Share this

(၁၈)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်(၁၉.၁၂.၂၀၁၉)

Thursday, December 19, 2019 - 12:34
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

(၁၈)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်

(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်)

[ ကြာသပတေးနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၁ဝးဝဝ နာရီ အချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က)ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ကျောက်တော်မြို့နယ်၊ ကမ်းနားလမ်းအား ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ရာတွင် လမ်းအရည်အသွေး ပြည့်မီခြင်းမရှိသည့်ကိစ္စအား မည်သူ့တွင် တာဝန်ရှိသည်ကို စိစစ်ပြီး အရေးယူ ပေးရန်နှင့် အရည်အသွေးပြည့်မီသည့်လမ်းဖြစ်စေရေး ပြန်လည် ဆောင်ရွက်ပေး ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီ၏ စိစစ်အကြံပြုချက်ပါအတိုင်း အရည်အသွေးပြည့်မီခြင်း မရှိသည့် နေရာများကို တူးထုတ်ဖယ်ရှားပြီး အရည်အသွေးပြည့်မီသော ကွန်ကရစ်လမ်း အဖြစ် ပြည်လည်တည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ ပေးပို့သောအချက်အလက်များဖြင့် ရှင်းလင်းဖြေကြားသည်။

(ခ)ဦးကျော်ကျော်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့နယ်၊ နတ်ချောင်းကျေးလက်ကျန်းမာရေးဌာန(ခွဲ) အဆောက်အဦအား စံကိုက် အဆောက်အဦအဖြစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန် က အဆောက်အဉီနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်နိုင်ရန်အတွက် ကျန်းမာရေးဌာနပိုင် မြေစာရင်းပုံစံ  (၁၀၅)ရရှိပြီးဖြစ်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စီမံကိန်းများတွင် ထည့်သွင်းရေးဆွဲသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြား သည်။

(ဂ)ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ဓာတ်ရောင်ခြည် ဖြင့် ကုသနေရသော ကင်ဆာရောဂါရှင်များအတွက် အထူးကုဆရာဝန်များ၊ နည်းပညာရှင်များ လုံလောက်စွာ မွေးထုတ်ပေးနိုင်ရန်နှင့် ပြည်နယ်/တိုင်းဒေသကြီး ဗဟိုအဆင့် ဆေးရုံကြီးများတွင် ဓာတ်ရောင်ခြည်သုံး ကုသမှုယူနစ်များ တိုးချဲ့ ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ကင်ဆာရောဂါကုသရေး လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ဓာတ်ရောင်ခြည်ကုသမှုများကို အရေအတွက်၊ အရည်အသွေးမြှင့်တင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ၂၀၀၁-၂၀၀၂ ပညာသင်နှစ်မှစ၍ ဆေးတက္ကသိုလ်(၁)(ရန်ကုန်)တွင် ဖွင့်လှစ်ခဲ့ပြီး အဆိုပါဘွဲ့ရများ မွေးထုတ်ပေးလျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးကိုကိုနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ မြန်မာနိုင်ငံ အတွင်း မြို့ပြများနှင့် အလှမ်းကွာဝေးပြီး သွားလာမှုခက်ခဲသည့် ကျေးရွာများရှိ ဒေသခံပြည်သူများအား တစ်နှစ်လျှင် (၂)ကြိမ်ခန့် Special Tour အစီအစဉ်ဖြင့် အထူးကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက် မည်ကဲ့သို့ စီမံ ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က သွားလာရေး ခက်ခဲသည့်ဒေသများအတွက် အုပ်ချုပ်မှုဆိုင်ရာပံ့ပိုးရန် လွှတ်တော်ကိုယ်စားလှယ် များ၊ ဒေသအာဏာပိုင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အခြားစိတ်ပါဝင်စား သူများ၏ ပံ့ပိုးကူညီမှုအထူးလိုအပ်မည်ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများက အဓိက အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။ 

ဥပဒေကြမ်း ဆွေးနွေးခြင်း

၃။ မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၂)ဦးက ဆွေးနွေးသည်။

 

 

၄။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍  ရှင်းလင်းပြောကြားပြီး ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပပြီးစီးကြောင်း ကြေညာသည်။

 

 

 

အမျိုးသားလွှတ်တော်