Share this

(၁၃)ရက်မြောက်နေ့ အစည်းအဝေးအကျဉ်းချုပ်(၁၀.၁၂.၂၀၁၉)

Tuesday, December 10, 2019 - 15:30
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

(၁၃)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်

(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်)

[ အင်္ဂါနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁ဝးဝဝ နာရီ အချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က)ဒေါက်တာဝင်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ မြန်မာနိုင်ငံသူ/ နိုင်ငံသားများ၏ ကျန်းမာရေးနှင့်အားကစား  အဆင့်မြင့်မား တိုးတက်စေရေး အတွက် မြန်မာ့ရုပ်မြင်သံကြားလိုင်းမှ ကျန်းမာရေးနှင့် အားကစားရုပ်သံလိုင်း (Health & Sport Channel) တစ်ခု ထုတ်လွှင့် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က မြန်မာနိုင်ငံကိုယ်စားပြု အားကစားအသင်းအဖွဲ့များ၏ နိုင်ငံတကာအားကစား ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်မှုအခြေအနေများ၊ နိုင်ငံတကာအားကစားပြိုင်ပွဲ များအား အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အားကစားပြိုင်ပွဲများနှင့် ပြည်တွင်း အားကစားပြိုင်ပွဲ ကျင်းပနေမှုများကို အများပြည်သူ လွယ်လင့်တကူ ကြည့်ရှု အားပေးနိုင်စေရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ နိုင်ငံပိုင်မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ထုတ်လွှင့်ပြသပေးလျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ)ဦးကျော်နီနိုင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွက် ခေတ်မီ အဆင့်မြင့် မီးသတ်ယာဉ်(၁)စီး ခွဲဝေခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က မြို့နယ်မီးသတ်စခန်း ဖွဲ့စည်းပုံအရ မီးငြိမ်းသတ်ယာဉ် (၂)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ မီးသတ် စက်ယာဉ် (၁)စီး၊ စုစုပေါင်း မီးသတ်ယာဉ် (၄)စီးအား ဖြည့်တင်းထားရှိပြီး ဖြစ်ခြင်းတို့ကြောင့် လောက်ကိုင်မြို့နယ်တွင် အဆင့်မြင့်မီးသတ်ယာဉ် (၁)စီး ချထားပေးရန် အစီအစဉ်မရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ)နော်လှလှစိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ အင်းစိန်မြို့နယ် နှင့် မင်္ဂလာဒုံမြို့နယ်များတွင် မှုခင်းကျဆင်းရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် မည်သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က အင်းစိန်မြို့နယ် နှင့်မင်္ဂလာဒုံမြို့နယ် အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် မှုခင်းကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ပထမဦးစားပေး၊ ဒုတိယဦးစားပေးအဆင့်များ သတ်မှတ်၍ ဆောင်ရွက်နေခြင်း၊ ဆိုင်ကယ်လှည့်ကင်း၊ မီးတန်းယာဉ်လှည့်ကင်း များ၊ ရပ်ကင်း/ဝပ်ကင်းများ ချထားဆောင်ရွက်နေခြင်းနှင့် အမျိုးသားအဆင့် မှုခင်း ကြိုတင်ကာကွယ်ရေး မဟာဗျူဟာချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။ 

(ဃ)ဒေါက်တာဦးကြွယ်ကြွယ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ ပြည်သူလူထု၏ လုံခြုံရေးကို ထိခိုက်သော အခြေအနေတစ်ရပ် ပေါ်ပေါက်ပါက အလျင်အမြန် တုန့်ပြန်နိုင်ရန် ဖုန်းနံပါတ် ၁၉၉ ကို ဆက်သွယ်ပါက အလျင်အမြန် ချက်ချင်း ရောက်လာနိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် စီစဉ်ထားခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က မြို့နယ်အသီးသီးရှိ ရဲစခန်းတိုင်းတွင် ၁၉၉ ခေါ်ဆိုမှုကဲ့သို့ အရေးပေါ်အကူအညီတောင်းခံသော မှုခင်းကိစ္စရပ်များကို အကောင်အထည် ဖော်ဆောင်ရွက်ရန် ထုတ်နှုတ်အင်အားဖြင့် စုဖွဲ့ထားရှိသော တပ်ဖွဲ့ဝင်များမှ သတင်းရရှိပါက အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း ရှင်းလင်းဖြေကြားသည်။ 

အသိပေး တင်ပြခြင်း နှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၃။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ထားသော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေတို့ကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းများအား ပြည်သူ့လွှတ်တော် က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့ လာခြင်းကို အသိပေးတင်ပြပြီး ယင်း ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။ အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း

၄။ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော် (ဥပဒေကြမ်းကော်မတီဝင်) က ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်း ဥပဒေကြမ်းကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။

အဆို တင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း

 ၅။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်းကို အတည်ပြုရန် အဆို တင်သွင်းရာ  လွှတ်တော်ကိုယ်စားလှယ် (၁)ဦးက ထောက်ခံပြီး ဥက္ကဋ္ဌ က ယင်း ဥပဒေကြမ်းကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။

အဆို ဆွေးနွေးခြင်း

၆။ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင် ၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အသီးသီးတွင် အစိုးရအဆက်ဆက် အသုံးပြုခဲ့သော လက်ရှိ အသုံးပြုခြင်း မရှိတော့ဘဲ တဖြည်းဖြည်း ဟောင်းနွမ်း ယိုယွင်းပျက်စီးနေပြီဖြစ်သည့် အဆောက်အဦများ တည်ရှိရာ ဝန်ကြီးဌာနပိုင် မြေများ၊ ကျေးရွာများရှိ စပါးဒိုင်အဆောက်အဦနှင့် မြေနေရာများအား မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အများ ပြည်သူ အကျိုးဖြစ်ထွန်းသောလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန် မြို့ပြ မြေရှားပါးမှုကို ဖြေရှင်းနိုင်ရန်အတွက်လည်းကောင်း၊ မြို့စီမံခန့်ခွဲခွင့်ရ မြေနေရာများ (City Land) အဖြစ် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြန်လည်စွန့်လွှတ် လွှဲပြောင်းပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရ အား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော် ကိုယ်စားလှယ် (၄)ဦးက ဆွေးနွေးသည်။

အစီရင်ခံစာ ဆွေးနွေးခြင်း၊ အဆို တင်သွင်းခြင်းနှင့် အတည်ပြုချက် ရယူခြင်း

၇။ အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၂၁-၃-၂၀၁၈) ရက်နေ့မှ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလပြီးသည့်အထိ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ် (၂)ဦးက ဆွေးနွေးသည်။

၈။ အဆိုပါ ကော်မတီ၏ အစီရင်ခံစာကို သဘောတူ လက်ခံရန် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးစောမိုးမြင့်(ခ)ဆင်မြူရယ် (ဥက္ကဋ္ဌ၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင် ဆိုင်ရာကော်မတီ) က အဆို တင်သွင်းပြီး ဥက္ကဋ္ဌ က လွှတ်တော်၏ အတည်ပြုချက် ရယူရာ လွှတ်တော် က အတည်ပြုသည်။

၉။ အစည်းအဝေးကို ၁၂:၃၃ နာရီ အချိန်တွင် ရပ်နားပြီး (၁၄)ရက်မြောက်နေ့ အစည်းအဝေးကို ၁၂-၁၂-၂၀၁၉ ရက်နေ့ (ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

 

အမျိုးသားလွှတ်တော်