Share this

၁၃ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအနှစ်ချုပ် (၁၁.၆.၂၀၁၈)

Thursday, June 14, 2018 - 10:47
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးအဋ္ဌမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး

(၁၃)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

 ၁၃၈၀ ပြည့်နှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်

( ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၁ ရက် )

[တနင်္လာနေ့]

၁။           ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။              မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက် ခဲ့ပါသည်-

     (က) ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ရှမ်းပြည်နယ်၊ ဟိုပန်ခရိုင်၊ မိုင်းမောမြို့နယ် မိုင်းမော-ကလုံပါ-မွတ်လေး လမ်းပိုင်းမှ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများကို မည်သည့် အစီအစဉ်မျိုးဖြင့် ပြန်လည်ပြုပြင်ပေးပြီး မည်သည့်အချိန် ကာလတွင် အပြီးသတ်ဆောင်ရွက်ပေး နိုင်မည်ကိုသိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က  ပြန်လည်ပြုပြင်ဆောင်ရွက်ပေးနိုင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းပြီး  ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှ စိစစ်ထောက်ခံတင်ပြလာပါက နယ်စပ်ဒေသဖွံ့ဖြိုးရေး(၅)နှစ်စီမံကိန်း ရန်ပုံငွေလျာထားချက်တွင် နှစ်အလိုက်၊ အပိုင်းအလိုက် အဆိုပြုထည့်သွင်း လျာထားနိုင်ရေး တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

 (ခ)  ဦးကျော်နီနိုင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အရေးပါမည့် ရန်လုံကျိုင်း- လောက်ကိုင်-မန်တုံပါး-တောက်ရွှေ-ကွမ်းလုံ လမ်းကြောင်းသစ် ဖောက်လုပ်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး   ဗိုလ်ချုပ်သန်းထွဋ် က  ရန်လုံကျိုင်း- လောက်ကိုင်-မန်တုံပါး-တောက်ရွှေ အထိ လမ်းပိုင်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လတွင် ဆောင်ရွက်ပြီးစီးမည်ဖြစ်ပြီး ကျန်ရှိ သည့် တောက်ရွှေ-ကွမ်းလုံ လမ်းပိုင်းကို ဆက်လက်ဆောင်ရွက်နိုင်ရေး အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ၊ ဒုတိယ(၁၂)လတွင် ပြည်ထောင်စု ရန်ပုံငွေဖြင့် မြေလမ်း(၅)မိုင်ကိုလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် မြေလမ်း(၁၀)မိုင်ကိုလည်းကောင်း အသီသီးအဆိုပြုလျာထား ပြီးဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

      (ဂ)   ဦးစောစိန်ထွန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ “ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်” ရှိ ဟောင်းနွမ်းဆွေးမြေ့ယိုယွင်းလျက်ရှိသည့် တချို့သော အရာထမ်း၊ အမှုထမ်း ဝန်ထမ်းအိမ်ရာများနှင့် စာသင်ကျောင်းဆောင်၊ လက်တွေ့ကျောင်းဆောင်များကို ပြန်လည်ပြုပြင်မွမ်းမံ တည်ဆောက်ရန် သို့မဟုတ် အသစ် ပြန်လည်တည်ဆောက်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က  ဝန်ကြီး ဌာနအနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် အဟောင်းပြုပြင်မွမ်းမံခြင်း၊ အသစ် တည်ဆောက်ခြင်းလုပ်ငန်းစဉ်များကို စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ နောင်ဘဏ္ဍာရေးနှစ်များတွင်လည်း ဆက်လက်ဆောင်ရွက်ရန်လိုအပ်သည့် အမှုထမ်းအရာထမ်းများ၏အိမ်ရာများ၊ သင်ကြားရေးဆိုင်ရာ အဆောက် အအုံများကို ဘဏ္ဍာရေးနှစ်အလိုက် ဦးစားပေးအစီအစဉ်ဖြင့် ရန်ပုံငွေ လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

  (ဃ) ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဇဉ်ဘောင်းပြင်အုပ်စု၊ ဖရုံချောင်းကျေးရွာတွင် သွားလာမှုလွယ်ကူစေရန် အရှည် (၂၅၀)ပေရှိ ကြိုးတံတားတစ်စင်းကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က  ပလက်ဝမြို့နယ်၊ ဇဉ်ဘောင်းပြင်အုပ်စု၊ ဖရုံချောင်း ကျေးရွာတွင် သွားလာမှုလွယ်ကူစေရန် အရှည်(၂၅၀)ပေရှိ ကြိုးတံတားတစ်စင်း တည်ဆောက်ပေးနိုင်ရန်အတွက်  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အဆိုပြုလျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

       (င)  ဦးဘော်ရယ်စိုးဝေ၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ အသက် (၇၀)နှစ် ပြည့်ပြီးသော နိုင်ငံ့ဝန်ထမ်း အငြိမ်းစားသက်ကြီးရွယ်အို ပင်စင် စားများကို နိုင်ငံတော်မှ တစ်လုံးတစ်ခဲပင်စင် အပြီးပြတ်ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အသက်(၇၀)နှစ်ပြည့်ပြီးသော နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား နိုင်ငံတော်မှ တစ်လုံးတစ်ခဲတည်းပင်စင် အပြီးအပြတ်ထုတ်ပေးနိုင်ရန် လောလောဆယ်တွင် အစီအစဉ်မရှိသေးပါ ကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပေဒေ၊ ပင်စင်ဥပဒေ၊ နည်းဥပဒေ များနှင့် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် တည်ဆဲအမိန့်၊ ညွှန်ကြားချက်များ နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

      (စ)   ဦးထွန်းထွန်းဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ မြန်မာ နိုင်ငံ၏ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသော မိုဘိုင်းဘဏ္ဍာရေး ဆိုင်ရာ ငွေကြေးဝန်ဆောင်မှုစနစ်များကို သတင်းအချက်အလက် ပေါက်ကြားမှုနှင့် ဆိုက်ဘာတိုက်ခိုက်ခံရမှုများမရှိဘဲ ပြည်သူအများ စိတ်ချလုံခြုံစွာအသုံးပြုနိုင်ရန်အတွက် ခိုင်မာသော နည်းပညာလုံခြုံရေး အစီအမံများ ဆောင်ရွက်ထားရှိစေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ညွှန်ကြားထိန်းသိမ်း စီမံဆောင်ရွက် ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများအတွက် ပြည်သူအများ စိတ်ချလုံခြုံစွာအသုံးပြုနိုင် စေရန် ၎င်းအဖွဲ့အစည်းများကို လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးသူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စည်းမျဉ်းများ၊ ညွှန်ကြားချက်များကိုလည်း ပြင်ဆင်ရန်၊ ဖြည့်စွက်ရန်၊ အသစ်ထပ်မံထည့်သွင်းရန် စသည်ဖြင့် လိုအပ်လာပါက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

၃။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ထား သော မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။

၄။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ထားသော အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကိုအသိပေးတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာသည်။

၅။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့်အတည်ပြုပြီး ပေးပို့လာသော ရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။

အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့်  အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း 

၆။      ဦးအောင်ကြည်ညွန့်၊ မကွေးတိုင်းဒေသကြီး  မဲဆန္ဒနယ်အမှတ်(၄) (ဥပဒေကြမ်းကော် မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့်အတည်ပြုပြီးပေးပို့လာသော မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင် ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

၇။      အစည်းအဝေးကို ၁၁၀၇ နာရီအချိန်တွင် ရပ်နားပြီး (၁၄)ရက်မြောက်နေ့ အစည်းအဝေးကို ၁၃-၆-၂၀၁၈  ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

                                                                                အမျိုးသားလွှတ်တော်