ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး
၁၂ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်
၁၃၇၉ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက်
( ၂၀၁၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၅ ရက် )
[တနင်္လာနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၅ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည် -
(က)ဦးကျော်ကျော်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း စက်မှုဇုန်သည် ပထမအကြိမ် လွှတ်တော်သက်တမ်းကာလ ကပင်စတင်ခဲ့ရာ ယနေ့အချိန်ထိဆိုလျှင် (၆)နှစ်ခန့်မျှ ကြာမြင့်ပြီး ဖြစ်၍ လုပ်ငန်းအကောင် အထည်ဖော် ဆောင်ရွက်ပေးနိုင်မှု အခြေအနေ၊ ပြီးစီးမှုအခြေအနေများနှင့် နောက်နှစ် မည်မျှကြာကြာလုပ်ဆောင်ရမည့် အခြေအနေများကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို က ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပုဏ္ဏားကျွန်း စက်မှုဇုန်တွင် ပြည်တွင်း/ ပြည်ပ ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် စိတ်ပါဝင်စားသည့် လုပ်ငန်း ရှင်များအား ဆက်လက်ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ရခိုင် ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီမှ လုပ်ငန်းဆောင်ရွက်မှုများသည် အထူးခံစားခွင့်များနှင့်အတူ တိုးတက်အောင်မြင် လာသည်နှင့်အမျှ ပုဏ္ဏားကျွန်းစက်မှုဇုန်တွင်လည်း ပြည်တွင်း/ပြည်ပ ကုမ္ပဏီများမှ လာရောက်၍ ရင်းနှီးမြှုပ်နှံ ဆောင်ရွက် လာကြမည်ဖြစ်ပြီး အမြန်ဆုံး အကောင်အထည်ပေါ်လာနိုင်မည်ဖြစ်ပါ ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စားရှင်းလင်းဖြေကြားပါသည်။
( ခ )ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့တွင် သန့်ရှင်းသော သောက်သုံးရေ တစ်နှစ်ပတ်လုံး လုံလောက်စွာ ရရှိရေးအတွက် ခမောင်းချောင်းလျှို ပိတ်ဆည် (တပ်တောင်ဆည်)မှ ရေများကို ပိုက်များဖြင့် စနစ်တကျ သွယ်တန်းပေးပြီး တပ်တောင်မြို့အား ရေပေးဝေရေးအတွက် လာမည့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ နှင့် သောက်သုံးရေ လုံလောက်စွာ မရရှိသေးသော တခြားမြို့များ ကိုလည်း သောက်သုံးရေ ဖြန့်ဖြူးနိုင်ရန်အတွက် လျှိုပိတ်ဆည်များ သို့မဟုတ် တခြားသော ရေသိုလှောင်သည့် နည်းစနစ်များဖြင့် ရေပေးဝေရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးလှကျော် က ခမောင်းချောင်း လျှိုပိတ်ဆည်မှ ရေပိုက်များ စနစ်တကျ သွယ်တန်း၍ တပ်တောင်မြို့သို့ သောက်သုံးရေပေးဝေနိုင်ရေးကို မြို့နယ်စည်ပင် သာယာရေးအဖွဲ့က ဆောင်ရွက်ရန် စီမံထားသည့်အလျောက် ယင်း လုပ်ငန်းအတွက် လိုအပ်သောရန်ပုံငွေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေ ဖြင့်၂၀၁၈-၂၀၁၉ ခုနှစ်၊ (ဧပြီ-စက်တင်ဘာ)ဘဏ္ဍာနှစ် ရန်ပုံငွေတွင် ထည့်သွင်းတောင်းခံထားပြီးဖြစ်ပါကြောင်း၊ ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ အမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းများကို ဆက်လက်တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည် နယ်အတွင်း သောက်သုံးရေရရှိရေးအတွက် ဌာနအနေဖြင့် ဒေသတွင်း ရရှိနိုင်မည့် ရေအရင်းအမြစ်များကို ဖော်ထုတ်ပြီး ရေလှောင်တမံများ နှင့် လျှိုပိတ်ဆည်များ တည်ဆောက်မှုနှင့်အတူ သက်ဆိုင်ရာ မြို့နယ် စည်ပင်သာယာရေးအဖွဲ့များနှင့် ပေါင်းစပ်ကာ သောက်သုံးရေပေးဝေလျက် ရှိပါကြောင်း ဖြေကြားပါသည်။
( ဂ )ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်အတွင်း သရီချောင်းနယ်မြေဖြစ်သည့် ကျားနင်းကန်၊ လိပ်မ၊ စိန်ခြုံ၊ ကျခပ်ပြင်ကျေးရွာဟောင်း၊ ကျခပ်ပြင်ကျေးရွာသစ်နှင့် စဖိုသားကျေးရွာများသို့ 11.KV လျှပ်စစ်လိုင်းများသွယ်တန်းပြီး (400)ဗို့အားလိုင်းများဖြင့် ကျေးရွာများ မီးလင်းရေးအတွက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင် က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း လိပ်မကျေးရွာ၊ စိန်ခြုံ ကျေးရွာ၊ ကျခပ်ပြင် ကျေးရွာဟောင်း၊ ကျခပ်ပြင် ကျေးရွာသစ်နှင့် စဖိုသားကျေးရွာ စသည့်ကျေးရွာ (၅)ရွာ လျှပ်စစ်ဓာတ်အား ရရှိနိုင်ရန် (၆၆)ကေဗွီ ကျောက်တော် - ဂုပ္ပိထောင့်ဓာတ်အားလိုင်း(၉)မိုင် တည်ဆောက်ခြင်းနှင့် ဂုပ္ပိထောင့်ကျေးရွာတွင် (၆၆/၁၁)ကေဗွီ၊ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံ အသစ် (၁)ရုံ တည်ဆောက်၍ အဆိုပါ ဓာတ်အားခွဲရုံမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရမည်ဖြစ်ပါ ကြောင်း၊ အဆိုပါ(၆၆)ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းများကို ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက် သွားမည့်(၅)နှစ် စီမံကိန်း၏၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေတွင် ထည့်သွင်းလျာထားကာ ဆောင်ရွက်သွားမည်ဖြစ်ပါ သဖြင့် အဆိုပါ ကျေးရွာ(၅)ရွာအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း၊ ကျားနင်းကန်ကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် လိုအပ်သော တည်ဆောက်ခြင်း လုပ်ငန်းများအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလ မှ စက်တင်ဘာလအထိ)၏ ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက် မည့် လုပ်ငန်းများတွင် ထည့်သွင်းလျာထားပေးနိုင်ရေးအတွက် ရခိုင် ပြည်နယ်အစိုးရအဖွဲ့သို့ ညှိနှိုင်းပေးသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေခွင့်ပြုမှု ရရှိပါက အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
(ဃ) ဦးဖေတင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ အစိုးရအောင်ဘာလေ ထီဆုငွေများ ထုတ်ယူရာတွင် အနည်းဆုံးတန်ဖိုးငွေကျပ် သောင်းဂဏန်း မှ အများဆုံး ငွေကျပ် ငါးသိန်း သို့မဟုတ် ငွေကျပ်ဆယ်သိန်းအထိကို သက်ဆိုင်ရာ အခွန်ဦးစီး ဌာနမှတစ်ဆင့် ထုတ်ယူစေပြီး ကျန်ဆုမဲကြီး များအား ပုံမှန်ထုတ်ပေးနေကျ နည်းလမ်းများအတိုင်း ငွေထုတ်ပေးသည့် စနစ်ကို ဆုကြေးနည်း ထုတ်ယူသူများအတွက် ဖြေလျှော့ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင် က အောင်ဘာလေသိန်းဆုဌာနခွဲ (ရန်ကုန်)နှင့် (မန္တလေးရုံးခွဲ)များတွင် ဆုငွေလာရောက်ထုတ်ယူပါက နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲ အနေဖြင့် ထီဖွင့်ပွဲပြီး နောက်ရက်မှ စတင်၍ ထီဆုငွေများ စတင် ထုတ်ပေးနိုင်အောင် စီစဉ်ထားရှိပြီး မြို့နယ်အခွန် ဦးစီးဌာနမှူးရုံးများမှ ထီဆုငွေထုတ်ယူခွင့်ပြုရန် တင်ပြလာပါက ရက်သတ္တပတ်အတွင်း ထုတ်ပေးနိုင်ရန်အတွက် ရုံးစာကိစ္စရပ်များအား E-mail, FAX, Viber စနစ်များဖြင့် ဆောင်ရွက်ပေးရန် စီစဉ်ထားရှိပြီးဖြစ်ပါကြောင်းနှင့် မြို့နယ်၏အခွန်ဦးစီးဌာနမှူးရုံးများတွင် ထီဆုငွေထုတ်ယူလိုသူများအနေ ဖြင့် ကျပ်(၁၀)သိန်းအထိ ထီဆုငွေများကို ရက်သတ္တပတ်အတွင်း ထုတ်ယူနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
( င )ဦးမြမင်းဆွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ ပုဂ္ဂလိကပိုင် လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ရေး ကော်မတီမှ မြို့ဝင်မြို့ထွက် များတွင် ငွေကောက်ခံရေးစခန်းများ ဖွင့်လှစ်၍ ငွေကောက်ခံနေခြင်းကို ရပ်ဆိုင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍နေပြည်တော်ကောင်စီဝင်ဦးအောင်မြင်ထွန်း က ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပုဂ္ဂလိကပိုင်မော်တော်ယာဉ်များကို မြို့ဝင်/ မြို့ထွက်များတွင် ငွေကောက်ခံရေးစခန်းများဖွင့်လှစ်၍ ယင်းကို တိုင်းဒေသကြီး/ပြည်နယ်များ၏ ဥပဒေနှင့်အညီ ကောက်ခံနေခြင်း ဖြစ်သည့်အတွက် ဖျက်သိမ်းရန် အစီအစဉ်မရှိသေးပါကြောင်း၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့အနေဖြင့် မြို့ဝင်/မြို့ထွက်များတွင် ငွေကောက်ခံရေးစခန်းများ ဖွင့်လှစ်၍ အခကြေးငွေများ ကောက်ခံနေခြင်း မရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီးအနေဖြင့် ၂၀၁၈ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှစ၍ ပုဂ္ဂလိကပိုင် လုပ်ငန်းသုံးမော်တော်ယာဉ်လိုင်းများမှ မြို့ဝင်/မြို့ထွက်များ၌ ငွေကြေးကောက်ခံနေခြင်းများကို လုံးဝ ကောက်ခံခြင်းမပြုရန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ၂၀၁၈ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ သာကောက်ခံ၍ ၂၀၁၈ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ ရပ်ဆိုင်းသွားမည် ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်အနေဖြင့် ပုဂ္ဂလိကပိုင် မော်တော်ယာဉ် များ ကြီးကြပ်ရေးကော်မတီများ၏ဆန္ဒအရ ကချင်ပြည်နယ်အစိုးရအဖွဲ့ ၏ အဆုံးအဖြတ်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် မြို့ဝင်/ မြို့ထွက်များတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ရှိ/မရှိ၊ ရှောင်တခင် စစ်ဆေးခြင်း လုပ်ငန်းကိုသာ ဆောင်ရွက်စေပြီး ယာဉ်ရပ်နားစခန်းများတွင်သာ ကောက်ခံစေရေး ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပဲခူးတိုင်း ဒေသကြီးအနေဖြင့် ပဲခူးမြို့အဝင် TOLL GATE အနီးတွင် တိုင်းယာဉ် လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီမှ တိုင်းကျော်လုပ်ငန်းလိုင်စင်ရှိ သောယာဉ်များအား ယာဉ်စည်းကြပ်ခ(၁)စီးလျှင် (၅၀၀)ကျပ်နှုန်းကို ယခင်အစိုးရလက်ထက်က ထုတ်ပြန်ခဲ့သည့် စီမံချက်အရ ကောက်ခံနေ ခြင်းဖြစ်ပြီး ယခုအစိုးရအနေဖြင့် ဆက်လက်ကောက်ခံရန် သင့်/မသင့် ကို Cabinet အစည်းအဝေးတွင် ဆုံးဖြတ်ပြီး (၂)လအတွင်း စာဖြင့် ပြန်လည်ဖြေကြားမည်ဖြစ်ကြောင်း၊ နေပြည်တော်အနေဖြင့်လည်း မြို့၀င်/မြို့ထွက် ငွေကောက်ခံရေးစခန်းများ မရှိပါကြောင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှသာ မြို့ဝင်ကြေးဘီးခွန် ကောက်ခံလျက်ရှိပါကြောင်းနှင့် တိုင်းဒေသကြီး/ပြည်နယ်၏ ဖြေကြား ချက်များနှင့်အတူ ပေါင်းစပ်ဖြေကြားပါသည်။
အဆိုဆွေးနွေးခြင်း၊ ထောက်ခံခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်/မသင့် အဆုံးအဖြတ် ရယူခြင်း
၃။ ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ကျေးရွာတစ်ရွာ ထုတ်ကုန် တစ်ခု ONE VILLAGE ONE PRODUCT(OVOP) ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာ (RURAL DEVELOPMENT STRATEGY)အစီအစဉ်အား ဆင်းရဲသော ပြည်နယ်နှင့် တိုင်းများအား ဦးစားပေးလျက် သက်ဆိုင်ရာ ဝန်ကြီးဌာန များတွင် ဘဏ္ဍာငွေတစ်ရပ် ထည့်သွင်းရေးဆွဲကာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုတင်သွင်း၍ ဦးစိုင်းဝမ်းလှိုင်းခမ်း ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၃)က ထောက်ခံပါသည်။
၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်က လက်ခံ ဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏သဘောထားကိုရယူရာ သဘောမတူသူ မရှိသ ဖြင့် အဆိုကိုလက်ခံ ဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာပါသည်။
၅။ အစည်းအဝေးကို ၁၁:၀၅ နာရီ အချိန်တွင် ရပ်နားပါသည်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ၁၃ ရက်မြောက်နေ့ အစည်းအဝေးကို ၆-၂-၂၀၁၈ ရက်နေ့(အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
အမျိုးသားလွှတ်တော်