ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
(၁၇)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၁ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက်
( ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၅ ရက် )
[ ကြာသပတေးနေ့ ]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင် ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည် -
(က) ဦးကျော်သောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ ပင်စင် တစ်စိတ်တစ်ပိုင်း လဲလှယ်ထုတ်ယူခဲ့ကြသည့် ပင်စင်စားကြီးများ၏ ထုတ်ယူ ရရှိငွေကို နှစ်ပေါင်းများစွာ ဆက်လက်ခုနှိမ် ဖြတ်တောက်ခံနေရခြင်းကိစ္စကို ပယ်ဖျက်ခွင့်ပြုနိုင်ရေးအတွက် ဆောင်ရွက်ပေးရန် မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က တစ်လုံးတည်းပင်စင် လဲလှယ်ထားမှုများအပေါ် နှစ်ပေါင်းများစွာ ဆက်လက် ခုနှိမ် ဖြတ်တောက်နေခြင်းမဟုတ်ကြောင်းနှင့် ပင်စင်စားသည် “တစ်လုံးတည်း ပင်စင်လဲလှယ်ခဲ့ပါက လဲလှယ်ပြီးငွေ အစိတ်အပိုင်းသည် လဲလှယ်သည့်အချိန်မှ စ၍ အပြီးအပြတ်ရပ်ဆိုင်းသွားခြင်း” ဖြစ်ကြောင်း၊ ပင်စင်လဲလှယ်ခဲ့သူများသည် မြို့ပြပင်စင်လဲလှယ်ခြင်းဆိုင်ရာ နည်းဥပဒေအရ တစ်လုံးတည်းပင်စင် ထုတ်ယူ ခဲ့သည့် ငွေပမာဏကို ပင်စင်လစာထုတ်ယူခွင့်ရှိသည့် ကာလတစ်လျှောက်လုံး ဆက်လက်ခံစားခွင့်မရှိတော့သည့်အပြင် နောက်အိမ်ထောင်မပြုသည့် ကျန်ရစ်သူ ဇနီး သို့မဟုတ် ခင်ပွန်းတို့အား ခွင့်ပြုသည့် မိသားစုပင်စင်တွင်လည်း ဆက်လက် ခံစားခွင့်မရှိခြင်းဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ခ) ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ အချိန်မီ ရရှိရေး စီစဉ်ဆောင်ရွက်ပေးရန် မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ချေးငွေထုတ်ချေးရေး လုပ်ငန်းများကို မြို့နယ်ချေးငွေ အကြံပေးအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် အဆိုပါ နည်းလမ်းအတိုင်း ဆက်လက်အရှိန်မပျက် ဆောင်ရွက်သွားရန် ညွှန်ကြားထား ပြီးဖြစ်၍ မိုးချေးငွေထုတ်ချေးရေးကာလဖြစ်သော ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလကုန် အတွင်း အချိန်မီ ဆက်လက်ထုတ်ချေးပေးသွားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။
(ဂ) ဦးဖေတင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ တိုင်းရင်းသားရေးရာဝန်ကြီးများသည် ဘဏ္ဍာငွေ မည်မျှအထိ သုံးစွဲကူညီပေးနိုင်သည်နှင့် မည်သို့စီမံခန့်ခွဲပေးနေသည်ကို သိရှိလိုခြင်း မေးခွန်း နှင့်စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး က ပညာရေး၊ ကျန်းမာရေး၊ ဆောက်လုပ်ရေးနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးတို့အတွက် ရန်ပုံငွေတောင်းခံခြင်းမပြုဘဲ အဆိုပါဝန်ကြီးဌာနများ၏ ဆောင်ရွက်ချက်များအား တိုက်တွန်းနှိုးဆော်ခြင်း၊ ညှိနှိုင်းခြင်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေပါ တိုင်းရင်းသားရေးရာကိစ္စရပ်များကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
(ဃ) ဒေါ်သီရိရတနာ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ကန်သာယာလမ်းဆုံတွင် တပ်ဆင်ထားသော မီးပွိုင့်သည် စတင်တပ်ဆင်သည့် အချိန်မှစ၍ ယနေ့အထိ အသုံးပြုနိုင်ခြင်းမရှိဘဲ ဖြစ်နေခြင်း အား မည်သို့ဆက်လက်ဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ရွှေသံလွင်ကုမ္ပဏီ၊ ပြည်နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်နယ် လမ်းဦးစီးဌာနနှင့် ပြည်နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီတို့ ညှိနှိုင်း၍ လိုအပ်ချက်များအား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ပြည့်စုံစွာ ဖြည့်ဆည်းဆောင်ရွက်ပြီးပါက အဆိုပါ မီးပွိုင့်အား အသုံးပြုသွားနိုင်မည်ဖြစ် ကြောင်း၊ မီးပွိုင့်စတင်အသုံးပြုပါက ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ အလှည့်ကျစနစ်ဖြင့် တာဝန်ချထားပြီး ယာဉ်/လမ်းထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသည်။
(င) နော်လှလှစိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသော မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ရှိ သစ်ပင်ပန်းမန်ဌာန ဝန်ထမ်းအိမ်ရာအား မည်ကဲ့သို့ အသုံးပြုမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း က အမှတ်(၃)လမ်းမကြီး၊ ပြည်လမ်း(လေဆိပ်အထိ)၊ ပျဉ်းမပင်ရပ်ကွက်၊ ပတ္တမြား ရပ်ကွက်၊ ရွှေနံ့သာရပ်ကွက်၊ ဘိုခြံရပ်ကွက်၊ ရွှေနှင်းဆီရပ်ကွက်နှင့် ခရေပင်လမ်း တို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်-ပဲခူး(လမ်းဟောင်း)ရှိ မြို့နယ်တာဝန်ခံရုံးသို့ပြန်ရန် ဝေးကွာသဖြင့် မြေပြင်သန့်ရှင်းရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် အတွက် ယခုနေရာတွင် ဝန်ထမ်းလိုင်းများဆောက်၍ ရုံးခွဲအနေဖြင့် ထားရှိ တည်ဆောက်ထားခြင်းဖြစ်ပြီး ယခုအခါ ဝန်ထမ်းလိုင်းများတွင် သန့်ရှင်းရေး ဝန်ထမ်းများ နေထိုင်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား ရှင်းလင်းဖြေကြားသည်။
(စ) ဦးမင်းဆွေနိုင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ မိုးညှင်းဒီဂရီကောလိပ်အား တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က လိုအပ်မည့် အဆိုပြုဖွဲ့စည်းပုံ၊ ဒေသရှိ လူဦးရေစာရင်း၊ နေ့ကျောင်းသား/ ကျောင်းသူစာရင်း၊ အဝေးသင်ကျောင်းသား/ ကျောင်းသူစာရင်း၊ Mapping စသည့် အချက်အလက်များကို ပြုစု၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဆ) ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်သည် တက္ကသိုလ်ဝင်တန်းအောင်ချက် အနိမ့်ပါးဆုံးအဖြစ် ငါးနှစ်ဆက်တိုက် ရပ်တည် နေရသည့် အကြောင်းအရင်းများကို သိရှိလိုခြင်းနှင့် လာမည့် ၂၀၂၀ ခုနှစ်တွင် အောင်ချက်မြင့်တက်လာစေရန် မည်သို့စီစဉ် ဆောင်ရွက်ထားကြောင်း သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က အောင်ချက်မြင့်မားရေးအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါက တက္ကသိုလ်ဝင်အောင်ချက်မြင့်မားရေးကို ပိုမို တိုးတက်အောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ ဆရာ၊ ကျောင်းသား အချိုးများအရ သင်ကြားရေးဝန်ထမ်းများကို ပြည့်စုံအောင် ဖြည့်ဆည်းခန့်ထား ပေးခြင်းနှင့် သင်တန်းများပို့ချပေးခြင်းတို့အား ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
(ဇ) ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံးအား RCC (၂)ထပ်ဆောင် ဆောက်လုပ်ပေး နိုင်ရေးအတွက် အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေချထားပေးရန် မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်သို့ ရောက်ရှိပါက အဆိုပါဘဏ္ဍာရေးနှစ်၏ ငွေလုံးငွေရင်း(တည်ဆောက်ရေး)ရန်ပုံငွေ ခေါင်းစဉ်အောက်မှ ထပ်မံစိစစ်သွား မည်ဖြစ်ကြောင်းနှင့် ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်း၊ အဆုံးအဖြတ် ရယူခြင်း၊ အဆိုတင်သွင်းခြင်းနှင့် ကြေညာခြင်း
၃။ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးအောင်ကြည်ညွန့် (ဥပဒေကြမ်း ကော်မတီဝင်) က ၂၀၁၉ ခုနှစ်၊ အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့် အတိုင်း အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုသည်။
၄။ အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အဆို တင်သွင်းရာ ဥက္ကဋ္ဌ က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။
အဆို ဆွေးနွေးခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း
၅။ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ က အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ အပါအဝင် အစိုးရတက္ကသိုလ် အသီးသီးတွင် အဆင့်မြင့်ပညာရပ်များ တက်ရောက် သင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အတိုးနည်းပါးသည့် ပညာရေးဆိုင်ရာ ချေးငွေအစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၅)ဦးက ဆက်လက်ဆွေးနွေးသည်။
၆။ ယင်းအဆိုနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ဥက္ကဋ္ဌ က လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်မပြုကြောင်း ကြေညာသည်။
၇။ အစည်းအဝေးကို ၁၂:၄၆ နာရီ အချိန်တွင် ရပ်နားပြီး (၁၈)ရက်မြောက်နေ့ အစည်းအဝေးကို ၁၀-၉-၂၀၁၉ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်