Share this

ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ ဥပဒေ

Monday, July 25, 2016 - 10:18
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးစတုတ္ထပုံမှန်အစည်းအဝေးဥပဒေကြမ်းများ

မူကြမ်း

ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ ဥပဒေ

( ၂၀၁၆   ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်၊       ။ )

၁၃၇၈ ခုနှစ်၊                                   ရက်

( ၂၀၁၆ ခုနှစ်၊                             ရက် )

 

          ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဌာန်းလိုက်သည်။

 

အခန်း(၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်များ

 

၁။      ဤဥပဒေကို ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ ဥပ‌ဒေဟု ခေါ်တွင်စေရမည်။

 

၂။      ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည် -

          (က)    ဝန်ကြီးဌာန ဆိုသည်မှာ  ဤဥပဒေပါကိစ္စအလို့ငှာ ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ပေးသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကို ဆိုသည်။

          (ခ)    ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် ကုန်းလမ်း ပို့ဆောင်ရေးအဖွဲ့ကို ဆိုသည်။

          (ဂ)     စီမံခန့်ခွဲရေးအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော ကုန်းလမ်းပို့ဆောင်ရေး အဖွဲ့၏ စီမံခန့်ခွဲရေးအဖွဲ့ကို ဆိုသည်။

          (ဃ)    ဦးဆောင်ညွှန်ကြားရေးမှူး (သို့မဟုတ်) အမှုဆောင်အရာရှိချုပ် ဆိုသည်မှာ ကုန်းလမ်းပို့ဆောင်ရေး အဖွဲ့၏ အကြီးအမှူးကို ဆိုသည်။

          (င)     ကုန်းလမ်းပို့ဆောင်ရေး ဆိုသည်မှာ ခရီးသည်ကိုဖြစ်စေ၊ ကုန်စည်ကိုဖြစ်စေ၊ ခရီးသည် နှင့် ကုန်စည်နှစ်မျိုးလုံးကိုဖစ်စေ မော်တော်ယာဉ်ဖြင့် သယ်ယူပို့ဆောင်ပေးခြင်းကို ဆို သည်။  

          (စ)     မော်တော်ယာဉ် ဆိုသည်မှာ စက်အားဖြင့်ဖစ်စေ၊ အခြားစွမ်းအား တစ်ခုခုဖြင့်ဖြစ်စေ အသုံးပြု၍ လမ်းများပေါ်တွင် မောင်းနှင်သွားလာသည့် ယာဉ်တစ်မျိုးမျိုးကိုဆိုသည်။  

          (ဆ)    ဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ အခကြေးငွေ၊ အဖိုးအခ၊ အဖိုးစားနား သို့မဟုတ်       ကတိနှင့် ညီညွတ်ချက်ဖြင့် ဆောင်ရွက်ပေးသည့် လုပ်ငန်းကို ဆိုသည်။  ယင်းစကားရပ် တွင် ကုန်းလမ်းခရီးဖြင့် ခရီးသည်ကိုဖြစ်စေ၊ ကုန်စည်ကိုဖြစ်စေ၊ ခရီးသည်နှင့် ကုန်စည်နှစ်မျိုးလုံးကိုဖြစ်စေ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ မြေပြင်ဝန်ဆောင်မှု လုပ်ငန်း၊ မော်တော်ယာဉ်ရပ်နားစခန်းလုပ်ငန်း၊ မော်တော်ယာဉ်စစ်ဆေးခြင်းလုပ်ငန်း၊ မော်တော် ယာဉ်မောင်းသင်တန်း၊ စက်ပြင်သင်တန်း၊ ကုန်သွယ်မှုလုပ်ငန်း အပါအဝင် ဘတ်စ်ကား ရပ်နားစခန်းလုပ်ငန်းနှင့် ခရီးသွားလာရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ တည်းခိုခန်းလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းများ အပြင် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဝန်ကြီးဌာနက ဝန်ဆောင်မှု လုပ်ငန်း ဖြစ်သည်ဟု အခါအားလျော်စွာ သတ်မှတ်သည့်လုပ်ငန်းများလည်း ပါဝင်သည်။

       

                                                              အခန်း (၂ )

             ရည်ရွယ်ချက်များ

၃။      ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -

          (က)    ပြည်တွင်းတွင်လည်းကောင်း၊ ဒေသတွင်း အဖွဲ့အစည်းများ၏ သဘောတူညီချက်အရ နယ်စပ်ဖြတ်ကျော်၍လည်းကောင်း ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ထိရောက်မြန်ဆန်ပြီး လွယ်ကူအဆင်‌ပြေချောမွေ့စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်နှင့်ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံမှုရှိစေရန်၊

          (ခ )    ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပိုမို ဖွံ့ဖြိုးတိုးတက်စေရန် နည်းလမ်းတကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့နှင့် စီမံခန့်ခွဲရေးအဖွဲ့တို့အား တာဝန်နှင့် လုပ်ပိုင် ခွင့်များအပ်နှင်းနိုင်ရန်၊

          (ဂ )    ပြည်သူလူထု၏ စားဝတ်နေရေး၊ လူမှုရေးနှင့်စီးပွားရေးတို့တွင် အဓိကကျသည့် ကုန် ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကို ထိရောက်စွာ အထောက်အကူပြုနိုင်သည့် ကုန်းလမ်း သယ်ယူပို့ဆောင်ရေးအဖြစ် ဆောင်ရွက်နိုင်ရန်၊  

          (ဃ)    ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့၏ စီမံခန့်ခွဲရေးနှင့် ငွေကြေးသုံးစွဲမှုစနစ်တို့ကို ဈေးကွက် စီးပွားရေးစနစ်နှင့်အညီ စီးပွားရေးဆန်ဆန် လွတ်လပ်စွာဖြင့် ရေရှည်ရပ်တည်နိုင်သည့် အဖွဲ့အစည်းအဖြစ် ဆောင်ရွက်နိုင်ရန်၊

(င )    ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် တည်ဆဲ ဥပဒေများနှင့်အညီ ပြည်တွင်း၊ပြည်ပမှရင်းနှီးမြှုပ်နှံသူများနှင့်ဖက်စပ်ဖြစ်စေ၊ အကျိုးတူ ဖြစ်စေ၊ ကန်ထရိုက်စနစ်ဖြင့်ဖြစ်စေ၊ တည်ဆောက်လုပ်ကိုင်လွှဲ‌ပြောင်းစနစ် စသည့် နှစ်ဖက်သဘောတူလုပ်ကိုင်ခွင့်ပြုသည့်စနစ်ဖြင့်ဖြစ်စေ လုပ်ကိုင်ခွင့်ပြုနိုင်ရန်၊

(စ )    နိုင်ငံတော်အတွင်းဖြတ်သန်းသည့် အာရှအမြန်လမ်းမကြီးများ (AH1,2,3,14) နှင့်ဒေသ တွင်းနိုင်ငံများနှင့် နယ်စပ်ဖြတ်သန်းသွားလာသည့် လမ်းများတွင် ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေး လွယ်ကူအဆင်‌ပြေချောမွေ့ပြီး လုံခြုံမှုရှိစေရေးအတွက် အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ် ညှိနှိုင်းဆောင်ရွက်နိုင်ရန်၊

အခန်း(၃)

ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ ဖွဲ့စည်းခြင်း

 

၄။      (က)    ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ ဖွဲ့စည်းမှုကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၄-၆-၂၀၁၄ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၁/၂၀၁၄) ဖြင့် သဘောတူခွင့်ပြုပြီး ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၁၆-၇-၂၀၁၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆၈/၂၀၁၄) ဖြင့် ပြင်ဆင်ဖွဲ့စည်း ထားသည့် အောက်ပါဖွဲ့စည်းပုံအတိုင်း တည်ထောင်ရမည်-

(၁)     ဦးဆောင်ညွှန်ကြားရေးမှူး (သို့မဟုတ်) အမှုဆောင်အရာရှိချုပ်                          (၂)          အထွေထွေမန်နေဂျာ                                                                                (၃)          ဒုတိယအထွေထွေမန်နေဂျာ                                       

                  (၄)     ဒုတိယအထွေထွေမန်နေဂျာ(စာရင်း)                    

                  (၅)     အင်ဂျင်နီယာချုပ်                                                      

                  (၆)     လက်ထောက်အထွေထွေမန်နေဂျာ                                

                   (၇)     မန်နေဂျာ                                                       

                   (၈)     လက်ထောက်မန်နေဂျာ                                              

(ခ )    ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့သည် ဤဥပဒေအရ သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန်၊  ဖွဲ့စည်းပုံနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရမည်။

 

၅။      ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့သည် -

(က)    ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ တည်ဆဲဥပဒေအရ စီးပွားရေးဆန်ဆန် အောင်မြင်စွာ ဆောင်ရွက်ရန် တရားဝင်လုပ်ပိုင်ခွင့်များ အပ်နှင်းခြင်းခံရသော အဖွဲ့အစည်းဖြစ်သည်။

(ခ)    ဆောင်ရွက်ရမည့်လုပ်ငန်းအမျိုးအစား၊ မိမိဝန်ထမ်းများ၏အရည်အချင်းသတ်မှတ်ချက်၊ ဝန်ထမ်းတစ်ဦးချင်း ရာထူးအဆင့်အလိုက် တာဝန်ခွဲဝေပုံနှင့် တာဝန်ခံမှုတို့ကို လိုအပ် သလို သတ်မှတ်ထားရှိရမည်။

(ဂ )    နိုင်ငံတော်က မတည်ထုတ်ပေးထားသော ရင်းနှီးငွေများကိုလည်းကောင်း၊ ၁၉၆၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ၊ ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ ဥပဒေအရ ဖွဲ့စည်းခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ၊ ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့က ပိုင်ဆိုင်သော ငွေကြေးနှင့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကိုလည်းကောင်း၊ ရရန်ပိုင်ခွင့်နှင့်ပေးရန်တာဝန်များကိုလည်းကောင်း ဆက်ခံရမည်။

(ဃ)    မိမိပိုင်ဆိုင်သည့် သို့မဟုတ် ဆက်ခံရရှိသည့် ငွေကြေးနှင့် ရွှေ့ပြောင်းနိုင်သော ပစ္စည်း များ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကိုလည်းကောင်း၊ နိုင်ငံတော်က လွှဲအပ်ပေး သော သို့မဟုတ် လုပ်ကိုင်ခွင့်ပေးသော မြေ၊ အဆောက်အအုံ၊ မော်တော်ယာဉ်၊ မော်တော်ယာဉ်နှင့်သက်ဆိုင်သည့် ယန္တရား၊ စက်ပစ္စည်း ကိရိယာတန်ဆာပလာများ၊ ကုန်ပစ္စည်းစသည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ ကိုလည်းကောင်း ရယူခွင့်၊ လက်ဝယ်ထားပိုင်ခွင့်နှင့် အသုံးပြုပိုင်ခွင့်ရှိသည်။

(င )    ကိုယ်ပိုင်အမည်၊ ကိုယ်ပိုင်တံဆိပ်ဖြင့် စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက်ပိုင်ခွင့်၊  တရားစွဲဆိုပိုင်ခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့်ရှိသည်။

 

၆။      ဝန်ကြီးဌာနသည် -

(က)    ၁၉၆၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ၊ ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ ဥပဒေအရ ဖွဲ့စည်းခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ၊ ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့တွင် တာဝန် ထမ်းဆောင်ခဲ့သော ဝန်ထမ်းများက ဤဥပဒေအရ ဖွဲ့စည်းသော ကုန်းလမ်း ပို့ဆောင်ရေးအဖွဲ့သို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်သည့်အခါ ယင်းဝန်ထမ်းများက ယခင် ပြည်ထောင်စုမြန်မာနိုင်ငံ၊ ကုန်းလမ်းပို့ဆောင်ရေးတွင် တာဝန်ထမ်းဆောင်ခဲ့စဉ် က ရရှိခဲ့သည့် ရာထူးတာဝန်နှင့် ရပိုင်ခွင့်အောက် လျော့နည်းခြင်း မရှိစေရန် ညှိနှိုင်း ဆောင်ရွက်ပေးရမည်။

(ခ )    ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့သို့ ​ပြောင်းရွေ့တာဝန်ထမ်းဆောင်ရန် ဆန္ဒမပြုသော ဝန်ထမ်းများကို ဝန်ကြီးဌာန လက်အောက်ရှိ သင့်လျော်သည့် ဌာန၊ အဖွဲ့အစည်း တစ်ခုခုသို့ လွှဲပြောင်းပေးနိုင်သည်။

(ဂ )    ဤဥပဒေအရ ဖွဲ့စည်းသည့် ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့သို့ ပြောင်းရွှေ့တာဝန်ထမ်း ဆောင်သော ဝန်ထမ်းများအတွက် ကရုဏာကြေး၊ ချီးမြှင့်ငွေ၊ ပင်စင်၊ အငြိမ်းစားယူမှု ဆိုင်ရာကိစ္စရပ်များအား ယင်းတို့ တာဝန်ထမ်းဆောင်ခဲ့သော အချိန်ကာလအတိုင်း တွက်ချက်၍ ခံစားခွင့်ပြုရမည်။

 

အခန်း ( ၄ )

ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၇။      ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် -

          (က)    နိုင်ငံတော်အတွင်း ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ မော်တော်ယာဉ် စီးလုံးငှားရမ်းခြင်း လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊

(ခ )    ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူတို့နှင့် စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် ခြင်း၊

(ဂ)     ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့၏ မတည်ငွေများနှင့် အများပြည်သူတို့၏ အစုရှယ်ယာ များ ဖိတ်ခေါ်ထည့်ဝင်စေပြီး အများနှင့်သက်ဆိုင်သော ကော်ပိုရေးရှင်းအဖြစ် တည်ထောင်ပြီး လုပ်ကိုင်ဆောင်ရွက်ခြင်း၊

(ဃ)    ကုန်းလမ်းတစ်လျောက်ရှိ မြို့ရွာများနှင့် ရပ်နားစခန်းများတွင် ကုန်စည်များ လက်ခံ သိုလှောင်ခြင်း၊ တင်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ယင်းလုပ်ငန်းများကို ကိုယ်စားလှယ် လုပ်ငန်းအသွင်ဖြင့် ဆောင်ရွက်ခြင်း၊

(င )    မော်တော်ယာဉ်ရပ်နားစခန်းလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ တည်းခိုခန်း လုပ်ငန်းနှင့် စားသောက်ဆိုင် လုပ်ငန်းများအပါအဝင် ဘတ်စ်ကားရပ်နားစခန်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(စ )    ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ပိုင် မြေနှင့်အဆောက်အအုံများကို အသုံးပြု၍ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း၊ အခြားစီးပွားရေးလုပ်ငန်း များကိုဆောင်ရွက်ခြင်း၊

(ဆ)    ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ပိုင် မြေ၊ အဆောက်အအုံ၊ မော်တော်ယာဉ်၊ ယန္တရားနှင့် အခြားဆက်စပ်သော ပစ္စည်းများကို ရောင်းချခြင်း၊  ငှားရမ်းခြင်းနှင့် အခြား တစ်နည်း နည်းဖြင့် စီမံခန့်ခွဲခြင်း၊

(ဇ )    ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ပိုင် မော်တော်ယာဉ်နှင့် အသုံးမလိုသည့် ပစ္စည်းများ၊ ပိုလျှံ ပစ္စည်းများကို ထုခွဲရောင်းချခြင်းနှင့် လဲလှယ်ခြင်း၊ 

(ဈ)     ကုန်လမ်းပို့ဆောင်ရေး အာမခံလုပ်ငန်းများကို သင့်လျော်သည့် အဖွဲ့အစည်းများနှင့် ပူပေါင်းဆောင်ရွက်ခြင်း၊ 

(ည)    မိမိ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို တာဝန်ယူဆောင်ရွက်ရန် စီမံခန့်ခွဲရေးအဖွဲ့အား တာဝန်ပေးအပ်ခြင်း၊

(ဋ )    ဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်ပေးသည့် အခြား ကုန်းလမ်းသယ်ယူပို့ ဆောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်း။

 

အခန်း( ၅ )

စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းခြင်း

 

၈။      ဝန်ကြီးဌာနသည် ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့က ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကို ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ဆောင်ရွက်ရာတွင် ကြီးကြပ်လမ်းညွှန်မှုနှင့်ဦးဆောင်မှုပေးနိုင် ရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ၉ ဦးထက် မပိုသော အောက်ပါပုဂ္ဂိုလ်များ ပါဝင်သည့် စီမံခန့်ခွဲရေးအဖွဲ့ကို ဖွဲ့စည်းရမည်။ စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့၏ ရာထူး သက်တမ်းသည် ငါးနှစ်ဖြစ်သည်။ စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရာထူးသက်တမ်း နှစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခြင်း မပြုရ။ စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်‌ ဝန်ကြီး ဌာန၏ သဘောတူညီချက်ဖြင့် စီမံခန့်ခွဲရေးအဖွဲ့က သတ်မှတ်ထားသည့် ချီးမြှင့်ငွေနှင့်စရိတ်တို့ကို ခံစားခွင့်ရှိသည်-

           (က)  ဝန်ကြီးဌာနက ခန့်အပ်တာဝန်ပေးအပ်သူ

                   ဦးဆောင်ညွှန်ကြားရေးမှူး(သို့မဟုတ်)အမှုဆောင်အရာရှိချုပ်         -  ဥက္ကဋ္ဌ

          (ခ )   ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ကျွမ်းကျင်သူပညာရှင် တစ်ဦး       - အဖွဲ့ဝင်

          (ဂ )   စီးပွားရေးလုပ်ငန်းကျွမ်းကျင်သူ တစ်ဦး                                    - အဖွဲ့ဝင်

          (ဃ)  စီမံခန့်ခွဲရေးလုပ်ငန်းကျွမ်းကျင်သူ တစ်ဦး                                  - အဖွဲ့ဝင်

          (င )   ဝန်ကြီးဌာနက ရွေးချယ်တာဝန်ပေးသည့် ကိုယ်စားလှယ်များ         - အဖွဲ့ဝင်

          (စ )   ဥက္ကဋ္ဌက တာဝန်ပေးအပ်သော အဖွဲ့ဝင် တစ်ဦး                            - အတွင်းရေးမှူး

 

၉။      စီမံခန့်ခွဲရေးအဖွဲ့သည် -

(က)    အစည်းအဝေးကျင်းပခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်ရမည်။

          (ခ )    အစည်းအဝေးသို့တင်ပြသည့် ကိစ္စရပ်အားလုံးကို အစည်းဝေးတက်ရောက်လာသည့် အဖွဲ့ဝင်အများစု၏ မဲဆန္ဒဖြင့် ဆုံးဖြတ်ဆောင်ရွက်ရမည်။    

 

၁၀။    (က)    စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်အဖြစ် ခန့်ထားခြင်းခံရသော ပုဂ္ဂိုလ် တစ်ဦးဦးသည် ယင်းသို့ မခန့်ထားမီ ကာလက စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင် လုပ်ငန်းတာဝန်ဆောင်ရွက်ခြင်းကို ထိခိုက်ဖွယ်ရှိသည့် ငွေရေးကြေးရေး အကျိုးခံစားခွင့် သို့မဟုတ် အခြားအကျိုးသက်ဆိုင်ခွင့်များနှင့် ကင်းရှင်းသူဖြစ်ရမည်။

(ခ )    စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင် တစ်ဦးဦးသည်‌ စီမံခန့်ခွဲ့ရေးအဖွဲ့က ပြုလုပ်သည့် သို့မဟုတ် ပြုလုပ်ရန် ကြံရွယ်သည့် ပဋိညာဉ်တွင်သော်လည်းကောင်း၊ ရောင်းမှု၊ ဝယ်မှု သို့မဟုတ် ငှားရမ်းမှု တစ်ခုခုတွင် သော်လည်းကောင်း၊ တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ တစ်နည်းနည်းဖြင့် အကျိုးသက်ဆိုင်နေပါက မိမိ မည်သို့ အကျိုးသက်ဆိုင်ကြောင်းကို ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့၏အစည်းဝေးတွင် ထုတ်ဖော် ပြောဆိုရမည်။

(ဂ )    ပုဒ်မခွဲ(ခ)အရ ထုတ်ဖော်‌ပြောဆိုချက်ကို စီမံခန့်ခွဲရေးအဖွဲ့အစည်းအဝေး မှတ်တမ်း များတွင် ရေးမှတ်ထားရမည်ဖြစ်ပြီး အကျိုးသက်ဆိုင်သည့် ဥက္ကဌ သို့မဟုတ် အဖွဲ့ဝင် သည် ယင်း ပဋိညာဉ်နှင့်သော်လည်းကောင်း ရောင်းမှု၊ ဝယ်မှု သို့မဟုတ် ငှားရမ်းမှုနှင့် သော်လည်းကောင်း စပ်လျဉ်း၍ စီမံခန့်ခွဲရေးအဖွဲ့က ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း ပြုရာတွင် မပါဝင်ရ။

 (ဃ)   စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တစ်ဦးဦးမှာ ငွေရေးကြေးရေး အကျိုးခံစားခွင့် သို့မဟုတ် အခြားအကျိုးသက်ဆိုင်ခွင့် ရှိ/မရှိ ဆုံးဖြတ်ရန် အကြောင်းပေါ်ပေါက်လျှင် စီမံခန့်ခွဲရေးအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်။

 

 

အခန်း(၆ )

စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ ရာထူးမှနှုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်းနှင့် လစ်လပ်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း

 

၁၁။    ဝန်ကြီးဌာနသည် တည်ဆဲဥပဒေများနှင့် ငြိစွန်းသော စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦးကို ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်း မပြုလျှင် တာဝန်မှ ရပ်စဲနိုင်သည်။

 

၁၂။    (က)    စီမံခန့်ခွဲရေးအဖွဲ့တွင် အကြောင်းတစ်ခုခုကြောင့် ဥက္ကဌနှင့် အဖွဲ့ဝင် ရာထူးနေရာ လစ်လပ်ပါက ထိုလစ်လပ်သည့် နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း ဝန်ကြီးဌာနသည် ဥက္ကဌအသစ်နှင့် အဖွဲ့ဝင်သစ်ကို သတ်မှတ်ချက်များနှင့်အညီ ဖြည့်စွက်ခန့်ထားမည်။

          (ခ )    စီမံခန့်ခွဲရေးအဖွဲ့က စီမံဆောင်ရွက်သည့်ကိစ္စရပ်များသည် ဥက္ကဌနှင့် အဖွဲ့ဝင် ရာထူး နေရာလစ်လပ်သည့်အကြောင်းကြောင့်သော်လည်းကောင်း၊ ဥက္ကဌနှင့်အဖွဲ့ဝင်တစ်ဦးဦး ခန့်ထားရာတွင် ချို့ယွင်းချက် တစ်ခုခုရှိသည့် အကြာင်းကြောင့်သော်လည်းကောင်း မပျက်ပြယ်စေရ။

၁၃။    (က)    ယင်းရာထူးသက်တမ်း ကုန်ဆုံးသော်လည်း ဝန်ကြီးဌာနက အသစ်ရွေးချယ်တင်မြှောက် ပြီးသည့်အချိန်အထိ စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မိမိတို့၏ လုပ်ငန်း တာဝန်များကို ဆက်လက်ထမ်းဆောင်ရမည်။

          (ခ )    စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်အဖြစ် ကြားဖြတ်တာဝန်ယူရသည့် ကာလကို ရာထူးသက်တမ်းတစ်ခုဟု သတ်မှတ်ခြင်း မပြုရ။ 

          (ဂ )    အကြောင်းတစ်ရပ်ရပ်ကြောင့် စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ရာထူးနေရာ လစ်လပ်သည့်အတွက် အစားထိုး ခန့်ထားပါက စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၏ ရာထူးသက်တမ်းသည် မူလရာထူး၏ ကျန်ရှိသည့်သက်တမ်း ကုန်ဆုံးသည် အထိသာ ဖြစ်သည်။   

 

အခန်း(၇)

စီမံခန့်ခွဲရေးအဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ

 

၁၄။    စီမံခန့်ခွဲရေးအဖွဲ့၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

          (က)    စီမံခန့်ခွဲရေးအဖွဲ့ပိုင် ပစ္စည်းများနှင့် ဘဏ္ဍာငွေများကို အလေအလွင့်၊ အဆုံးအရှုံး၊ အပျက်အစီး၊   အပျောက်အရှ အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းခြင်း၊

          (ခ )    ဝင်ငွေနှင့် အကျိုးအမြတ် တိုးတက်စေရေးအတွက် သင့်လျော်သော နည်းလမ်းများဖြင့်   ဆောင်ရွက်ခြင်း၊

          (ဂ )    ဝန်ထမ်းများ၏ ရပိုင်ခွင့်များကို ရရှိစေခြင်း၊

          (ဃ)    ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းနှင့် စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်း၊

          (င )    မိမိလုပ်ငန်းတစ်ခုလုံး၏ အောင်မြင်မှု၊ ဆုံးရှုံးမှုကို တာဝန်ခံခြင်း၊

          (စ )    ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ လက်အောက်ရှိ ဌာနများ၏ တာဝန်ခံ ဝန်ထမ်းများက ယင်းတို့ တာဝန်ယူသည့် လုပ်ငန်း၏ အောင်မြင်မှု၊ ဆုံးရှုံးမှုကို တာဝန်ခံစေရန် စီမံ ကြီးကြပ်ခြင်း၊

          (ဆ)    မော်တော်ယာဉ်မောင်းသင်တန်းကျောင်းများ၊ မော်တော်ယာဉ်ပြင် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ခြင်း၊

          (ဇ)     အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်း၊ ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိကနှင့် အဖွဲ့အစည်းပိုင် မော်တော်ယာဉ်များကို ပြင်ဆင်ခြင်း၊ မွမ်းမံခြင်း၊ 

          (ဈ)     မော်တော်ယာဉ်နှင့်အရန်ပစ္စည်းများ ဝယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊

          (ည)    ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအတွက် ဒီဇယ်ဆီ၊ ဓာတ်ဆီ၊ စက်ဆီ၊ ချောဆီ၊ ဂက်စ် (ဓာတ်ငွေ့) များ ဝယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊

          (ဋ )    ဝန်ထမ်းများနှင့်ပြင်ပပုဂ္ဂိုလ်များအား ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဆိုင်ရာ ကျွမ်းကျင် မှုရှိစေရေးအတွက် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ အဖွဲ့အစည်းများနှင့်ပူပေါင်း၍ သုတေသနပြုလုပ်ခြင်းနှင့် သင်တန်းကျောင်များ ဖွင့်လှစ်သင်ကြားခြင်း၊ ဝန်ထမ်းများ အား ပြည်တွင်း၊ ပြည်ပ သင်တန်းကျောင်းများသို့ တက်ရောက်ရန် စေလွှတ်ခြင်း။

 

၁၅။    စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် -

          (က)    ဤဥပဒေပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော ငွေကြေး အရင်းအနှီးများကို ဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက် ရယူ၍ ပြည်တွင်း၊ ပြည်ပ ဘဏ်များနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများထံမှ ဥပဒေ နှင့်အညီ ငွေချေးယူခြင်း၊ ပြန်လည်ပေးဆပ်ခြင်း၊ ငွေထုတ်ချေးခြင်း၊ ပြန်လည်ရယူခြင်း နှင့် အထောက်အပံ့များ ရယူခြင်း၊

        (ခ )    နိုင်ငံတော်က လွှဲအပ်သည့် သို့မဟုတ် လုပ်ပိုင်ခွင့်ပေးအပ်သည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို ရယူခွင့်၊ လက်ဝယ်ထားပိုင်ခွင့်နှင့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊

          (ဂ )    ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုထားသည့် ဝန်ထမ်းဖွဲ့စည်းပုံနှင့်အညီ ဝန်ထမ်း များခန့်ထားခြင်း၊ လုပ်ငန်းတာဝန်များ ခွဲဝေသတ်မှတ်‌ပေးခြင်း၊ ရာထူးတိုးမြှင့် ပေးခြင်း၊ အငြိမ်းစားပေးခြင်း၊ ဝန်ထမ်းစည်းမျဉ်းများနှင့်အညီ အရေးယူအပြစ် ပေးခြင်း၊ ထုတ်ပစ်ခြင်း၊ ထုတ်ပယ်ခြင်း၊

        (ဃ)    ကုန်းလမ်းသယ်ယူပို့ဆောင်ရေးနှင့်စပ်လျဉ်း၍ ကန်ထရိုက်စနစ်၊ ငှာရမ်းလုပ်ကိုင်ခြင်း စနစ်ဖြင့် လုပ်ကိုင်ခြင်း၊ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူတို့နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်း၊ သီးခြားလုပ်ငန်းသဘောတူစာချုပ်ချုပ်ဆို၍ ဖက်စပ်ကုမ္ပဏီထူထောင် ဆောင်ရွက်ခြင်းနှင့် တည်ဆောက်လုပ်ကိုင် လွှဲ‌ပြောင်းစနစ် စသည့် စနစ်တစ်မျိုးမျိုးဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်း၊

          (င )     ဤဥပဒေပါ လုပ်ငန်းတာဝန်များ ပိုမိုထိရောက်အောင်မြင်စေရန် လိုအပ်သော လုပ်ငန်း အဖွဲ့များကို ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်း၊

          (စ )     လိုအပ်ပါက အကြံပေးပုဂ္ဂိုလ်များကို သတ်မှတ်ချက်များနှင့်အညီ ခန့်အပ်ခြင်း၊ ချီးမြှင့် ငွေနှင့်စရိတ်များကို သတ်မှတ်ပေးခြင်း၊

        (ဆ)     ကုန်စည်များ လက်ခံတင်ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ယင်းလုပ်ငန်း များကို ကိုယ်စားလှယ် လုပ်ငန်းအသွင်ဖြင့် ဆောင်ရွက်ခြင်း၊

          (ဇ )    အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် လုပ်ငန်းသဘောတူ စာချုပ်များ ချုပ်ဆိုခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

        (ဈ)    ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ဝန်ဆောင်ခနှုန်းများ၊ ငှားရမ်းခနှုန်းများ လုပ်ခနှုန်းများ သတ်မှတ်ခြင်း၊

          (ည)    အလုပ်ချိန်၊ အလုပ်ခွင်စည်းကမ်းများကို တည်ဆဲဥပဒေများနှင့်အညီ သတ်မှတ်ခြင်း၊ 

          (ဋ )    ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့သည် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့် အရေးပေါ်ကိစ္စများတွင် အများပြည်သူအကျိုးငှာ ငွေကြေးအကျိုးအမြတ် မယူသော အဖွဲ့အစည်းဖြစ်သည့်အားလျော်စွာ သင့်လျော်သည့် အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့် ရရှိရေးအတွက် ဝန်ကြီးဌာနမှတဆင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း။

 

၁၆။    စီမံခန့်ခွဲရေးအဖွဲ့သည် -

          (က)    ဤဥပဒေအရ ဖွဲ့စည်းသည့် ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့သို့ ပြောင်းရွှေ့တာဝန်ထမ်း ဆောင်သော ဝန်ထမ်းများအတွက် ကရုဏာကြေး၊ ချီးမြှင့်ငွေ၊ ပင်စင်၊ အငြိမ်းစားယူမှု ဆိုင်ရာကိစ္စရပ်များအား ယင်းတို့ တာဝန်ထမ်းဆောင်ခဲ့သော အချိန်ကာလအတိုင်း တွက်ချက်၍ ခံစားခွင့်ပြုရမည်။

          (ခ )    ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့၏ဝန်ထမ်းဖွဲ့စည်းပုံအရ ခန့်အပ်တာဝန်ပေးသော ဝန်ထမ်း များအတွက် ယင်းတို့ ခံစားခွင့်ရှိသော လစာ၊ စရိတ်၊ ကရုဏာကြေး၊ နစ်နာကြေး၊ ချီးမြှင့်ငွေ၊ ပင်စင်နှင့် အငြိမ်းစားယူမှုဆိုင်ရာကိစ္စရပ်များကို ဝန်ထမ်းစည်းမျဉ်း များနှင့် အညီ  ခံစားခွင့်ပြုရမည်။

          (ဂ )    ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ရှိ အရာထမ်း၊ အမှုထမ်းများကို အသက် ၆၀ နှစ်ပြည့်ပါက သက်ပြည့်အငြိမ်းစား ယူခွင့်ပေးနိုင်သည်။ အကယ်၍ လုပ်ငန်းလိုအပ်ချက်အရ ကျန်းမာရေးကောင်းမွန်ပြီး ဆက်လက်လုပ်ကိုင်လိုသော အရာထမ်း၊ အမှုထမ်းများကို အသက် ၆၅ နှစ်ပြည့်သည့်အချိန်ထိ တစ်နှစ်လျှင် တစ်ကြိမ် သက်တမ်းတိုးမြှင့်၍ လုပ်ကိုင်ခွင့်ပြုနိုင်သည်။

          (ဃ)    ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့၏ လုပ်ငန်းစီမံကိန်း လျာထားချက်အတိုင်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်သော ဝန်ထမ်းများအား ဆုကြေးငွေချီးမြှင့်နိုင် သည်။

 

အခန်း(၈)

ဘဏ္ဍာရေး၊ ငွေရေးကြေးရေးနှင့် စာရင်းများ

 

၁၇။    ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့သည် -

          (က)    ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့က လွှဲ‌ပြောင်းရယူရမည့် နိုင်ငံတော်ပိုင် ပုံသေပိုင်ပစ္စည်း များအား ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်အရ ကာလပေါက်ဈေးဖြင့် တန်ဖိုးတွက်ချက်သတ်မှတ်၍ နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးအဖြစ် ဖော်ပြထားရ မည်။

          (ခ )    ပုဒ်မခွဲ(က)အရ လွှဲပြောင်းရယူခဲ့သော အရပ်ရပ်တန်ဖိုးများကို ကုန်းလမ်းပို့ဆောင်ရေး အဖွဲ့တွင် နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးအဖြစ် သတ်မှတ်ရမည်။ နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးအပေါ် ကျသင့်သော အမြတ်ဝေစုကို နိုင်ငံတော်သို့ ခွဲဝေပေးရ မည်။ မိမိအဖွဲ့နှင့်ဖက်စပ်လုပ်ငန်း၊ တည်ဆောက်-လုပ်ကိုင်-လပြောင်း၊ ငှားရမ်း စသည့် စနစ်တစ်မျိုးမျိုးဖြင့် ဆောင်ရွက်သော လုပ်ငန်းများ၏ အရပ်ရပ်တန်ဖိုးများကို ရင်းနှီး မြှုပ်နှံမှုတန်ဖိုးအဖြစ် ကုန်းလမ်းပို့ဆောင်ရေးမှ စီမံဆောင်ရွက်ခွင့်ရှိရမည်။

          (ဂ )    နှစ်စဉ်လုပ်ငန်းစီမံချက်နှင့် အရအသုံး ခန့်မှန်းခြေငွေစာရင်းတို့ကို ရေးဆွဲ၍ စီမံခန့်ခွဲ ရေးအဖွဲ့က အတည်ပြုပြီး ဝန်ကြီးဌာနသို့ ပေးပို့ရမည်။

          (ဃ)    ဘဏ္ဍာရေးနှစ်အလိုက် စုစုပေါင်း ရငွေ သုံးငွေများအား ပြည်ထောင်စု၏ ဘဏ္ဍာငွေ                     အရအသုံး ခန့်မှန်း‌ခြေ ငွေစာရင်းတွင် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေနှင့်အညီ           သီးခြားဖော်ပြ၍ ထည့်သွင်းရေးဆွဲရမည်။

(င )    ရငွေ၊ သုံးငွေများကို စီမံခန့်ခွဲရေးအဖွဲ့က သတ်မှတ်သည့် ပြည်တွင်း၊ ပြည်ပဘဏ်များ တွင် မြန်မာကျပ်ငွေနှင့် နိုင်ငံခြားသုံးငွေများကို ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ သီးခြားစီ ငွေစာရင်းဖွင့်လှစ်ထားရှိသုံးစွဲရမည်။

          (စ )    မိမိရရှိသော နိုင်ငံခြားဝင်ငွေကို စီမံခန့်ခွဲရေးအဖွဲ့၏ သဘောတူခွင့်ပြုချက်ဖြင့် ထုတ်ယူ သုံးစွဲပိုင်ခွင့်ရှိသည်။

          (ဆ)    မိမိလက်အောက်ရှိ လုပ်ငန်းအုပ်စုအလိုက်လည်းကောင်း၊ လုပ်ငန်းတစ်ခုချင်းအလိုက် လည်းကောင်း၊ ရငွေ၊ သုံးငွေ အ‌ခြေအနေများ ပေါ်လွင်စေရန် သီးခြားငွေစာရင်းများ ဖွင့်လှစ်ထားရှိရမည်။

        (ဇ )    ဝန်ကြီးဌာနအောက်ရှိ စီးပွားရေးအဖွဲ့အစည်းများအကြား ငွေကြေးဆိုင်ရာ အပြန် အလှန်အကူအညီပေးခြင်းနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ဆောင် ရွက်နိုင်သည်။

          (ဈ)     ပြည်ထောင်စုအစိုးရအဖွဲ့က နှစ်စဉ်သတ်မှတ်ပေးသည့် နိုင်ငံတော်သို့ ထည့်ဝင်ငွေနှင့် တည်ဆဲဥပဒေအရ ကျသင့်သည့် အခွန်အခများကို ကင်းလွတ်သက်သာခွင့် မရရှိပါက ယင်းအခွန်အခများကို ပေးသွင်းရမည်။

          (ည)    အငြိမ်းစားဝန်ထမ်းများ၏ အငြိမ်းစားလစာအား နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှဆက်လက် ကျခံသုံးစွဲခွင့်ရှိသည်။

          (ဋ )    လုပ်သက် ၁၀ နှစ်နှင့်အထက်ရှိ ဝန်ထမ်းဟောင်းများအတွက် အငြိမ်းစားလစာနှင့် ဆုကြေးငွများအား နိုင်ငံတော်အစိုးရဘဏ္ဍာရန်ပုံငွမှ ကျခံသုံးစွဲပေးရမည်။  

          (ဌ )    အသစ်ခန့်အပ်သော ဝန်ထမ်းများနှင့် လုပ်သက် ၁၀ နှစ်အောက် ဝန်ထမ်းများ၏ အငြိမ်းစားလစာနှင့်ဆုကြေးရန်ပုံငွေ အကျိုးခံစားခွင့်များကို အဖွဲ့၏ အငြိမ်းစားလစာ နှင့် ဆုကြေးရန်ပုံငွမှ ကျခံရမည်။

          (ဍ )    အငြိမ်းစားလစာနှင့်ဆုကြေးရန်ပုံငွေ ထူထောင်ပြီး ဝန်ထမ်းအသစ်များ၏ အငြိမ်းစား လစာနှင့်ဆုကြေးရန်ပုံငွေ အကျိုးခံစားခွင့်အတွက် စီမံဆောင်ရွက်ရမည်။

 

၁၈။    စီမံခန့်ခွဲရေးအဖွဲ့သည် အောက်ပါရန်ပုံငွေများကို သီးခြားတည်ထောင်ထားရှိရမည် -

          (က)    ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့၏ ဝန်ထမ်းများအတွက်  အငြိမ်းစားလစာနှင့် ဆုကြေး ရန်ပုံငွေ၊

          (ခ )    ဆုကြေးရန်ပုံငွေ၊

          (ဂ )    သက်သာချောင်ချိရေး ရန်ပုံငွေ၊

          (ဃ)    ဖွံ့ဖြိုးမှု ရန်ပုံငွေ၊

          (င )    တန်ဖိုး ယုတ်လျော့မှု ရန်ပုံငွေ၊

          (စ )    အခြားလိုအပ်သော ရန်ပုံငွေ။

၁၉။    ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့လက်အောက်ရှိ သက်ဆိုင်ရာလုပ်ငန်းဌာနအသီးသီးသည် အောက် ပါစာရင်းများကို စီမံခန့်ခွဲရေးအဖွဲ့သို့ သတ်မှတ်ချက်နှင့်အညီ တင်ပြရမည်-

          (က)    ဝန်ထမ်းအင်အားစာရင်း၊

          (ခ )    ငွေသားအ‌ခြေအနေ၊

          (ဂ )    ကုန်ပစ္စည်း ထုတ်လုပ်သည့်၊ ရောင်းဝယ်သည့် သို့မဟုတ် ဝန်ဆောင်သည့် စာရင်း၊

          (ဃ)    အရှုံး၊ အမြတ် စာရင်း၊

          (င )    လက်ကျန် ရှင်းတမ်း။

 

၂၀။    စီမံခန့်ခွဲရေးအဖွဲ့သည် -

          (က)    ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ပိုင် ရန်ပုံငွေကို ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အကူအညီရယူ၍ ရေးဆွဲသတ်မှတ်ထားရမည်။

          (ခ )    ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ပိုင် ရန်ပုံငွေကို သတ်မှတ်ထားသည့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းပြုရမည်။

          (ဂ )    ဌာနတွင်း ထိရောက်သော စစ်ဆေးကြပ်မတ်မှုရှိ‌စေရန် ဌာနတွင်း စာရင်းစစ်အဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ရမည်။

          (ဃ)    ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့၏ လုပ်ငန်းနှင့်စာရင်းများကို ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး သို့မဟုတ် မြန်မာနိုင်ငံစာရင်းကောင်စီတွင် မှတ်ပုံတင်ထားသော စာရင်းစစ် အဖွဲ့ သို့မဟုတ် နိုင်ငံတကာအသိအမှတ်ပြု စာရင်းစစ်အဖွဲ့၏ စစ်ဆေးမှုခံယူရမည်။

 

                                                အခန်း(၉)

ဆုကြေးငွေချီးမြှင့်ခြင်း

 

၂၁။    ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့သည်  ဝန်ထမ်းများ၏  လုပ်ငန်းစွမ်းဆောင်ရည်  တိုးတက်စေရေး အတွက် လုပ်ငန်းစီမံကိန်း လျာထားချက်အတိုင်း အကောင်အထည်ဖော်ရာ၌ သတ်မှတ်ထားသော လုပ်ငန်း ကုန်ကျစရိတ်နှင့် ဝင်ငွေအချိုးအတိုင်းသော်လည်းကောင်း၊ ယင်းအချိုးထက် ပိုမိုကောင်းမွန် သော အချိုးအတိုင်းသော်လည်းကောင်း သတ်မှတ်စံချိန်စံနှုန်းဖြင့် တွက်ချက်ထားသည့် ဆုကြေးငွေကို ချီးမြှင့်နိုင်သည်။

၂၂။     ပုဒ်မ ၂၂ အရ ဆုကြေးငွေချီးမြှင့်ရာတွင် ဆုကြေးရန်ပုံငွေထဲမှ သတ်မှတ်ထားသော ရာခိုင်နှုန်း အချိုးအရ ဝန်ထမ်းများကို ဆုကြေးငွေများ ခွဲဝေသတ်မှတ်ပေးပြီးနောက် ကျန်ရှိသော ဆုကြေးရန်ပုံငွေ ထဲမှ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း အောက်ပါ အ‌ခြေခံမူများအပေါ် မူတည်၍ စွမ်းဆောင်ရည်မြင့်မားမှု ဆုကြေးများ ထပ်မံချီးမြှင့်နိုင်သည် -  

          (က)    သတ်မှတ်ထားသော စံနှုန်းထက်တိုး၍ ဝန်ဆောင်မှု၊ ထုတ်လုပ်မှု ပေးနိုင်ခြင်း၊

          (ခ )    ဝန်ဆောင်မှု၊ ထုတ်လုပ်မှု နည်းစနစ်သစ်များ တီထွင်နိုင်ခြင်း၊

          (ဂ )    တီထွင် ထုတ်လုပ်နိုင်မှုရှိခြင်း၊ ထုတ်လုပ်သည့် ကုန်ပစ္စည်းအရည်အသွေး စံချိန်မီခြင်း၊

          (ဃ)    ကုန်ကြမ်းသုံးစွဲမှု စံသတ်မှတ်ချက်များနှင့်အညီ စနစ်တကျ သုံးစွဲနိုင်ခြင်း၊

          (င )    လေလွင့်၊ ပျက်စီး၊ ဆုံးရှုံးမှု လျော့နည်းခြင်း။

 

၂၃။    ဝန်ထမ်းများသည် ချီးမြှင့်ငွေကို သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခံစားခွင့်ရှိ သည်။

အခန်း (၁၀)

အထွေထွေ

၂၄။    စီမံခန့်ခွဲရေး အဖွဲ့ဝင်များနှင့် ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့၏ အရာထမ်း၊ အမှုထမ်းအားလုံး သည် ဤဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်သောအခါ သို့မဟုတ် ဆောင်ရွက်သည့် သဘော သက်ရောက်သော အပြုအမူကို ပြုသောအခါ ရာဇသတ်ကြီး ပုဒ်မ ၂၁ အရ ပြည်သူဝန်ထမ်းများ ဖြစ်သည်ဟုမှတ်ယူရမည်။

 

၂၅။    ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

(က)    ဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်ထုတ်ပြန်နိုင်သည်။

(ခ )    ဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့နှင့် စီမံခန့်ခွဲရေးအဖွဲ့တို့သည် လိုအပ်သော အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင် သည်။

----------------------------------------------------------

 

 

 

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုး သည်။

( ပုံ )

 

ထင်ကျော်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်