ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး
၁၇ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်
၁၃၇၉ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၄ ရက်
( ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် )
[ဗုဒ္ဓဟူးနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန် တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -
(က) ဦးရှန်အောရ်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ မလေးရှားနိုင်ငံ တွင် ရောက်ရှိနေကြသော တရားဝင်စာရွက်စာတမ်းများ ကိုင်ဆောင် ခြင်းမရှိသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ တရားဝင်နေထိုင် လုပ်ကိုင်စားသောက်နိုင် ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် မလေးရှားအစိုးရနှင့် တွေ့ဆုံဆွေးနွေးပြီး အသိအမှတ်ပြုလက်မှတ် (Certificate of Identity) ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က မြန်မာနိုင်ငံသား မည်သူမဆို မိခင်နိုင်ငံသို့ ပြန်လိုပါက မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံးတွင် CI လျှောက်ထား၍ အလွယ်တကူပြန်နိုင်ရန် စီစဉ်ထားပြီး ဖြစ်ပါ၍ မလေးရှားအစိုးရနှင့် တွေ့ဆုံဆွေးနွေးပြီး အသိအမှတ်ပြု လက်မှတ် (Certificate of Identity) ပြုလုပ်ပေးရန် အစီအစဉ် မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
( ခ ) စောယှားဖောင်အွာ၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်း၊ နယ်စပ်ဝင်ပေါက်ဂိတ်များမှ တစ်ဆင့် တင်သွင်းလာသော အေးခဲအသား များ၊ ငါး၊ ပုစွန်များကို နိုင်ငံတော်မှ တရားဝင်ခွင့်ပြုချက်လိုင်စင် (ပါမစ်) ထုတ်ပေးထားခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၀န်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး က ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှလည်း မြဝတီခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနရှိ ဓာတ်ခွဲခန်းကို အဆင့်မီ ဓာတ်ခွဲခန်းအဖြစ် အကောင်အထည် ဖော် တည်ဆောက်သွားမည်ဟု သိရှိရပါကြောင်းနှင့် တရားမဝင်တင် သွင်းသော အသား၊ ငါး၊ ပုစွန်များကို ပြည်နယ်အစိုးရ၊ သက်ဆိုင်သည့် ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာဌာနများ ပူးပေါင်းပြီး တားဆီးအရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။
( ဂ ) ဦးဟန်ဝင်းသိန်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ ထားဝယ် အထူးစီးပွားရေးဇုန် (Dawei SEZ)ဒေသအတွင်းရှိ ကျေးရွာများနှင့်လယ်ယာဥယျာဉ် ခြံမြေများကို အထူးစီးပွားရေးဇုန် စီမံကိန်း ပြန်လည်အကောင်အထည်ဖော်ကာ ဒေသခံပြည်သူများအား ပြောင်းရွှေ့နေရာချထားမပေးနိုင်သေးမီ ကာလအတွင်း ထိုဒေသကို အခြားဒေသကျေးရွာများနည်းတူ ဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက် မပြတ် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ၊ စီမံကိန်းနှင့် ပတ်သက်သော ကိစ္စရပ်များနှင့် အစည်းအဝေးများတွင် မဲဆန္ဒနယ်မြေရှိ လွှတ်တော် ကိုယ်စားလှယ်များကို ဖိတ်ကြားခြင်း၊ အသိပေးပါဝင်စေနိုင်ခြင်း ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး က ထားဝယ်အထူးစီးပွားရေး ဇုန်၏ ကနဦးလုပ်ငန်းစီမံကိန်းအပိုင်းအတွက် မြေငှားစာချုပ်ကို ချုပ်ဆိုနိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေအကြံပေးများ ငှားရမ်းကာ ၂၀၁၈ ခုနှစ်၊ ဧပြီလမတိုင်မီ အပြီးသတ်ချုပ်ဆိုပြီး Concession Agreement နှင့်အညီ မကြာမီလွှဲပြောင်းပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကနဦးစီမံကိန်းအတွင်း ရှိ ကျေးရွာနှင့် လယ်ယာဥယျာဉ်ခြံမြေများကို ပြောင်းရွှေ့နေရာချထား မည့်နေရာများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊ ပြန်လည်နေရာချထားမှုတွင် နေထိုင်ရေးကိစ္စ၊ လျော်ကြေးငွေကိစ္စ၊ ရပ်ရွာလူမှုရေးကိစ္စနှင့် စီးပွားရေး ကိစ္စများတွင် နိုင်ငံတကာစံနှုန်းများနှင့်အညီ ဒေသခံအဖွဲ့အစည်းများ၊ ဝန်ကြီးဌာန မှကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကိုယ်စားလှယ် များ၊ မဲဆန္ဒနယ်မြေရှိ လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြေကြားပါသည်။
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း
၃။ ဦးစိုင်းထွန်းအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂) (ဥပဒေကြမ်း ကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးပေးပို့လာသော ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းပါသည်။
၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ် ရယူ၍ အတည်ပြုသည်။
အဆို ဆွေးနွေးခြင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေရှင်းဆွေးနွေးခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း
၅။ ဦးဖေချစ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးနေခြင်းကို အမျိုးသား ရေးတာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်(၇)ဦးက ဆက်လက် ဆွေးနွေးပါသည်။
၆။ သယံဇာနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း က အဆိုနှင့် စပ်လျဉ်း၍ ပြန်လည်ဖြေရှင်းဆွေးနွေးပါသည်။
၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က စက်ခလုတ်အသုံးပြု၍ လျှို့ဝှက်စွာဆန္ဒပြုသည့် နည်းလမ်းဖြင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲများသဖြင့် အဆိုကို အတည်ပြုကြောင်း ကြေညာ ပါသည်။
၈။ အစည်းအဝေးကို ၁၂:၄၈ နာရီ အချိန်တွင် ရပ်နားပါသည်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ၁၈ ရက်မြောက်နေ့ အစည်းအဝေးကို ၁၅-၂-၂၀၁၈ ရက်နေ့ (ကြာသပတေးနေ့) တွင် ကျင်းပမည် ဖြစ်ကြောင်း ကြေညာပါသည်။
အမျိုးသားလွှတ်တော်