Share this

၁၁ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ် (၂.၂.၂၀၁၈)

Wednesday, February 28, 2018 - 11:45
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးသတ္တမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

ြပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး

၁၁ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ် 

 

၁၃၇၉ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက်

( ၂၀၁၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ ရက် )

[သောကြာနေ့]

 

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊  ဖေဖေါ်ဝါရီလ ၂ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဥ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည် - 

(က)ဦးအောင်ကြည်ညွန့်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏နိုင်ငံတော် အတွင်း အစားအသောက်ဆိုင်ရာ ဘေးကင်းလုံခြုံမှုကို အလွန်အမင်း ထိခိုက် စေလျက်ရှိသည့် FDA က ပိတ်ပင်ထားသော အစားအသောက်များ  ဈေးကွက် တွင် တွင်ကျယ်စွာ ဆက်လက် ရောင်းချနေခြင်း၊ FDA ခွင့်ပြုချက်မပါသော နိုင်ငံခြားဘာသာ သက်သက်ဖြင့်သာ ရေးသားထားသော အစားအသောက်များ၊ ဥပဒေအရ သတ်မှတ်ထားသည့် အညွှန်းအချက်အလက်မပါသည့် အစား အသောက်များနှင့် ဓာတုဗေဒ ဆိုးဆေးများ အလွန်အကျွံ သုံးထားသော        အစားအသောက်များ ရောင်းချနေခြင်းကို မည်ကဲ့သို့ ထိန်းချုပ်ရန် မေးခွန်းနှင့်် စပ်လျဥ်း၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထေွး က သက်ဆိုင်ရာ ဌာနများ၏ ခွင့်ပြုချက်များ ပါဝင်ခြင်းမရှိသော စားသောက် ကုန်များနှင့် ကုန်စည်များ၌ အမှတ်တံဆိပ် ဖော်ပြချက် ပြည့်စုံမှုမရှိသော ကုန်စည်များ FDA အပါအဝင် ဌာနဆိုင်ရာများမှ စားသုံးရန် သို့မဟုတ် သုံးစွဲရန် မသင့်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသော ကုန်စည်များ တွေ့ရှိ ပါက ပြဋ္ဌာန်းချက်ပါ ဥပဒေနှင့်အညီ စျေးကွက်အတွင်းမှ ပြန်လည် သိမ်းဆည်း စေခြင်း၊ စားသုံးသူသို့အန္တရာယ်ဖြစ်စေနိုင်သော ကုန်စည်များကို ဖျက်ဆီးစေခြင်း၊ လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်းနှင့် တရားစွဲဆိုခြင်းတို့ကို အရေးယူဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်သူလူထုအား ပညာပေးလုပ်ငန်းများကိုလည်း အရေးပေး ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။

( ခ )ဦးကျော်သောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ မြင်းမူမြို့၊ ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံကို ခုတင်(၁၀၀)ဆံ့ ပြည်သူ့ ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဥ် ရှိ/မရှိ  မေးခွန်းနှင့်စပ်လျဥ်း ၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထေွး က မြင်းမူမြို့၊ ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံကို ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ရန် အစီအစဥ်မရှိပါကြောင်းနှင့် ဆေးရုံ၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် တိုင်းဒေသကြီး ကုသရေး ဦးစီးဌာနမှူးထံ ညွှန်ကြားစီစဥ်ဆောင်ရွက်ပေးသွားမည် ြေဖကြားပါသည်။

( ဂ )ေဒါက်တာဝင်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ ပဲခူးတိုင်း ဒေသကြီး၊ မိုးညိုမြို့နယ်၊ ရှားတောကျွန်းရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆောက်လုပ်ခြင်းအတွက် တင်ဒါအောင် ကုမ္ပဏီအနေဖြင့် စံချိန်စံညွှန်း မပြည့်မီိ ခြင်းနှင့် လုပ်ငန်းအပ်နှံမှု မရှိသေးခြင်းအပေါ် မည်သို့အရေးယူဆောင်ရွက် မည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဥ်း၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထေွး က (၁၈-၉-၂၀၁၇)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ရှားတောကျွန်းရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ တည်ဆောက် ခြင်းလုပ်ငန်း နောက်ဆုံးပြင်ဆင်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေး ခဲ့ပြီး(၁၉-၉-၂၀၁၇)ရက်နေ့တွင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ လုပ်ငန်း လွှဲပြောင်းလက်ခံပြီး ဖြစ်ပါကြောင်း၊ လိုအပ်သည်များရှိပါကလည်း ကုမ္ပဏီနှင့် ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

(ဃ)ဦးတင်ဝေ၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့နယ်၊ မြို့သစ်ရပ်ကွက် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) မြို့သစ်၏ ကျောင်းဧရိယာမှာ (၀.၆၇၄)ဧကသာ ရှိသဖြင့် အလွန်ကျဉ်းမြောင်း နေပါ၍ ကျောင်းဧရိယာလျာထားမြေမှ ရယူထားပြီး အသုံးပြုခြင်း မရှိတော့သည့် တိုင်းရင်းဆေးအဆောက်အအုံပါ မြေယာကို ပြန်လည်စွန့်လွှတ်၍ ပညာရေးပိုင် မြေအဖြစ် လွှဲပြောင်းပေးရန် အစီအစဥ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဥ်း၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထေွး က ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ပညာရေးဝန်ကြီး ဌာန အခြေခံပညာဦးစီးဌာနတို့မှ တိုင်းဒေသကြီး ဦးစီးဌာနမှူးများ ညှိနှိုင်းကာ ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံးအတွက် မြေနေရာရရှိ၍ အဆောက်အဦ ဆောက်လုပ်ပြီးစီးပါက လုပ်ထုံးလုပ်နည်းအဆင့်ဆင့်နှင့်အညီ လွှဲပြောင်းနိုင်ရေး အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

( င ) ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်၊ ဒုက္ကံချောင်းကျေးရွာ၊ ကျန်းမာရေးဌာနခွဲကို ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့်ပေးရန်နှင့် ဗိုလ်မင်းကျေးရွာ၊ ြေပာင်းဆိပ်ကျေးရွာ၊ အောင်ဇေယျ ကျေးရွာတို့တွင် ကျန်းမာရေးဌာနခွဲများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဥ်း၍ ကျန်းမာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထေွး က ဒုက္ကံချောင်းကျေးရွာ၊ ကျန်းမာရေးဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာနအဖြစ်သို့ အဆင့်တိုးမြှင့် ဖွင့်လှစ်ရန်နှင့် ြေပာင်းဆိပ်ကျေးရွာအား ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ် ရန်အတွက်  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အမျိုးသား ကျန်းမာရေး စီမံကိန်း နှင့် ညှိနှိုင်း၍ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့သို့လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ (ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန)များသို့ လည်းကောင်း ပေးပို့ပြီး သဘောထားမှတ်ချက်များ တောင်းခံ၍ ပြန်ကြားချက် (ထောက်ခံချက်)ရရှိလျှင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြ၍ ခွင့်ပြုချက် ရရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ ဆက်လက်တင်ပြဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

( စ ) ဦးမင်းဦး၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းသစ်များ ခန့်ထားနိုင်ရေး အတွက် လျှောက်လွှာခေါ်ယူရာတွင် “နိုင်ငံရေးကင်းရှင်းကြောင်း သက်ဆိုင်ရာမှ ထောက်ခံချက်မူရင်း” ဆိုသည့် စည်းကမ်းချက်အား သတ်မှတ်ထည့်သွင်းခြင်း မပြုရန် ဝန်ကြီးဌာနအားလုံးကို ညွှန်ကြားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဥ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ ဒေါက်တာဝင်းသိမ်း က နိုင်ငံံ့ဝန်ထမ်း ဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများတွင် ဝန်ထမ်းသစ်များ ခန့်ထားနိုင်ရေးအတွက် လျှောက်လွှာခေါ်ယူရာ၌ ပါတီနိုင်ငံရေးနှင့်စပ်လျဥ်း၍ သတ်မှတ် ပြဋ္ဌာန်းထားခြင်းထားခြင်း မရှိပါသဖြင့် လွှတ်တော်ကိုယ်စားလှယ်မှ မေးမြန်းခဲ့သည့် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ဝန်ကြီးဌာနများ မှ နိုင်ငံရေး ကင်းရှင်းကြောင်း သက်ဆိုင်ရာမှ ထောက်ခံချက်မူရင်းဆိုသည့် စည်းကမ်းချက်အား သတ်မှတ်ထည့်သွင်းခြင်းမပြုရန် ဝန်ကြီးဌာနအားလုံးသို့ ညွှန်ကြားပေးရန် အစီအစဥ်” မရှိပါကြောင်း ပြည်ထောင်စုဝန်ကြီးဌာနအားလုံး နှင့် ပေါင်းစပ်ညှိနှိုင်းကာ ဖြေကြားပါသည်။

နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဥ်း၍ အစီရင်ခံစာအား ဥပဒေကြမ်းကော်မတီက  ဖတ်ကြားရှင်းလင်းခြင်းနှင့်  ပြင်ဆင်သည့်ဥပဒေကြမ်းအား တစ်ပိုဒ် ချင်းစီအလိုက် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

၃။ ဒေါ်အုန်းကြည်၊  မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) (ဥပဒေကြမ်းကော်မတီဝင်) က နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြားရှင်းလင်းပါသည်။

၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်း ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက အဆိုတင်သွင်းခြင်း၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခြင်းနှင့် ဥပဒေကြမ်းတစ်ရပ်လုံးအား အတည်ပြုခြင်း

၅။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းသိမ်း က နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုရန် အဆိုတင်သွင်း၍  စစ်ကိုင်းတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဝင်းအောင် က  ထောက်ခံပါသည်။

၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။ 

၇။ အစည်းအဝေးကို ၁၂း၁၇ နာရီ အချိန်တွင် ရပ်နားပါသည်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ၁၂ ရက်မြောက်နေ့ အစည်းအဝေးကို ၅-၂-၂၀၁၈ ရက်နေ့(တနင်္လာနေ့)တွင် ကျင်းပမည် ဖြစ်ကြောင်း ကြေညာပါသည်။

 

 

အမျိုးသားလွှတ်တော်