Share this

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ

Tuesday, August 30, 2016 - 15:28
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယပုံမှန်အစည်းအဝေးဥပဒေကြမ်းများ

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ

 ( ၂၀၁၆ ခုနှစ် ၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်   ။)

၁၃၇၈ ခုနှစ် ၊                   လ                  ရက်

( ၂၀၁၆  ခုနှစ် ၊                လ            ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည် -

(က) နိုင်ငံသား ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသား မိဘ နှစ်ပါးမှ မွေးဖွားသူနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြုပြဋ္ဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူတို့ကို ဆိုသည်။ 

(ခ) ငြိမ်းချမ်းစွာ စုဝေးခြင်း  ဆိုသည်မှာ ဤဥပဒေအရ သတ်မှတ်ခွင့်ပြုသည့် အများ ပြည်သူဆိုင်ရာ နေရာတွင် မိမိသဘောထားဆန္ဒကို ဖော်ပြရန်အလို့ငှာ တစ်ဦးထက် ပိုသူများက သတ်မှတ်စည်းကမ်းများနှင့်အညီ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ ရောက်ရှိခြင်း၊ ဟောပြောခြင်းကို ဆိုသည်။

(ဂ) ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုသည်မှာ သတ်မှတ်ခွင့်ပြုသည့် အများ ပြည်သူဆိုင်ရာလမ်းတွင် မိမိသဘောထားဆန္ဒကို ဖော်ပြရန်အလို့ငှာ တစ်ဦးထက်ပိုသူ များက သတ်မှတ်သည့် စည်းကမ်းများနှင့်အညီ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စနစ်တကျ လှည့်လည်ခြင်းကိုဆိုသည်။ 

(ဃ) အသိပေး တင်ပြချက် ဆိုသည်မှာ ငြိမ်းချမ်းစွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုရန် ဤဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ သို့ အကြောင်းကြားခြင်းကို ဆိုသည်။ 

(င) ပိုစတာ ဆိုသည်မှာ လူတစ်ဦးတစ်ယောက်၏ အသရေကို နစ်နာမှုမဖြစ်စေသော မိမိဆန္ဒသဘောထားနှင့် လိုလားချက်တို့ကို စာဖြင့် ရေးသား၍ ဖြစ်စေ၊ ဆိုင်းဘုတ်၊ ရုပ်ပုံ၊ ဓာတ်ပုံ၊ ပန်းချီ၊ ကာတွန်း သို့မဟုတ် ရုပ်တုဖြင့်ဖြစ်စေ၊ ရုပ်မြင်သံကြား ထုတ်လွှင့်သည့် နည်းလမ်းဖြင့် ဖြစ်စေ၊ အခြားတစ်နည်းနည်းဖြင့်ဖြစ်စေ ဖော်ပြပြီး လက်တွင် ကိုင်ဆောင်နိုင်ရန်၊ မြေတွင် စိုက်ထူနိုင်ရန်၊ အရာဝတ္တုတစ်ခုခုတွင် ကပ် ထားနိုင်ရန် သို့မဟုတ် တစ်နည်းနည်းဖြင့် ဖော်ပြနိုင်ရန် စီမံပြုလုပ်ထားသည့် အရာ ကို ဆိုသည်။

(စ) ဆိုင်းဘုတ် ဆိုသည်မှာ ပါတီ သို့မဟုတ် အသင်း သို့မဟုတ် အဖွဲ့အစည်းတစ်ခုခု၏ အမည်၊ အထိမ်းအမှတ်တံဆိပ်တို့ကို ရေးသားဖော်ပြချက်များအပါအဝင် လူတစ်ဦး တစ်ယောက်၏ အသရေကို နစ်နာမှုမဖြစ်သော မိမိဆန္ဒသဘောထားနှင့် လိုလား ချက်တို့ကို စာဖြင့် ရေးသား၍ လက်တွင် ကိုင်ဆောင်နိုင်ရန်၊ မြေတွင် စိုက်ထူ နိုင်ရန်၊ တစ်နေရာရာ၌ ချိတ်ဆွဲနိုင်ရန် သို့မဟုတ် တစ်နည်းနည်းဖြင့် ဖော်ပြနိုင်ရန် စီမံပြု လုပ်ထားသော အရာကို ဆိုသည်။ 

(ဆ) လက်နက်  ဆိုရာတွင် လက်နက်အက်ဥပဒေများနှင့် ပေါက်ကွဲစေတတ်သော ဝတ္တု ပစ္စည်းများအက်ဥပဒေတွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့် လက်နက်၊ ကိရိယာတန်ဆာ ပလာများအပြင် သူတစ်ဦးတစ်ယောက်အား ဘေးအန္တရာယ် တစ်စုံတစ်ရာဖြစ်စေ နိုင်သော ပစ္စည်းလည်းပါဝင်သည်။ 

(ဇ) အလံ ဆိုရာတွင် နိုင်ငံတော်အလံ၊ တရားဝင်ပါတီနှင့် တရားဝင်အသင်းအဖွဲ့ အလံတို့ ပါဝင်သည်။

အခန်း(၂)

ရည်ရွယ်ချက်

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည် -

(က) နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးတို့ကို ထိန်းသိမ်း စောင့်ရှောက်ရန်၊ 

(ခ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးဖြစ်သည့် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ခြင်းတို့ကို သုံးစွဲဆောင်ရွက်ခွင့်ရရှိစေရန်နှင့် ယင်းတို့အား ဥပဒေအရ အကာအကွယ် ပေးရန်၊

(ဂ) ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း အခွင့်အရေးတို့ကို သုံးစွဲဆောင်ရွက်သူများကြောင့် အများပြည်သူအား အနှောင့်အယှက်ဖြစ်စေခြင်း၊ ဘေးအန္တရာယ်ဖြစ်စေခြင်း၊ ထိခိုက်နစ်နာစေခြင်းနှင့် အဟန့်အတားဖြစ်စေခြင်း တို့မှ ကာကွယ်ရန်။

အခန်း(၃)

အသိပေးတင်ပြခြင်း

၄။ မိမိသဘောထားဆန္ဒကို ဖော်ပြရန်အလို့ငှာ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း အခွင့်အရေးတို့ကို သုံးစွဲဆောင်ရွက်လိုသော နိုင်ငံသားများ သို့မဟုတ် အဖွဲ့အစည်းများသည် အောက်ပါအချက်များပါရှိသော အသိပေးတင်ပြခြင်းကို သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးထံ ယင်းသို့ ဆောင်ရွက်မည့် နေ့မတိုင်မီ အနည်းဆုံး ၄၈ နာရီ ကြိုတင်၍ တင်ပြရမည်။ ဖြတ်သန်းမည့် မြို့နယ်များရှိပါက သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးများထံ ၄၈ နာရီ ကြိုတင်၍ မိတ္တူပေးပို့ရမည် -

(က) ငြိမ်းချမ်းစွာစုဝေးခြင်း ပြုလုပ်လိုသည့် ရည်ရွယ်ချက်၊ နေရာ၊ နေ့ရက်၊ အချိန်အပိုင်းအခြား၊ ငြိမ်းချမ်းစွာ စုဝေးခြင်းပြုရာတွင် ဟောပြောလိုသည့် အကြောင်းအရာနှင့် ကြွေးကြော်လိုသည့် ကြွေးကြော်သံများ၊ 

(ခ) ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုလုပ်လိုသည့် ရည်ရွယ်ချက်၊ လမ်းကြောင်း၊ နေ့ရက်၊ ဖြတ်သန်းလိုသည့် မြို့နယ်များ၊ အချိန်အပိုင်းအခြားနှင့် ကြွေးကြော် လိုသည့် ကြွေးကြော်သံများ၊

(ဂ) ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းတို့အတွက် လျှောက်ထား သူ၊ ဦးဆောင်မည့် ပုဂ္ဂိုလ်နှင့် ဟောပြောမည့် ပုဂ္ဂိုလ်တို့၏ အမည်နှင့် ဆက်သွယ်ရ မည့် လိပ်စာအပြည့်အစုံ၊

(ဃ) ငြိမ်းချမ်းစွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုလုပ်မည့် အစီအစဉ်နှင့် ခန့်မှန်းလူဦးရေ၊ 

(င) ငြိမ်းချမ်းစွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းနှင့် စပ်လျဉ်း၍ အဖွဲ့အစည်းတစ်ရပ်အနေဖြင့် ဆောင်ရွက်ပါက ယင်းအဖွဲ့အစည်း၏ ဆုံးဖြတ်ချက် မှတ်တမ်း သို့မဟုတ် အထောက်အထား၊

(စ) ဤဥပဒေပါ စည်းကမ်းချက်များနှင့် ဒေသဆိုင်ရာ လိုအပ်ချက်အရ သတ်မှတ်ထား သော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ခံချက်။

အခန်း(၄)

အသိပေးတင်ပြချက်ကို လက်ခံဆောင်ရွက်ခြင်း

၅။ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးသည် နိုင်ငံသားတစ်ဦးကဖြစ်စေ၊ နိုင်ငံသားအများကဖြစ်စေ၊ အဖွဲ့အစည်းတစ်ရပ်ရပ်ကဖြစ်စေ သတ်မှတ်ချက်များနှင့်အညီ တင်ပြလာသော အသိပေးတင်ပြချက်ကို လက်ခံရရှိသည့်အခါ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ထံသို့ ဆောလျင်စွာ တင်ပြရမည်။ 

၆။ ပုဒ်မ ၄ အရ အသိပေးတင်ပြခြင်းကို မြို့နယ်ရဲတပ်ဖွဲ့မှူးသည် သက်ဆိုင်ရာ ခရိုင်ရဲတပ်ဖွဲ့မှူး ထံသို့ လည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးသည် သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးထံသို့လည်းကောင်း ဆောလျင်စွာ တင်ပြရ မည်။ 

အခန်း(၅)

စည်းကမ်းသတ်မှတ်ချက်များ

၇။ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စပ်လျဉ်း၍ အသိပေးတင်ပြချက်တွင် ဖော်ပြထားသည့်နေရာတွင် သာ ငြိမ်းချမ်းစွာ စုဝေးခြင်းပြုရမည်။ 

၈။ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ရာတွင် အများပြည်သူအား အနှောင့်အယှက်မဖြစ်စေရေး အတွက် အသိပေးတင်ပြချက်တွင် ဖော်ပြထားသည့် လမ်းကြောင်းအစနေရာတွင် စတင်စုဝေးပြီး တင်ပြထားသည့် လမ်းကြောင်းအတိုင်းသာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆောင်ရွက်ခွင့်ရှိသည်။

၉။ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုသူများသည် အောက်ပါ စည်းကမ်းများကို လိုက်နာရမည် -

(က) အများပြည်သူကို အနှောင့်အယှက် အဟန့်အတားဖြစ်စေခြင်း၊ စိတ်ငြိုငြင်စေခြင်း၊ အန္တရာယ်ဖြစ်စေခြင်း သို့မဟုတ် ထိခိုက်နစ်နာစေခြင်း ဖြစ်နိုင်သည့် အပြောအဆို သို့မဟုတ် အပြုအမူကို မလုပ်ရ၊ 

(ခ) ခွင့်ပြုထားသော စုဝေးသည့်နေရာ သို့မဟုတ် စီတန်းလှည့်လည်သည့် လမ်းကြောင်း တစ်လျှောက်ရှိ ပြည်သူပိုင်ပစ္စည်း၊ အများပိုင်ပစ္စည်း၊ ပုဂ္ဂလိက ပိုင်ပစ္စည်းများကို ထိခိုက်ပျက်စီးစေမည့် အပြုအမူ၊ ပတ်ဝန်းကျင် ညစ်ညမ်းစေမည့် အပြုအမူများ မပြုလုပ်ရ၊ 

(ဂ) ယာဉ်များနှင့် လမ်းသွားလမ်းလာများ၊ ပြည်သူများကို အနှောင့်အယှက်ဖြစ်စေသော တားဆီးပိတ်ဆို့ခြင်းကို မပြုလုပ်ရ၊

(ဃ) ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းတို့ပြုရာတွင် မည်သည့် လက်နက်တစ်မျိုးမျိုးကိုမျှ ကိုင်ဆောင်ခြင်းမပြုရ၊

(င) နိုင်ငံတော်နှင့် ပြည်ထောင်စုကိုဖြစ်စေ၊ လူမျိုးရေး သို့မဟုတ် ဘာသာရေးကိုဖြစ်စေ၊ လူ့ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားကိုဖြစ်စေ ထိခိုက်စေမည့် အပြောအဆိုနှင့် အပြု အမူများကို မပြုလုပ်ရ၊

(စ) မမှန်ကန်သော သတင်းများကိုဖြစ်စေ၊ မမှန်ကန်သော အချက်အလက်များကိုဖြစ်စေ ဟောပြောခြင်းမပြုလုပ်ရ၊ 

(ဆ) ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းတို့ပြုရာတွင် အသိပေး တင်ပြထားသည့် အလံ၊ ပိုစတာနှင့် ဆိုင်းဘုတ်များမှအပ အခြားအလံ၊ ပိုစတာနှင့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ခြင်း၊ ပြသခြင်းမပြုလုပ်ရ၊ 

(ဇ) ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုရာတွင် လက်ကိုင်အသံချဲ့စက်မှအပ အသံချဲ့ စက်အသုံးပြုခြင်း၊ ခွင့်ပြုထားသော ကြွေးကြော်သံများမှအပ ကြွေးကြော်ခြင်းနှင့် အော်ဟစ်ခြင်းမပြုလုပ်ရ၊

၁၀။ ဤဥပဒေပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို လိုက်နာခြင်းမရှိ၍ တာဝန်ရှိပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက တားြမစ်ပါက ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းကို ဆက်လက်ဆောင်ရွက်ခြင်းမပြုဘဲ လူစုခွဲရမည်။

အခန်း(၆)

အရေးယူဆောင်ရွက်ခြင်း

၁၁။ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်နေသူတို့အား နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် ဟန့်တားခြင်းမပြုနိုင်စေရန် လည်းကောင်း၊ ဘေးအန္တရာယ်မဖြစ်စေရန်လည်းကောင်း ဒုတိယရဲအုပ်အဆင့်ထက် မနိမ့်သော ရဲအရာရှိတစ်ဦးဦးက လိုအပ်သော ကာကွယ်စောင့်ရှောက်မှုများကို ဆောင်ရွက်ရမည်။ 

၁၂။ ဒုတိယရဲအုပ်အဆင့်ထက် မနိမ့်သော ရဲအရာရှိတစ်ဦးဦးသည် -

(က) ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းတို့ကို ပြုလုပ်သည့် နေရာတွင် ဤဥပဒေပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို လိုက်နာခြင်းမရှိကြောင်း တွေ့ရှိလျှင် ဖြစ်စေ၊ ထိုသို့လိုက်နာခြင်းမရှိကြောင်း တိုင်ကြားချက်ကို လက်ခံရရှိလျှင် ဖြစ်စေ ဦးဆောင်သည့် ပုဂ္ဂိုလ်အား သတိပေးရမည်။ 

(ခ) ပုဒ်မခွဲ(က)အရ သတိပေးသည်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက မြို့နယ်ရဲ တပ်ဖွဲ့မှူးထံ ချက်ချင်းတင်ပြရမည်။ 

၁၃။ မြို့နယ်ရဲတပ်ဖွဲ့မှူးသည် ပုဒ်မ ၁၂၊ ပုဒ်မခွဲ(ခ) အရ တင်ပြချက်ကို ရရှိလျှင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးထံ ချက်ချင်းတင်ပြ၍ ခွင့်ပြုချက်ရယူပြီး ငြိမ်းချမ်းစွာစုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းကို တားမြစ်နိုင်သည်။ 

၁၄။ တာဝန်ရှိပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက တားမြစ်ပြီးနောက် ဆက်လက်စည်းကမ်းဖောက် ဖျက်ခြင်းများ၊ လူစုမခွဲဘဲ စုဝေးစီတန်းလှည့်လည်ခြင်းများရှိနေပါက မြို့နယ်ရဲတပ်ဖွဲ့မှူးသည် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဥ်း သို့မဟုတ် စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လူစုကွဲသည်အထိ ဆက်လက်အရေးယူဆောင်ရွက်ရမည်။ 

၁၅။ ဤဥပဒေနှင့်အညီ အသိပေးတင်ပြခြင်းမရှိဘဲ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းပြုသည့် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို စုဝေးခြင်း သို့မဟုတ် စီတန်းလှည့်လည်ခြင်းပြုသည့်နေရာ တွင် သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးသည် ပုဒ်မ ၁၄ ပါ ပြဋ္ဌာန်းချက်အတိုင်း ဆောလျင်စွာ အရေး ယူဆောင်ရွက်ရမည်။

အခန်း(၇)

ပြစ်မှုနှင့် ပြစ်ဒဏ်များ

၁၆။ မည်သူမဆို ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းပြုသူများအား နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်း၊ ဟန့်တားခြင်း၊ စိတ်ငြိုငြင်စေခြင်း၊ လက်ရောက်မှု ကျူးလွန်ခြင်း၊ အနိုင်အထက်ပြုခြင်း သို့မဟုတ် ဘေးအန္တရာယ်ဖြစ်စေခြင်းပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ 

၁၇။ မည်သူမဆို ဤဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာသို့ အသိပေးတင်ပြခြင်း မရှိဘဲ ငြိမ်းချမ်းစွာစုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထပ်မံကျူးလွန်ပါက တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၁၈။ မည်သူမဆို ပုဒ်မ ၇၊ ပုဒ်မ ၈၊ ပုဒ်မ ၉ နှင့် ပုဒ်မ ၁၀ တို့ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်တစ်သောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ 

အခန်း(၈)

အထွေထွေ

၁၉။ ဤဥပဒေအရ အရေးယူသော ပြစ်မှုကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုအဖြစ် သတ်မှတ် သည်။

၂၀။ မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ခုခုကို ဖောက်ဖျက်ကျူးလွန်ပါက ထိုသူကို သက်ဆိုင်ရာ တရားရုံးသို့ ၁၅ ရက်အတွင်း တရားစွဲဆိုတင်ပို့ရမည်။

၂၁။ ဤဥပဒေအရ တရားစွဲဆိုရာတွင် ဆက်စပ်မြို့နယ်များပါဝင်နေပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်းဖြစ်လျှင် ပြစ်မှုကို စတင်ဖောက်ဖျက်ကျူးလွန်သည့် မြို့နယ် တရားရုံးကသာ စီရင်ပိုင်ခွင့်ရှိသည်။

၂၂။ နိုင်ငံသားတစ်ဦးချင်းအနေဖြင့် မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်နိုင်ရန်အတွက် ငြိမ်းချမ်းစွာ လှည့်လည်ခြင်းနှင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ခြင်းစသည့် အခွင့်အရေးများကို သုံးစွဲဆောင်ရွက်ရာ၌ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ရမည်။

၂၃။ အကြောင်းအမျိုးမျိုးကြောင့် ငြိမ်းချမ်းစွာစုဝေးခြင်း သို့မဟုတ် စီတန်းလှည့်လည်ခြင်း မပြု လုပ်လိုပါက ၂၄ နာရီအတွင်း သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှူးထံ ပြန်လည်အသိပေးတင်ပြရမည်။

၂၄။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ထဲရေး ဝန်ကြီးဌာနသည် -

(က) နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏  သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ) အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန် နိုင်သည်။

၂၅။ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ (၂၀၁၁ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၅)နှင့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေ(၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၆)တို့ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွနု်ပ်လက်မှတ်ရေးထိုးသည်။

                                                             

(ပုံ) ထင်ကျော်

 နိုင်ငံတော်သမ္မတ

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်