ရငွေ ပြုပြင်ပြီးလျာထားချက် ၁၄,၅၅၅ ကျပ် ဘီလီယံအပေါ် ၁၅,၁၇၃ ကျပ် ဘီလီယံ ကောက်ခံရရှိခဲ့သဖြင့် လျာထားချက်အပေါ် ၁၀၄ ရာခိုင်နှုန်း ကောက်ခံရရှိခဲ့ပါတယ်။
အလားတူ တိုင်းဒေသကြီး/ပြည်နယ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အခွန်အကောက်ရငွေ ပြုပြင်ပြီးလျာထားချက် ၂၂၀ ကျပ်ဘီလီယံအပေါ် ကောက်ခံရရှိမှုမှာ ၂၃၃ ကျပ်ဘီလီယံဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၁၀၅ ရာခိုင်နှုန်း ကောက်ခံရရှိခဲ့ပါတယ်။
ယနေ့အစည်းအဝေးမှာ ကျွန်တော့်အနေနဲ့ ပြည်ထောင်စု၏ အခွန်အကောက်များအနက် လျာထားချက် အများဆုံးတာဝန်ယူကောက်ခံနေတဲ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်ရှိ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့က ကောက်ခံနေတဲ့ အခွန်အကောက်များကောက်ခံရရှိမှုအခြေအနေကို အဓိကထားရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်။
ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေသိန်းဆုခွန်နှင့် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ လွှဲပြောင်းပေးသည့် ရတနာခွန်စတဲ့ အခွန်(၆) မျိုးကို တာဝန်ယူကောက်ခံလျက်ပြီး အကောက်ခွန်ဦးစီးဌာနအနေနဲ့ အကောက်ခွန်(၁) မျိုးကို တာဝန်ယူကောက်ခံလျက်ရှိပါတယ်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအနေနဲ့ အခွန်အရပ်ရပ်ကောက်ခံရန် ပြုပြင်ပြီးလျာထားချက် ကျပ်ဘီလီယံ ၁၃,၄၆၀ အပေါ် ကျပ်ဘီလီယံ ၁၄,၀၇၀ ကောက်ခံရရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁၀၅% ကောက်ခံရရှိခဲ့ပါတယ်။
နှစ်အလိုက် အခွန်ကောက်ခံရရှိမှု အခြေအနေကို နှိုင်းယှဉ်ချက်အရ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ကောက်ခံရရှိတဲ့ အခွန်အကောက်ရငွေမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျပ်ဘီလီယံ ၄,၉၁၂ ခန့်ရရှိရာမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျပ် ဘီလီယံ ၁၄,၀၇၀ ကောက်ခံရရှိခဲ့တဲ့အတွက် အခွန်အကောက်ရငွေ ၃ ဆ ခန့် တိုးတက်ရရှိခဲ့ပါတယ်။
ထိုကဲ့သို့ ပြည်ထောင်စု၏ အခွန်အကောက်ရငွေတွင် ပါဝင်မှုအများဆုံးဖြစ်တဲ့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ အခွန်အကောက်ရငွေ တိုးတက်လာသည့်အတွက် ပြည်ထောင်စု၏ စုစုပေါင်း အခွန်အကောက်ရငွေမှာလည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ၅,၄၈၄ ကျပ်ဘီလီယံရှိရာမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ၁၅,၁၇၃ ကျပ်ဘီလီယံအထိ ( ၃ ဆ ခန့် ) တိုးတက်ရရှိခဲ့ပါတယ်။
ထို့အတူ ပြည်ထောင်စု၏အခွန်အကောက်ရငွေတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ အခွန်အကောက်ရငွေ ပါဝင်မှုအချိုးမှာလည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၈၉ ရာခိုင်နှုန်း ပါဝင်ခဲ့ရာမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ၉၂ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။
အခွန်အကောက်ရငွေ တိုးတက်လာတဲ့အတွက် ပြည်ထောင်စု၏အခွန်အကောက်ရငွေနှင့် ဂျီဒီပီအချိုးမှာလည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ၅.၀၇ ရာခိုင်နှုန်းသာရှိရာမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ၈.၅၅ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့ပါတယ်။
ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိရေး၊ အခွန်ရငွေနှင့် ဂျီဒီပီအချိုးကို ၉.၅ ရာခိုင်နှုန်းရရှိရေး ရည်မှန်းချက်ထားကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား
လွှတ်တော်ကိုယ်စားလှယ်ကြီး၏မေးခွန်း ဒုတိယအပိုင်းဖြစ်တဲ့ အခွန်ကောက်ခံမှုယန္တရားတွင် နည်းပညာအသုံးပြုမှုနှင့် လူအင်အားအခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းဖြေကြားမှာဖြစ်ပါတယ်။
ယနေ့ကာလတွင် ခေတ်မီအခွန်စနစ်၏ ဗဟိုချက်သည် အခွန်စည်းကြပ်ကောက်ခံခြင်းနှင့် အခွန်ပေးဆောင်ခြင်းစတဲ့ အခွန်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်တွေမှာ နည်းပညာကို အကျိုးရှိထိရောက်စွာ အသုံးချနိုင်မှုပဲ ဖြစ်ပါတယ်။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအနေဖြင့် အခွန်လွတ်ကင်းမှုနှင့် အခွန်တိမ်းရှောင်မှုများကို တားဆီးကာကွယ်နိုင်ရေးနှင့် လူပုဂ္ဂိုလ်ချင်းထိတွေ့နိုင်မှုကို လျှော့ချခြင်းဖြင့် အဂတိလိုက်စားမှုများကို တားဆီးကာကွယ်နိုင်ရေးတို့အတွက် နည်းပညာတိုးချဲ့ ကျင့်သုံးနိုင်ရေးကို တွန်းအားပေးဆောင်ရွက်လျက်ရှိပါတယ်။
နည်းပညာတိုးချဲ့ကျင့်သုံးနိုင်ရေး ဆောင်ရွက်ထားတဲ့ အစီအမံများအနေနဲ့ -
(က) ပြည်တွင်းအခွန်များဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့တွင် နည်းပညာဆိုင်ရာဌာနခွဲကို ဌာနခွဲတစ်ခုစီ သီးခြားထည့်သွင်းဖွဲ့စည်းထားခြင်း၊
(ခ) ပြည်တွင်းအခွန်များဦးစီးဌာနတွင် အခွန်ထမ်းမှတ်ပုံတင်ခြင်းစနစ် ( e-Registration Management System)၊ အီလက်ထရောနစ် အခွန်ကြေညာလွှာ တင်သွင်းမှုစနစ် (e-Filling Management System) ၊ အီလက်ထရောနစ် ငွေပေးချေမှုစနစ်များဖြစ်တဲ့ m-Banking၊ e-Banking၊ i-Banking၊ Mobile Payment IRD’s Tax Payment Hub၊ Mobile Payment တို့ဖြင့် အခွန်ငွေများပေးဆောင်နိုင်ရန် စီမံဆောင်ရွက်ထားခြင်း၊
(ဂ) အကောက်ခွန်ဦးစီးဌာနတွင် မြန်မာအလိုအလျောက် ကုန်ပစ္စည်းရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System-MACCS) ကို အသုံးပြုပြီး Internet Banking/ Mobile Banking မှတစ်ဆင့် အကောက်ခွန်နှင့် အခြားအခွန်အခများ ပေးဆောင်နိုင်ရေးတို့ကို စီမံဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်။
ထို့အပြင် အခွန်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေရေးအတွက် စွမ်းဆောင်ရည်ပြည့်ဝသော ဝန်ထမ်းများ၏ အခန်းကဏ္ဍကလည်း အဓိကကျပါတယ်။ ဒါ့ကြောင့် အထက်တွင်တင်ပြခဲ့သည့်အတိုင်း နည်းပညာတိုးချဲ့ ကျင့်သုံးနိုင်ရေးနှင့် ဝန်ထမ်းများရဲ့လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်ရေးကို အလေးထားကာ သင်တန်းတွေ အဆက်မပြတ်ဖွင့်လှစ်ပြီး လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါတယ်။
ထို့ကြောင့် အခွန်ကောက်ခံမှုစနစ်တွင် နည်းပညာနှင့် ဝန်ထမ်းများကို ဟန်ချက်ညီညီ ပေါင်းစပ်ဆောင်ရွက်လျက်ရှိသည့်အတွက် လက်ရှိဝန်ထမ်းဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက်နိုင်မှုသည် လက်ရှိအခြေအနေတွင် လုံလောက်မှုရှိပါကြောင်း ဖြေကြားအပ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျာ
လွှတ်တော်ကိုယ်စားလှယ်ကြီး၏မေးခွန်း တတိယအပိုင်းဖြစ်တဲ့ နိုင်ငံတော်အခွန်ဘဏ္ဍာ ပိုမိုရရှိအောင်ဆောင်ရွက်မည့်အစီအစဉ်နှင့်စပ်လျဉ်း၍ အခွန်ဘဏ္ဍာပိုမိုရရှိအောင် ဆောင်ရွက်ရာတွင် “အခွန်နှုန်းထားများ တိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေချဲ့ထွင်ခြင်းဖြင့် ရသင့်ရထိုက်သည့် အခွန်များကို ပြည့်ဝစွာကောက်ခံရရှိရေး” မူဝါဒကို ကျင့်သုံးဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ အခွန်တိုးတက်ကောက်ခံရရှိမှုအခြေအနေများကိုလည်း တင်ပြခဲ့ပြီးဖြစ်ပါတယ်။
အဆိုပါ မူဝါဒနှင့်အညီ ပြည်တွင်းအခွန်များဦးစီးဌာအနေဖြင့် အခွန်အခြေချဲ့ထွင်ရာတွင် အခွန်ထမ်းအမျိုးအစားအလိုက် အခွန်အခြေချဲ့ထွင်ခြင်း၊ လုပ်ငန်းကဏ္ဍအလိုက် အခွန်အခြေချဲ့ ထွင်ခြင်းဖြင့် ရသင့်ရထိုက်သည့်အခွန်များကို ပြည့်ဝစွာ ကောက်ခံရရှိရေး မူဝါဒကျင့်သုံးဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ အခွန်တိုးတက်ကောက်ခံရရှိမှုအခြေအနေများကိုလည်း တင်ပြခဲ့ပြီး ဖြစ်ပါတယ်။
အဆိုပါ မူဝါဒနှင့် ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်အခြေချဲ့ထွင်ရာတွင် အခွန်ထမ်းအမျိုးအစားအလိုက် အခွန်အခြေချဲ့ထွင်ခြင်း၊ လုပ်ငန်းကဏ္ဍအလိုက် အခွန်အခြေချဲ့ထွင်ခြင်းနှင့် အခွန်စည်းကြပ်မှုကို ခေတ်မီအောင် ဆောင်ရွက်ခြင်းတို့ဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။
အခွန်ဘဏ္ဍာပိုမိုရရှိအောင် ဆောင်ရွက်လျက်ရှိတဲ့ အစီအမံများအနေဖြင့် တင်ပြရလျှင်-
(က) တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့မှ စီးပွားရေးလုပ်ငန်းစာရင်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီစာရင်းနှင့် တိုက်ဆိုင်စိစစ်ပြီး အခွန်ထမ်းသက်များ ဖော်ထုတ်ခြင်း၊
(ခ) မိုဘိုင်းဖုန်းဟန်းဆက်များကို နည်းပညာအသုံးပြု၍ မှတ်ပုံတင်စေသည့်စနစ် (Central Equipment Identity Register- CEOR) အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
(ဂ) မော်တော်ယာဉ်ဝယ်ယူခြင်းအပေါ် အခွန်ကိစ္စစိစစ်ခြင်း၊ လုပ်ငန်းစဉ်ဆိုင်ရာ အီလက်ထရောနစ်ဝန်ဆောင်မှုစနစ်(Vehicle Automatic Valuation System –VAVS)ကို အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိခြင်း၊
(ဃ) အခွန်ရငွေပိုမိုတိုးတက်ရေး၊ အခွန်စည်းကြပ်ရာတွင် မျှတမှုဖြစ်စေရေး၊ အခွန်မှူးများ၏ လုပ်ပိုင်ခွင့်ကို လျှော့ချကန့်သတ်ခြင်းဖြင့် အဂတိလိုက်စားမှုများကို တားဆီးကာကွယ်နိုင်ရေးတို့အတွက် အခွန်ထမ်းကိုယ်တိုင်စည်းကြပ်သည့်စနစ် (Self Assessment System –SAS) ကို တိုးချဲ့ကျင့်သုံးဆောင်ရွက်ခြင်း၊
(င) အခွန်ထမ်းများ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန်အတွက် အခွန်ဆိုင်ရာဝန်ဆောင်မှုရုံးများနှင့် အီလက်ထရောနစ် ဝန်ဆောင်မှုနည်းပညာဆိုင်ရာ အကူအညီပေးရေးစင်တာ (e-Service Help Desk Center) ဖွင့်လှစ်ဆောင်ရွက်ခြင်း၊
(စ) အခွန်ပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပြီး အခွန်ပညာပေးရှင်းလင်းပွဲများ ဆောင်ရွက်လျက်ရှိပါတယ်။
ဒါ့အပြင် အခွန်ထမ်းပြည်သူများအနေဖြင့် အခွန်ဆိုင်ရာ အသိပညာတိုးတက်ရေး၊ အခွန်ယဉ်ကျေးမှု ထွန်းကားလာရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှု တိုးတက်စေရေးတို့အတွက် လူထုလှုပ်ရှားမှုအစီအစဉ်(Tax Awareness Campaign) ကို ယခု ၂၀၂၆ ခုနှစ်၊ ဇူလိုင်လမှစ၍ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပုသိမ်၊ မော်လမြိုင်၊ ပဲခူး စတဲ့မြို့(၇) မြို့တွင် တစ်ပြိုင်နက်ပြုလုပ်နိုင်ရေးတို့ကို စီမံဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျာ
သို့ဖြစ်ပါ၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာရငွေ နှစ်စဉ်တိုးတက်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်လည်း လျာထားချက် ပြည့်မီကျော်လွန်ဆောင် ကောက်ခံရရှိရေး၊ ရသင့်ရထိုက်သော အခွန်ငွေများ ပြည့်ဝစွာ ကောက်ခံရရှိရေး၊ အခွန်စီမံခန့်ခွဲမှုတွင် နည်းပညာကို ပိုမိုတိုးချဲ့ကျင့်သုံးရေးတို့ကို စီမံဆောင်ရွက်သွားမှာဖြစ်ပါကြောင်းနှင့် ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း အခွန်ယဉ်ကျေးမှု ပိုမိုခိုင်မာလာစေရေးနှင့် အခွန်ထမ်းပြည်သူများအနေဖြင့် အခွန်တာဝန်ကို ကြည်သာပျူငှာစွာ ထမ်းဆောင်လာစေရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်း၍ ကူညီဆောင်ရွက်ပေးပါရန် လေးစားစွာတင်ပြရင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး မေးမြန်းတဲ့မေးခွန်းအား ပြန်လည်ရှင်းလင်း ဖြေကြားအပ်ပါတယ်ခင်ဗျာ။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။