ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး
၁၈ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်
၁၃၇၉ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက်
( ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက် )
[ကြာသပတေးနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန် တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -
(က) ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ တွီကင်းဝကျေးရွာနှင့် ဘောင်ကူးကျေးရွာကြား (ပလက်ချောင်း)လူကူးကြိုးတံတား အရှည်ပေ(၃၂၀)ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ် က ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ပထမ (၆)လ ဘဏ္ဍာငွေအရအသုံးစာရင်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် စီမံကိန်း စာရင်းများမှာ ပေးပို့ပြီးဖြစ်ပါသဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း လျာထားပေးနိုင်ခြင်းမရှိဘဲ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းတွင်မှသာ ထည့်သွင်းလျာထားပေးနိုင်မည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိမှု အပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
( ခ ) ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၊ မတူပီ မြို့နယ်ရှိ ဟရင်းထန်း - ဝေါ်တီး - ကေလုံ - ဘလေး - လုံငိုး ဆိုင်ကယ်လမ်းအား ၁၈ ပေ အကျယ် ကားလမ်းအဖြစ် လာမည့် ဘဏ္ဍာရေးနှစ်များတွင် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ် က လုံငိုး-ဘလေး-ဝေါ်တီးကြား မြေလမ်း (၁၁/၀)မိုင် လမ်းတာချဲ့ခြင်းလုပ်ငန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ ချင်းပြည်နယ် အစိုးရအဖွဲ့၏ ပြည်နယ်ရန်ပုံငွေကျပ် (၉၄.၀၅၀)သန်းဖြင့် တင်ဒါ အောင်မြင်ခဲ့သော ဂရေစီနှင်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါ ကြောင်း ရှင်းလင်းဖြေကြားပါသည်။
( ဂ ) ဒေါ်ခင်ဆွေလွင်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ချင်းပြည်နယ်၊ ကန်ပက် လက်မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ရန်ပုံငွေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာ ရေးနှစ်တွင် ဆောင်ရွက်ခဲ့သည့် ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည့် မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့်လုပ်ငန်းများမှ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရန် တာဝန်ယူသည့် ကုမ္ပဏီများမှ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများသို့ တင်ပြ၍ သက်ဆိုင်ရာ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှတစ်ဆင့် ဝန်ကြီးဌာနသို့ တင်ပြ ရမည်ဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းများအား ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံတော်၏ ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ဘဏ္ဍာနှစ်အလိုက် စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ရာသီဥတုဆိုးဝါးသော အခြေအနေကြောင့်ဖြစ်စေ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော အခြေအနေကြောင့်ဖြစ်စေ၊ နယ်မြေမတည်ငြိမ်မှုကြောင့်ဖြစ်စေ မလွန် ဆန်နိုင်သော ဖြစ်ရပ်များပေါ်ပေါက်လာပါက ယင်းဖြစ်ရပ်များဖြစ်ပေါ် သည့် အချိန်မှ(၁)လအတွင်း မိမိဝန်ကြီးဌာနသို့တင်ပြလျှင် ၀န်ကြီးဌာနမှ လက်ခံအတည်ပြုပြီးပါက လုပ်ငန်းဆောင်ရွက်ပေးခြင်း၊ ပြုပြင်ဆောင် ရွက်ရန်အတွက် ပြတ်တောက်ကာလအပိုင်းအခြားအား လုပ်ငန်းဆောင် ရွက်သူကို သက်သာခွင့်ပြုနိုင်ပြီး သတ်မှတ်ထားသော ဘဏ္ဍာရေးနှစ် အတွင်း ပြီးစီးအောင်ဆောင်ရွက်ခြင်းမရှိပါက ဆောင်ရွက်ရန် ကျန်သည့် လုပ်ငန်းတန်ဖိုးမှ နောက်ကျဒဏ်ကြေးအဖြစ် တစ်ရက် လျှင်(၀.၀၁%)ကို သက်ဆိုင်ရာကုမ္ပဏီမှ ပေးသွင်းရမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြား ပါသည်။
ဥပဒေကြမ်း(၄)ခုနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာများကို ပြန်လည်ဖတ်ကြား ရှင်းလင်းခြင်း၊ တစ်ပိုဒ်ချင်းစီအလိုက် အဆုံးအဖြတ်ရယူခြင်း၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က ဥပဒေကြမ်း(၄)ခုကို အဆိုတင်သွင်း ခြင်းနှင့် အတည်ပြုခြင်း
၃။ ဗိုလ်မှူးချုပ် တင့်လွင်၊ တပ်မတော်သားကိုယ်စားလှယ် (ဥပဒေကြမ်း ကော်မတီဝင်)က စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေကြမ်း၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေကြမ်း၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေကြမ်း၊ စာပေနှင့်အနုပညာ မူပိုင်ခွင့် ဥပဒေကြမ်း များနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာများကို ဥပဒေကြမ်းတစ်ရပ်ချင်း စီအလိုက် ပြန်လည်ဖတ်ကြားရှင်းလင်းပါသည်။
၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေကြမ်း၊ တီထွင်မှု မူပိုင်ခွင့် ဥပဒေကြမ်း၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေကြမ်း၊ စာပေနှင့်အနုပညာ မူပိုင်ခွင့် ဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။
၅။ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က စက်မှုဒီဇိုင်း မူပိုင်ခွင့် ဥပဒေကြမ်း၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေကြမ်း၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေကြမ်း၊ စာပေနှင့်အနုပညာ မူပိုင်ခွင့် ဥပဒေကြမ်းများကို အတည်ပြုရန် အဆိုတင်သွင်း၍ ဦးကိုကိုနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)နှင့် ဒေါ်မြတ်သီတာထွန်း၊ မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၅)တို့က ထောက်ခံပါသည်။
၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က စက်မှုဒီဇိုင်း မူပိုင်ခွင့် ဥပဒေကြမ်း၊ တီထွင်မှု မူပိုင်ခွင့် ဥပဒေကြမ်း၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေကြမ်း၊ စာပေနှင့်အနုပညာ မူပိုင်ခွင့် ဥပဒေကြမ်း (၄)ခုကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။
၇။ အစည်းအဝေးကို ၁၁:၅၀ နာရီ အချိန်တွင် ရပ်နားပါသည်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ၁၉ ရက်မြောက်နေ့ အစည်းအဝေးကို ၁၉-၂-၂၀၁၈ ရက်နေ့(တနင်္လာနေ့)တွင် ကျင်းပမည် ဖြစ်ကြောင်း ကြေညာပါသည်။
အမျိုးသားလွှတ်တော်