ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး
၂၁ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်
၁၃၇၉ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက်
( ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက် )
[ဗုဒ္ဓဟူးနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန် တွင် စတင်ကျင်းပပါသည်။
မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည် -
(က) ဦးရှန်အောရ်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်း ကောက်ယူပြီးစီးသည်မှာ (၃)နှစ်ခွဲကျော်ကြာလာပြီဖြစ် သော်လည်း မြန်မာနိုင်ငံ၏ လူဦးရေနှင့်ပတ်သက်၍ လူမျိုးအလိုက်၊ လူမျိုးစုအလိုက် ရလဒ်ထုတ်ပြန်ခြင်း မရှိသေးသဖြင့် မည်သည့်အချိန် တွင် ထုတ်ပြန်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းမှ ကောက်ယူရရှိသော လူမျိုးစာရင်းများမှာ တိုင်းရင်းသားလူမျိုးများ ဖွဲ့စည်းပါဝင်မှု၊ တိုင်းရင်းသား လူမျိုးစုငယ်များပါဝင်မှု၊ စာလုံးပေါင်း သတ်ပုံ၊ အမည်နာမအသစ်၊ တိုင်းရင်းသား ဖြစ်ခြင်း/မဖြစ်ခြင်း စသည့် ကိစ္စရပ်များတွင် အငြင်းပွားဖွယ်ရာများ ရှိပါသဖြင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ တိုင်းရင်းသားရေးရာကော်မတီဝင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ သမိုင်းပညာရှင်၊ ယဉ်ကျေးမှုပညာရှင်နှင့် လူဦးရေပညာရှင်များ၊ သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများနှင့် အဆင့်ဆင့်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်၍ တိုင်းရင်းသားလူမျိုးအမည်များ သတ်မှတ်ပြီးမှသာလျှင် ထုတ်ပြန်သွား မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
( ခ ) ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၏ ထောက်ပံ့ငွေများကို ပြန်လည် စိစစ်သုံးသပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ လက်ရှိလစဉ်ချီးမြှင့်ထောက်ပံ့ငွေ တိုးမြှင့်ပေးရန်ကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေနှင့် အခြေအနေ အရပ်ရပ်အပေါ်မူတည်ပြီး လွှမ်းခြုံထည့်သွင်း စဉ်းစား ဆောင်ရွက်ရခြင်းဖြစ်၍ လက်ရှိအခြေအနေများအရ တိုးမြှင့်ထောက်ပံ့ ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားပါသည်။
( ဂ ) ဒေါက်တာမောင်မောင်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ နိုင်ငံကူး လက်မှတ်စာအုပ်များ ရေးသားရန် စာမျက်နှာပြည့်သွား၍ စာအုပ်သစ် လျှောက်ထား ထုတ်ပေးရာတွင် စာအုပ်နံပါတ်အသစ်များ ဖြင့် ထုတ်ပေးမည့်အစား နံပါတ် အဟောင်းများဖြင့်သာ ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က သာမန် မြန်မာနိုင်ငံကူး လက်မှတ် စာအုပ်များ စာရွက်ကုန်ဆုံးခြင်းနှင့် သက်တမ်းတိုးခြင်း၊ ပျောက်ဆုံး ပျက်စီးခြင်းများအတွက် စာအုပ်အသစ်များ ထုတ်ပေးရာတွင် ယခင် စာအုပ်အဟောင်းနံပါတ်ဖြင့် ထုတ်ပေးခြင်းမရှိဘဲ စာအုပ်နံပါတ်အသစ် ဖြင့်သာ ထုတ်ပေးလျက်ရှိပါကြောင်းနှင့် နိုင်ငံကူးလက်မှတ်နံပါတ်များ ကို နိုင်ငံသားမှတ်ပုံတင် နံပါတ်များကဲ့သို့ အပြောင်းအလဲမရှိ ထုတ်ပေးရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားပါသည်။
(ဃ) ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ တလန်ရွား(က)ကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)ရှိ (၉၀x၃၀x ၁၀)ပေ ကျောင်းဆောင်သည် လေမုန်တိုင်း ဒဏ်ကြောင့် ပြိုလဲပျက်စီးသွားပါသဖြင့် ပြင်ဆင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပညာရေးဝန်ကြီးဌာန အနေဖြင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ တလန်ရွားကျေးရွာအုပ်စု၊ တလန်ရွား(က) ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ ၂၀၁၂ ခုနှစ်၊ မေလတွင် လေဒဏ်ခံခဲ့ရသဖြင့် ပြန်လည်ဆောက်လုပ်ခဲ့ရာ အပြီးမသတ်နိုင်ခဲ့သော(၉၀x၃၀)ပေ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ ကျောင်းဆောင်အား (၉၀ x ၃၀)ပေ သွပ်မိုး၊ အုတ်ညှပ် ဆောင်အဖြစ် အပြီးသတ် ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်အတွက်၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ သာမန် အသုံးစရိတ်ရန်ပုံငွေ ခေါင်းစဉ်အောက်မှ ငွေကျပ် သန်း(၃၀)ကို(၂၇-၁၂-၂၀၁၇)ရက်နေ့တွင် ခွဲဝေပေးထားပြီးဖြစ်ကြောင်း ဖြေကြားပါသည်။
( င ) ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ပင်မ အခြေခံပညာအထက်တန်းကျောင်းရှိ ဟောင်းနွမ်းနေ ပြီဖြစ်သော ဝန်ထမ်းအိမ်ရာ (၇)ဆောင်နှင့် မြို့နယ်ပညာရေးမှူးနေအိမ် တို့ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အသစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပလက်ဝမြို့နယ်၊ ပလက်ဝမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဝန်ထမ်းအိမ်ရာ နှင့်မြို့နယ်ပညာရေးမှူးနေအိမ်တို့ကို ဆောက်လုပ်ပေးရမည့် အခြေအနေ ထက် ဦးစားပေးဆောက်လုပ်မည့် အန္တရာယ်ရှိကျောင်းများ၊ ကျောင်းသားဦးရေအရ အသစ်တိုးချဲ့ဆောက်လုပ်ပေးရမည့် ကျောင်းများ ရှိနေသည့်အတွက်၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးဆောင်ရွက် ပေးနိုင်ခြင်းမရှိသေးပါသဖြင့်၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး)ရန်ပုံငွေ လျာထားချက်စာရင်းတွင် မြို့နယ်ဦးစားပေး အစီအစဉ်အရ ထည့်သွင်းလျာထားပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြား ပါသည်။
မြန်မာနိုင်ငံခရီးသွားလာရေးလုပ်ငန်း ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အစီရင်ခံစာအား ဖတ်ကြားခြင်းနှင့် ပြင်ဆင်သည့် ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း
၃။ ဒေါ်လှဌေး(ခ)ဒေါ်အုန်းကြည်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) (ဥပဒေကြမ်းကော်မတီဝင်)က မြန်မာနိုင်ငံခရီးသွားလာရေးလုပ်ငန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်း ပါသည်။
၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က မြန်မာနိုင်ငံခရီးသွားလာရေးလုပ်ငန်း ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က အဆိုတင်သွင်းခြင်း၊ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခြင်းနှင့် ဥပဒေကြမ်းတစ်ရပ်လုံးအား အတည်ပြုခြင်း
၅။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်းဥပဒေကြမ်းကို အတည်ပြုရန် အဆိုတင်သွင်း၍ ဦးမြမင်းဆွေ၊ မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)က ထောက်ခံပါသည်။
၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်း ဥပဒေကြမ်းအား လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။
၇။ အစည်းအဝေးကို ၁၁:၁၈ နာရီ အချိန်တွင် ရပ်နားပြီး ၂၂ ရက်မြောက်နေ့ အစည်းအဝေးကို ၂၃-၂-၂၀၁၈ ရက်နေ့(သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
အမျိုးသားလွှတ်တော်