Share this

၁၃ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ် (၆.၂.၂၀၁၈)

Wednesday, February 28, 2018 - 12:30
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးသတ္တမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး
၁၃ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

၁၃၇၉ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက်
( ၂၀၁၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၆ ရက် )
[အင်္ဂါနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၃ ရက် မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၆ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -
(က) ဦးတင်အောင်ထွန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မြို့နယ်တရား ရုံးတွင် ပေးဆောင်ခဲ့ရသည့် ဒဏ်ငွေကို တိုင်းဒေသကြီး တရားလွှတ်တော်က ပြန်လည်ထုတ်ပေးစေသည့် အမိန့်ပါရှိရာတွင် သက်ဆိုင်သည့် အမှုသည်ထံသို့ အမှန်ကန်ဆုံးနှင့် အမြန်ဆုံး ပြန်လည်ထုတ်ပေးနိုင်ရန် မည်ကဲ့သို့ စီမံဆောင်ရွက် ပေးမည်နှင့် အခြားသော သက်သေခံပစ္စည်း၊ ငွေကြေးတို့ကို ပြန်လည် ထုတ်ပေးရာ၌ လည်း မှန်ကန်/မြန်ဆန်စေရန် ဆောင်ရွက်ပေးနိုင်မှု ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်၍ ပြည်တော်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးမြင့်အောင် က မကွေးတိုင်းဒေသကြီး၊ တရားရေးဦးစီးမှူးရုံးမှ ၂၉-၁၂-၂၀၁၇ ရက်စွဲပါစာအမှတ်၊ ၆၂၁၂/၁-၅/၂၀၁၇ ဖြင့် မင်းဘူးမြို့နယ် တရားရုံးသို့ အထက်ပါအမှု(၆)မှုမှ သက်သေခံငွေစုစုပေါင်း ကျပ် ၃၀၀၀၀၀ဝိ/-(ကျပ်သိန်းသုံးဆယ်တိတိ)မှာ ၁-၁၀-၂၀၁၁ နေ့နောက်ပိုင်း မကွေးတိုင်းဒေသကြီး၊ ဘဏ္ဍာရန်ပုံငွေ၏ ငွေထုတ်စာရင်းတွင် ပေးသွင်း ထားကြောင်း စိစစ်တွေ့ရှိရသဖြင့် အဆိုပါဒဏ်ငွေကျပ် ၃၀၀၀၀၀ဝိ/-(ကျပ်သိန်းသုံးဆယ်တိတိ)ကို သက်ဆိုင်သူ တရားခံ(၆)ဦးသို့ ပြန်လည် ထုတ်ပေး နိုင်ရန် မကွေးတိုင်းဒေသကြီး၊ ဘဏ္ဍာရန်ပုံငွေ၏ သာမန်ရငွေ နှုတ်-၅၀ ပြန်ပေးငွေ ခေါင်းစဉ်အောက်မှ ခွင့်ပြုပြီးနောက် ၅-၁-၂၀၁၈ နေ့တွင် ပြန်လည်ထုတ်ပေးပြီး ဖြစ်ပါကြောင်း၊ အခြားသော သက်သေခံ ပစ္စည်း၊ ငွေကြေးတို့ကို ပြန်လည်ထုတ် ပေးရာ၌လည်း မှန်ကန်/မြန်ဆန် စေရန်အတွက် ဆောင်ရွက်ပေးနိုင်မှု ရှိ/မရှိနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ အမှုကို အယူခံဝင်ရောက်ခြင်းမရှိပါက အယူခံဝင်ခွင့် ကာလကုန်ဆုံးပြီး နောက် ပြန်လည်ထုတ်ပေးလျက်ရှိကြောင်းနှင့် အယူခံ/ပြင်ဆင်မှု တက်ရောက်သောအမှုများတွင် ယင်းအမှုများ ဆုံးဖြတ်ပြီးစီးသည် အထိ စောင့်ဆိုင်း၍ အမြန်ဆုံး စိစစ်ထုတ်ပေးလျက်ရှိပါကြောင်း ဖြေကြား ပါသည်။
( ခ ) ဦးဝေစိန်အောင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ရခိုင်ပြည်နယ်၊ စစ်တွေ မြို့နယ်၊ သင်ပုန်းတန်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကို အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သင်ပုန်းတန်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းအဆင့် တိုးမြှင့်ခြင်း ဆိုင်ရာ သတ်မှတ်မူနှင့် ကိုက်ညီမှုမရှိသော်လည်း ဒေသဖွံ့ဖြိုးရေးကို ရှေးရှု၍သော်လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများအတွက် သင်ယူမှုအခွင့်အလမ်းများ တိုးမြှင့်ရရှိရေးတို့အတွက်သော်လည်းကောင်း ဖြေလျှော့စဉ်းစားပြီး၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ရေးအတွက် အလေးထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
( ဂ ) ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ်၊ မော်ဟွေ့ကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်း (မော်ဟွေ့)ကို ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ကျောင်းအဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ်၊ မော်ဟွေ့ကျေးရွာ အခြေခံပညာမူလတန်းကျောင်းသည် တောင်ပေါ်ဒေသဖြစ်၍ သွားလာရေးခက်ခဲပါသဖြင့် သတ်မှတ်မူနှင့် ကိုက်ညီမှုရှိသည့်အတွက် ၂၀၁၈-၂၀၁၉ပညာသင်နှစ်တွင် ကျောင်းအဆင့် တိုးမြှင့်ပေးရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
အဆိုဆွေးနွေးခြင်း
၃။ ဦးဖေချစ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးနေခြင်းကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးရန် ပြည်ထောင်စုအစိုးရ အား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်(၆)ဦးက ဆွေးနွေးပါသည်။
၄။ အစည်းအဝေးကို ၁၁၁၇ နာရီ အချိန်တွင် ရပ်နားပါသည်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ၁၄ ရက်မြောက်နေ့ အစည်းအဝေးကို ၇-၂-၂၀၁၈ ရက်နေ့(ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

အမျိုးသားလွှတ်တော်