ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး
၁၉ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်
၁၃၇၉ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက်
( ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက် )
[တနင်္လာနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန် တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည် -
(က) ဦးရှေးရယ်ရှုမောင်၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ကယားပြည်နယ်၊ လွိုင်ကော်မြို့ နည်းပညာတက္ကသိုလ်တွင် လိုအပ် လျက်ရှိသော အရာထမ်း၊ အမှုထမ်းများအတွက် စီမံဝန်ထမ်းနေအိမ်၊ ပါမောက္ခနေအိမ်တစ်လုံးအပါအဝင် နယ်ဝေးပညာသင် ကျောင်းသူ/ ကျောင်းသားများအတွက် အဆောင်ဆောက်လုပ်ပေးရန်နှင့် အရေးပေါ် လိုအပ်သော ကွန်ကရစ်လမ်း ပေ(၁၆၆၀)ကို ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်း က နည်းပညာတက္ကသိုလ်(လွိုင်ကော်)တွင် အရာထမ်း၊ အမှုထမ်းများအတွက် စီမံဝန်ထမ်းနေအိမ်၊ ကျောင်းသား အဆောင်နှင့် ကွန်ကရစ် လမ်း(၁၆၆၀)ပေ လမ်းခင်းခြင်းတို့အတွက် လိုအပ်သော ရန်ပုံငွေကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ထည့်သွင်း လျာထားတောင်းခံသွားမည်ဖြစ်ပြီး ခွင့်ပြုဘဏ္ဍာငွေရရှိပါက ဆောင်ရွက် ပေးသွားနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
( ခ ) ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ရိက္ခာရပ်ကွက်၊ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းတွင် (၁၂၀ x ၃၀)ပေ RC နှစ်ထပ်ကျောင်းဆောင်သစ် တစ်ဆောင်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ၂၀၁၈-၂၀၁၉ ဘတ်ဂျက်တွင် ပလက်ဝမြို့နယ်အတွက် အခြေခံပညာကျောင်းပေါင်း (၂၆)ကျောင်း လျာထားခဲ့ရာ၌ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရိက္ခာရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရမည့် အခြေအနေထက် ဦးစားပေး ဆောက်လုပ်ပေးရ မည့် ကျောင်းများရှိနေသဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသော်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်း (တည်ဆောက်ရေး) လျာထားချက် စာရင်းများ ဆောင်ရွက်ချိန်၌ မြို့နယ်ဦးစားပေးအစီအစဉ်အရ ထည့်သွင်းလျာထား ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
( ဂ ) ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန်မြို့၊ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာ မူလတန်းလွန်ကျောင်း တွင် (၁၂၀ x ၃၀ x ၁၂)ပေ အုတ်ညှပ်နှစ်ထပ်ကျောင်းဆောင်သစ်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ၂၀၁၈-၂၀၁၉ ဘတ်ဂျက်တွင် ထန်တလန် မြို့နယ် အတွက် အခြေခံပညာကျောင်းပေါင်း (၆)ကျောင်း လျာထားခဲ့ရာ၌ ချင်းပြည်နယ်၊ ထန်တလန်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ကျောင်းဆောင်သစ် ဆောက်လုပ်ရန်ဖြစ် သော်လည်း အဆိုပါ ကျောင်းထက် ဦးစားပေးဆောက်လုပ်ရမည့် ကျောင်းများရှိနေပါသဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် ပေးနိုင်ခြင်းမရှိသေးသော်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်း (တည်ဆောက်ရေး) လျာထားချက် စာရင်းများ ဆောင်ရွက်ချိန်တွင် မြို့နယ်ဦးစားပေးအစီအစဉ်အရ ထည့်သွင်း လျာထားပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
ဥပဒေကြမ်းအဆိုတင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်/မသင့် အဆုံးအဖြတ် ရယူခြင်း
၃။ ဒေါက်တာမြတ်ဉာဏစိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃) (အတွင်းရေးမှူး၊ ဥပဒေကြမ်းကော်မတီ)က ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်က လက်ခံဆွေးနွေးရန် အဆို တင်သွင်း၍ ဒေါ်နွယ်နွယ်အောင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)က ထောက်ခံပါသည်။
၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လက်ခံ ဆွေးနွေးရန် သင့်/မသင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူ မရှိသဖြင့် အဆိုကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်းနှင့် ဥပဒေကြမ်းကော်မတီသို့ လွှဲအပ်ကြောင်း ကြေညာပါသည်။
အဆိုဆွေးနွေးခြင်း
၅။ ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ကျေးရွာတစ်ရွာ ထုတ်ကုန် တစ်ခု ONE VILLAGE ONE PRODUCT(OVOP) ကျေးလက်ဒေသ ဖွံ့ဖြိုးရေးမဟာဗျူဟာ (RURAL DEVELOPMENT STRATEGY) အစီအစဉ်အား ဆင်းရဲသောပြည်နယ်နှင့်တိုင်းများအား ဦးစားပေးလျက် သက်ဆိုင်ရာဝန်ကြီးဌာနများ တွင် ဘဏ္ဍာငွေတစ်ရပ် ထည့်သွင်းရေးဆွဲကာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက် ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ် (၅) ဦးက ဆွေးနွေးပါသည်။
၆။ အစည်းအဝေးကို ၁၁:၂၂ နာရီ အချိန်တွင် ရပ်နားပြီး ၂၀ ရက်မြောက်နေ့ အစည်းအဝေးကို ၂၀-၂-၂၀၁၈ ရက်နေ့(အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
အမျိုးသားလွှတ်တော်