ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး
(၁၆)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၀ ပြည့်နှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက်
( ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် )
[သောကြာနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -
( က )ဦးစိုးမိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတောမြို့နယ်၊ တောင်ကလေးကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံ အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ဆေးရုံ(၁၀)ရုံ ဖွင့်လှစ်ထားရှိပြီးဖြစ်ပါသဖြင့် တောင်ကလေးကျေးလက် ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံဖွင့်လှစ်ရန် သင့်လျော်မှုမရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။
( ခ )ဦးကျော်နီနိုင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင်၊ လောက်ကိုင်မြို့နယ် အဆင့်မြင့်အားကစား ကွင်းအတွက် ၂၀၁၈-၂၀၁၉ ဖြည့်စွက်ရန်ပုံငွေဖြင့် မည်ကဲ့သို့ထပ်မံပံ့ပိုးဆောင်ရွက် ပေးနိုင်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ၂၀၁၉ ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများ အောင်မြင်မှုများ ရရှိနိုင်ရန်အတွက် လိုအပ်သောကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေရပါသဖြင့် လောက်ကိုင်မြို့နယ် အဆင့်မြှင့်အားကစားကွင်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်းလျာထားပေးနိုင်ခြင်းမရှိကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေစာရင်းတွင် ထည့်သွင်းလျာထားတင်ပြ၍ ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
( ဂ )ဒေါ်လှဌေး(ခ)ဒေါ်အုန်းကြည်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် လိုအပ်လျက်ရှိ သော တိုင်းရင်းဆေးကုဌာနဖွဲ့စည်းပုံနှင့် အဆောက်အအုံရရှိရေး ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က မြေနေရာအမည်ပေါက် ရရှိပါက ဖွဲ့စည်းပုံခွင့်ပြုမိန့်ရရှိရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီတင်ပြ၍ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိသည်နှင့် တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် နီးစပ်ရာဘဏ္ဍာရေးနှစ်၌ ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဃ)ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဆေးပညာမဟာသိပ္ပံ ဘွဲ့လွန်သင်တန်းများ တွင် တက်ရောက်ခွင့်ရစာမေးပွဲများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်နှင့် ထူးချွန်၍ပြည်သူ့ကျန်းမာရေးကို အမှန်တကယ် စောင့်ရှောက်ပေးနိုင်သော အထူးကုဆရာဝန်ကြီးများ မွေးထုတ်ပေးနိုင်ရန်အတွက် မည်သို့ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က တက္ကသိုလ် အလိုက် ဘွဲ့လွန်သင်တန်းများဝင်ခွင့် ရေးဖြေ၊ နှုတ်ဖြေစာမေးပွဲများ စစ်ဆေးပြီးချိန်တွင် ဘွဲ့လွန်ဆေးပညာသင်တန်းသားရွေးချယ်ရေးအဖွဲ့၏ အစည်းအဝေးများ ကျင်းပပြီး ဘာသာရပ်အလိုက်ခေါ်ယူမည့် လျာထားဦးရေ၊ ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲ ရမှတ်များအပေါ်မူတည်၍ စိစစ်ရွေးချယ်ပြီး လျာထားစာရင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးတွင် တင်ပြဆွေးနွေး အတည်ပြုပြီးမှ တက်ရောက်ခွင့်ရ အောင်စာရင်း ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်း၊ နောင်လာမည့် ပညာသင်နှစ်များတွင် ယခုနှစ်ကဲ့သို့ စနစ်တကျစီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(င)ဒေါက်တာဝင်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့တွင် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ သို့မဟုတ် တိုင်းရင်းဆေးကုဌာနတစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က မြေလွတ်များအား ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများဖြင့် ဌာနပိုင်အမည်ပေါက်ရရှိရေးဆောင်ရွက်ပြီး မြေနေရာရရှိပါက ဖွဲ့စည်းပုံရရှိရေး အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ညှိနှိုင်းတင်ပြ၍ ခွင့်ပြုချက်ရရှိရေးနှင့် အဆောက်အအုံဆောက်လုပ်ရေးအတွက် ဘဏ္ဍာငွေ ထည့်သွင်းလျာထားပေးသွား မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
ဥပဒေကြမ်း ဆွေးနွေးခြင်း
၃။ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော နယ်နိမိတ် တိုင်းတာပိုင်းခြား သတ်မှတ်ရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၂)ဦး က ဆွေးနွေးသည်။
၄။ အစည်းအဝေးကို ၁၁၁၆ နာရီ အချိန်တွင် ရပ်နားပြီး (၁၇)ရက်မြောက်နေ့ အစည်းအဝေးကို ၂၅-၂-၂၀၁၉ ရက်နေ့ (တနင်္လာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်