ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
(၁၆)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၁ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်
(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်)
[ တနင်္လာနေ့ ]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၁ဝးဝဝ နာရီ အချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။
(က)ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ကျောက်တော်မြို့နယ်၊ ရွာမပြင် ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းအား အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ပေးရန်နှင့် နဂူမေကျေးရွာအခြေခံပညာအထက်တန်း ကျောင်း(ခွဲ)အား အခြေခံပညာအထက်တန်းကျောင်းအဖြစ် ၂၀၂၀-၂၀၂၁ ပညာ သင်နှစ်တွင် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ရွာမပြင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသည် သတ်မှတ်မူနှင့် ကိုက်ညီမှုရှိသည့်အတွက် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ ကျောင်းအဆင့်တိုးမြှင့်ခြင်းများ ဆောင်ရွက်သည့် အချိန်တွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ပေးရန် စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နဂူမေကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)သည် သတ်မှတ်မူနှင့် ကိုက်ညီမှုမရှိသေးသည့်အတွက် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ဦးစားပေးကျောင်းအနေဖြင့် အဆင့်တိုးမြှင့်ပေးနိုင်ခြင်းမရှိသေး ကြောင်းနှင့် အဆိုပါကျောင်းသည် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ဖြစ်သည့်အတွက် အထက်တန်းပညာရပ်များကိုလည်း သင်ယူခွင့်ရရှိနေသည့် အခြေအနေတွင် ရှိနေသေးကြောင်း ရှင်းလင်းဖြေကြားသည်။
(ခ)ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ တစ်ရွာနှင့်တစ်ရွာ ဝေးကွာလွန်းသော ကျေးရွာအုပ်စု(၄)ခုအား လုပ်ထုံးလုပ်နည်းနှင့်အညီ အုပ်စုခွဲရန် အမှုတွဲအဆင့်ဆင့် တင်ပြလာပါက မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့် က မြေပြင်အခြေအနေ၌ ကျေးရွာအုပ်စုခွဲထွက်ရန် အမှန်တကယ်လိုအပ်သည့်အချိန်မှသာ လုပ်ထုံးလုပ်နည်း နှင့်အညီ အမှုတွဲပြုစုပြီး အဆင့်ဆင့်တင်ပြနိုင်ရေး စိစစ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် လတ်တလောတွင် ကျေးရွာအုပ်စုတိုးချဲ့ဖွဲ့စည်းရန် အစီအစဉ် မရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။
(ဂ)ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် ရုံးအဆောက်အအုံအား ဖျက်သိမ်း လျက် မြေနေရာအခက်အခဲရှိသော ဌာနများအတွက်ပါ ပါဝင်ဖွင့်လှစ်နိုင်သည့် RC (၂)ထပ်ပါ (E)ပုံသဏ္ဌာန် အဆောက်အအုံကို အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့် က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ (OSS)ရုံး၊ မြေနေရာအခက်အခဲရှိသော ဌာနများဖြစ်သည့် မြို့နယ် တရားရုံး၊ မြို့နယ်ဥပဒေရုံး၊ မှုခင်းမှတ်တမ်းထိန်းသိမ်းရေးရုံးနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတို့ပါ စုပေါင်းဖွင့်လှစ်နိုင်သည့် RC(၂)ထပ်ရုံး အဆောက်အအုံ အား သင့်လျော်သည့် ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေခွဲဝေချထားပေးနိုင်ရေး နှစ်စဉ် စီမံကိန်း ရည်မှန်းချက်ရေးဆွဲတင်ပြရာတွင် ပထမဦးစားပေး ထည့်သွင်းတင်ပြ သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဃ)ဦးမင်းဆွေနိုင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ ကချင်ပြည်နယ်၊ မိုးညှင်း မြို့နယ်၊ မိုးညှင်းမြို့ပေါ် (၅)ရပ်ကွက်နှင့် တစ်ဆက်တစ်စပ်တည်း ရှိနေသော ကျေးရွာအုပ်စုများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအဖြစ် ထပ်မံတိုးချဲ့ ဖွဲ့စည်း ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့် က ဒေသခံပြည်သူများမှ လတ်တလောတွင် တင်ပြတောင်းခံလာခြင်း မရှိသေးသဖြင့် မိုးညှင်းမြို့ပေါ် (၅)ရပ်ကွက်နှင့် တစ်ဆက်တစ်စပ်တည်းရှိနေသော ကျေးရွာအုပ်စုများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအဖြစ် တိုးချဲ့ဖွဲ့စည်းပေးရန် မရှိသေးကြောင်း ရှင်းလင်း ဖြေကြားသည်။
(င)ဦးကျော်သောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ စစ်ကိုင်းမြို့နယ်၊ ဆည်လေးတောကျေးရွာ သောက်သုံးရေ ရရှိရေးအတွက် မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က စိစစ် ရရှိမှုများအပေါ်မူတည်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ သို့မဟုတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေရရှိရေး လျာထားတင်ပြတောင်းခံပြီး ရရှိမှုအရ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(စ)ဦးတင်အောင်ထွန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မကွေးတိုင်း ဒေသကြီး၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့သည် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ အဆင့်ဆင့်က တည်ဆဲလယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက် များနှင့်အညီ တောင်သူအား အေးချမ်းစွာ ဆက်လက်လုပ်ကိုင်နိုင်ရန် ကူညီ ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီသို့ တင်ပြထားရှိပြီးဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက် အား ရှင်းလင်းဖြေကြားသည်။
အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း
၃။ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်လွင် (ဥပဒေကြမ်းကော်မတီဝင်) က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော စက်မှုဇုန် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်း ဥပဒေကြမ်းအား အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။
အဆို ဆွေးနွေးခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း
၄။ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း ၏ ကချင်ပြည်နယ် သာမက တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့တိုင် ဧကများစွာ ဆက်လက်စိုက်ပျိုး လျက်ရှိသော တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုးခြင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စည်းကမ်းတကျ ထိန်းသိမ်းကွပ်ကဲနိုင်စေရန်၊ ရေရှည်တွင် ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများအား ကြိုတင် တားမြစ်နိုင်ရန်နှင့် ရသင့်သော အခွန်ဘဏ္ဍာများ ရရှိနိုင်ရန်အလို့ငှာ သက်ဆိုင်သည့်ဌာန အသီးသီးတို့မှ ဟန်ချက်ညီညီ ပါဝင်လုပ်ဆောင်နိုင်မည့် ထိရောက်သည့် မူဝါဒလမ်းညွှန်မှု စီမံချက်တစ်ရပ်ရပ်ကို ချမှတ်၍ အဓိကကျသည့် ဝန်ကြီးဌာနအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၅)ဦး က ဆက်လက် ဆွေးနွေးသည်။
၅။ ယင်းအဆိုနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ဥက္ကဋ္ဌ က အဆိုကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။
အစီရင်ခံစာ ဖတ်ကြားခြင်းနှင့်အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း
၆။ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးပြူးလွင် (အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဝင်)က အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ တင်သွင်းမေးမြန်း ခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြား တင်သွင်းပြီး ဥက္ကဋ္ဌ က ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
၇။ အစည်းအဝေးကို ၁၂:၄၁ နာရီ အချိန်တွင် ရပ်နားပြီး (၁၇)ရက်မြောက်နေ့ အစည်းအဝေးကို ၁၈-၁၂-၂၀၁၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်