၂၀၁၈-၂၀၁၉ ခုနှစ်၊ ဘဏ္ဍာရေးနှစ် နိုင်ငံတော်၏ အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းများနှင့် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းများ၌ ပါဝင်သည့် စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများစိစစ်ရေးပူးပေါင်းအဖွဲ့၊ အဖွဲ့(၁၄)နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၈.၅.၂၀၁၉)ရက်နေ့ (၁၂၃၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ်(I-20)တွင် ကျင်းပခဲ့ပြီး အစည်းအဝေးသို့ စိစစ်ရေးပူးပေါင်းအဖွဲ့(၁၄)၏ ဥက္ကဋ္ဌ ဦးသိမ်းဆွေနှင့် အဖွဲ့ဝင်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ရငွေသုံးငွေများစိစစ်ရေးပူးပေါင်းအဖွဲ့(၁၄)၏ ဥက္ကဋ္ဌ ဦးသိမ်းဆွေက အဖွင့်အမှာစကား ပြောကြားပြီး အဖွဲ့ဝင်များက ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းများ၌ ပါဝင်သည့် စီမံကိန်းလုပ်ငန်းများ၊ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆွေးနွေးကြပါသည်။
ယင်းနောက် ဆွေးနွေးချက်များအပေါ် ဥက္ကဋ္ဌက ပြန်လည်သုံးသပ်ဆွေးနွေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။