ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး
(၁၁)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၅ ရက်
( ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက် )
[သောကြာနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည် -
(က) ဦးအောင်မျိုး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုမြို့လယ်၊ စည်ပင်သာယာစျေးကြီး မြောက်ဘက်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပိုင် အန္တရာယ်ရှိ အဆောက်အအုံများကို အမြန်ဆုံးဖျက်သိမ်းပြီး သက်ဆိုင်ရာ ဌာနအတွက်လည်းကောင်း၊ မြို့ရွာဖွံ့ဖြိုးတိုးတက်ရေး လွှဲပြောင်းအသုံးချရန် အတွက်လည်းကောင်း အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး က ဝန်ကြီးဌာနအနေဖြင့် အဆိုပါမြေနှင့် အဆောက်အအုံကို မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသ ကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ရန်ဆန္ဒရှိပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ မြို့နယ်ရုံးများ အစားထိုးရရှိနိုင်ရေးကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။
( ခ ) ဦးရဲထွဋ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ အစိုးရရာထူးအဆင့် အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားဝန်ထမ်းများ၏ ပင်စင် လစာများကို မည်သည့်အချိန်တွင် အငြိမ်းစားယူခဲ့သည်ဖြစ်စေ၊ ရာထူးအဆင့် နှင့် လုပ်သက်တူညီပါက တစ်ပြေးညီ တူညီစွာခံစားခွင့်ပြုရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က နိုင်ငံဝန်ထမ်း လစာနှုန်းတိုးမြှင့်သည့်အချိန်တိုင်း ၎င်းအချိန်မတိုင်မီက အငြိမ်းစားယူခဲ့သူများ၏ ပင်စင်လစာ တိုးမြှင့် သတ်မှတ်ပေးရန်ကိစ္စမှာ အခြေအနေများအရသာ နိုင်ငံတော်အစိုးရက နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေ အခြေအနေအပေါ် ချင့်ချိန်၍ သုံးသပ ဆုံးဖြတ် ရမည့်ကိစ္စဖြစ်ကြောင်းနှင့် ၂၀၁၈ ခုနှစ်၊ ဧပြီလ လစာ တိုးမြှင့်ပြီးနောက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာ တိုးမြှင့်နိုင်ရေးကိစ္စအပေါ် နိုင်ငံတော်အစိုးရက သုံးသပ်ဆောင်ရွက်ဆဲဖြစ်ကြောင်း ရှင်းလင်းဖြေကြား သည်။
( ဂ ) ဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ အောင်ဘာလေထီ လက်မှတ်များကို အက္ခရာတိုးမြှင့် ထုတ်ဝေရန် ပျက်ကွက်နေသောကြောင့် နိုင်ငံတော်မှ လစဉ်အခွန်ဝင်ငွေများ နစ်နာနေခြင်း၊ ထီလက်မှတ် တစ်စောင်လျှင် (၆၅၀/၇၀၀)ကျပ်ဖြစ်နေ၍ ပြည်သူများ နစ်နာဆုံးရှုံးနေခြင်း၊ တစ်နိုင်တစ်ပိုင် ထီရောင်းသူများ ဝင်ငွေကျဆင်းနေခြင်းတို့ ဖြစ်ပေါ်နေသော်လည်း ထီလုပ်ငန်း ရှင်ကြီးများမှာ အကျိုးအမြတ်များစွာ ရရှိနေကြပါသဖြင့် လိုအပ်သလို ပြုပြင် တည့်မတ်နိုင်ရေးအတွက် စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က Deposit တင်သွင်းသည့် ထီလုပ်ငန်းရှင်များအား ဥပဒေနှင့်အညီ စာချုပ်ချုပ်ဆို၍ ရောင်းချခြင်း၊ စာချုပ်ပါ စည်းကမ်းချက်များအား တိကျစွာ လိုက်နာမှုမရှိသော ထီဝယ်ယူခွင့် လျှောက်ထားသူများနှင့် စျေးနှုန်းတိုးမြှင့် ရောင်းချသည့် လက်ကားဆိုင်ကြီး များ၊ လက်ခွဲ/လက်လီ အရောင်းဆိုင်များအား မြို့နယ်များအလိုက် စိစစ်ဖော်ထုတ်၍ ထီစာအုပ်ဝယ်ယူခွင့် ပိတ်သိမ်းခြင်း၊ စပေါ်ငွေများ သိမ်းယူခြင်း စသည့် စီမံခန့်ခွဲမှုဆိုင်ရာ နည်းလမ်းများနှင့် လိုအပ်သလို အရေးယူကြပ်မတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
(ဃ) ဦးစောမိုးမြင့်(ခ)ဆင်မြူရယ်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ သံနှင့်သံမဏိ ကျိုချက်ရာတွင် အဓိကကုန်ကြမ်းအဖြစ် ထည့်သွင်းရသော သံတိုသံစ၊ သံထည် ဟောင်း(Scrap)များအား မြဝတီလမ်းကြောင်းမှ ပြည်ပနိုင်ငံသို့ တင်ပို့မှုအပေါ် နိုင်ငံတော်မှ အခွန်ရရှိခြင်း ရှိ/မရှိကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က တရားမဝင် ရှောင်ကွင်းလမ်းများမှ သွားလာမှု များအား ပြည်နယ်အစိုးရအဖွဲ့၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး တားဆီးထိန်းချုပ်နိုင်ရန် စီမံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(င) ဒေါ်ခင်ဆွေလွင်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ချင်းပြည်နယ်တွင် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများအတွက် အတိုးနှုန်းသက်သာသော ချေးငွေရရှိ နိုင်ရေး သီးခြားအစီအမံဖြင့် မည်သို့ဆောင်ရွက်ပေးမည်များကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က နိုင်ငံ့ဝန်ထမ်းချေးငွေစနစ်ကို လိုအပ်သည့်အခါ ပြန်လည်ကျင့်သုံးနိုင်ခြင်း၊ ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်နှင့် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေး ဘဏ်တို့က ဝန်ထမ်းအိမ်ရာချေးငွေများ စီစဉ် ဆောင်ရွက်ပေးလျက်ရှိခြင်း၊ ဒေသစရိတ်ခံစားခွင့်များ ဘတ်ဂျက်နှင့်အညီ ခွင့်ပြုခြင်းတို့ဖြင့် ဆောင်ရွက် လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
(စ) နော်လှလှစိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော “ဝန်ထမ်းသက်သာ ချောင်ချိရေးရန်ပုံငွေ”နှင့် ပတ်သက်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြန်တမ်းအား အစီအစဉ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ထားခြင်း ရှိ/မရှိနှင့် ရှိပါက မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ဝန်ထမ်းသက်သာ ချောင်ချိရေး ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ ရန်ပုံငွေကို ထူထောင်နိုင်ပြီး ၎င်းရန်ပုံငွေကို စီမံခန့်ခွဲရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်ဆေး ခြင်းကို ခံယူရမည်ဖြစ်ကြောင်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက် ရှိသည့် ဗဟိုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများတွင် ဝန်ထမ်း သက်သာချောင်ချိရေး ရန်ပုံငွေစာရင်းဖွင့်လှစ်ထားမှု စုစုပေါင်း (၂၂၉)ခုရှိကြောင်း ရှင်းလင်းဖြေကြားသည်။
ဥပဒေကြမ်းဆွေးနွေးခြင်း
၃။ စားသုံးသူကာကွယ်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၃)ဦးက ဆွေးနွေးသည်။
အဆိုဆွေးနွေးခြင်း၊ အဆုံးအဖြတ်ရယူခြင်း
၄။ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာ တင်သွင်းသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အနေဖြင့် နိုင်ငံတော်၏ သက်ရှိသဘာဝသယံဇာတဖြစ်သော ဆင်အပါအဝင် အခြားသော တောရိုင်းတိရစ္ဆာန်များ မျိုးတုန်းခြင်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်လျက် အများပြည်သူ သတိပြုမှု မြင့်တက်စေရန်နှင့် ဆင်အပါအဝင် အခြားသော တောရိုင်းတိရစ္ဆာန်များနှင့် ၎င်းတို့၏ အစိတ်အပိုင်းများ ပြောင်ပြောင်တင်းတင်း ရောင်းဝယ်ဖောက်ကားနေမှုကို ရပ်တန့်ပစ်နိုင်ရန်အတွက် ထိရောက်စွာ အရေးယူမှုများ ပြုလုပ်ခြင်းဖြင့် အချိန်မီကယ်တင်နိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်(၄)ဦးက ဆွေးနွေးပြီး ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ဖြေရှင်း ဆွေးနွေး၍ အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုသည်။
၅။ အစည်းအဝေးကို ၁၂၃၅ နာရီ အချိန်တွင် ရပ်နားပြီး (၁၂)ရက်မြောက်နေ့ အစည်းအဝေးကို ၁၁-၁၂-၂၀၁၈ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်