ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ
( ၂၀၁၈ ခုနှစ် ၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ။)
၁၃၇၉ ခုနှစ် ၊ လ ရက်
( ၂၀၁၈ ခုနှစ် ၊ လ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄ ခြေဆင်းကို အောက်ပါအတိုင်း အစားထိုးရမည် -
“၄။ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းအခွင့်အရေး တို့ကို သုံးစွဲဆောင်ရွက်လိုသော နိုင်ငံသားများ သို့မဟုတ် အဖွဲ့အစည်းများသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိသဘောထားဆန္ဒကို ဖော်ပြရန်အလို့ငှာ အောက်ပါအချက်များပါရှိသော အသိပေး တင်ပြချက်ကို သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးထံ ယင်းသို့ဆောင်ရွက်မည့်နေ့မတိုင်မီ အနည်းဆုံး ၄၈ နာရီ ကြိုတင်၍ စာဖြင့် ပေးပို့တင်ပြရမည်။ စီတန်းလှည့်လည်ရာ တွင် ဖြတ်သန်းလိုသည့် မြို့နယ်များရှိပါက သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးများထံ ၄၈ နာရီ ကြိုတင်၍ အသိပေးတင်ပြချက်မိတ္တူကို ပေးပို့ရမည် -”
၃။ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဃ)ကို အောက်ပါအတိုင်း အစားထိုးရမည် -
“(ဃ) ငြိမ်းချမ်းစွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုလုပ် မည့် အစီအစဉ်၊ ခန့်မှန်းလူဦးရေ၊ ခန့်မှန်းကုန်ကျစရိတ်နှင့် ကုန်ကျခံမည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း၊”
၄။ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေအခန်း(၇) ပြစ်မှုနှင့် ပြစ်ဒဏ်များ ခေါင်းစဉ်၏အောက်တွင် ပုဒ်မ ၁၈ အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
“၁၈။ မည်သူမဆို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးတို့ကို ပျက်ပြားစေရန် အကြံ ဖြင့်ဖြစ်စေ၊ ထိုသို့ ပျက်ပြားတန်ရာသော အခြေအနေဖြစ်နိုင်ကြောင်း သိလျက်နှင့် ဖြစ်စေ ငွေ သို့မဟုတ် ပစ္စည်းကိုသော်လည်းကောင်း၊ အခြားနည်းလမ်းတစ်ခုခုကို သော်လည်းကောင်း သုံးစွဲ၍ သူတစ်ဦးဦးအား ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုအောင် လှုံ့ဆော်ခြင်း၊ သွေးဆောင်ခြင်း၊ ဖြားယောင်းခြင်း သို့မဟုတ် တိုက်တွန်းခြင်းကိုပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ”
၅။ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၈၊ ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၂၃၊ ၂၄၊ ၂၅၊ ၂၆၊ ၂၇နှင့် ၂၈ တို့ကို ပုဒ်မ ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၂၃၊ ၂၄၊ ၂၅၊ ၂၆၊ ၂၇၊ ၂၈ နှင့် ၂၉ တို့အဖြစ် ပြန်လည်အမှတ်စဉ်ရမည်။
၆။ ပြန်လည်အမှတ်စဉ်ထားသည့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခြင်းဆိုင်ရာဥပဒေတွင် -
(က) ပုဒ်မ ၂၃ ကို အောက်ပါအတိုင်း အစားထိုးရမည် -
“၂၃။ ပုဒ်မ ၁၉၊ ၂၀၊ ၂၁ နှင့် ၂၂ တို့ကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုအဖြစ် သတ်မှတ်သည်။”
(ခ) ပုဒ်မ ၂၄ ကို အောက်ပါအတိုင်း အစားထိုးရမည် -
“၂၄။ မည်သူမဆို ပုဒ်မ ၁၈ မှအပ ဤဥပဒေပါ ပြစ်မှုတစ်ခုခုကို ဖောက်ဖျက် ကျူးလွန်ပါက ထိုသူကို ပြစ်မှုကျူးလွန်သည့်နေ့မှ ၁၅ ရက်အတွင်း သက်ဆိုင်ရာ တရားရုံးသို့ တရားစွဲဆိုတင်ပို့ရမည်။”
(ဂ) ပုဒ်မ ၂၅ ပါ “ပုဒ်မ ၁၈ နှင့် ၁၉ ” ဆိုသည့်စကားရပ်ကို “ ပုဒ်မ ၁၉ နှင့် ၂၀ ” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်